”အစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်မှု နဲ့ တရားစွဲ ခံထားရသူတွေကို ရုံးထုတ်”

”အစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်မှု နဲ့ တရားစွဲ ခံထားရသူတွေကို ရုံးထုတ်”
September 20, 2017 Asian Fame

3:58 pm
”အစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်မှု နဲ့ တရားစွဲ ခံထားရသူတွေကို ရုံးထုတ်”

mdy1(မန္တလေး၊စက်တင်ဘာ၂၀)

အစိုးရဖြုတ်ချရေး သပိတ်စခန်း ဦးဆောင်သူတွေလို့ စွဲချက်နဲ့ တရားစွဲခံထား ရသူတွေကို ဒီနေ့မနက်ပိုင်းက မန္တလေး ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာမှာ တရားလိုဘက်က သက်သေ လွဲမှားခဲ့တာကြောင့် အမှုဆက်လက်မစစ်ဆေးနိုင်ခဲ့ပါဘူး။

“သူတို့ဘက်က သက်သေအဖြစ် စီဒီပြားတင်တယ်၊ တင်တဲ့ စီဒီပြားက တင်ချင်တဲ့ အကြောင်းအရာ မဟုတ်တော့ အမှုမစစ်ဖြစ်ဘူး၊ နောက်တစ်ကြိမ်ရုံးချိန်း မှာတော့ မူရင်းစီဒီပြားပြန်တင်ပါဆိုပြီး နောက်တစ်ပတ်ပြန်ချိန်းလိုက်တာပါ” လို့ သံဃာတွေဘက်က အထက်တန်းရှေ့နေဦးဝင်းကြည်ကပြောပါတယ်။

ဖမ်းဆီး တရားစွဲခံသံဃာ ၆ ပါး နဲ့ အမျိုးသားရေး လှုပ်ရှားသူ ဦးကျော်မျိုးရွှေ တို့ကို စတုတ္ထအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တာပဲဖြစ်ပြီး ဒီနေ့ရုံးထုတ် စစ်ဆေးမှုမှာ တရားလိုဖြစ်သူ မန္တလေးခရိုင် သာသနာရေး ဦးစီးမှူးအား သံဃာ ၆ ပါးကိစ္စအတွက် စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

mdy2

သံဃာ ၆ ပါးအမှု မစစ်ဆေးနိုင်ခဲ့သလို ဦးကျော်မျိုးရွှေ အပေါ်စွဲထားတဲ့အမှု နဲ့ပတ်သက်လို့လည်း ဦးကျော်မျိုးရွှေ အနေနဲ့ ခရိုင် တရားရုံးမှာ အာမခံလျှောက် ထားတဲ့ကိစ္စ မပြီးပြတ်သေးတာတာကြောင့် နောက်တစ်ကြိမ် ရုံးချိန်းထပ်မံချိန်းဆိုထားရပြန်တယ်လို့လည်း
သိရပါတယ်။

“ဦးကျော်မျိုးရွှေတစ်ယောက်ပဲရုံးရောက်သေးပါ၊ သူက အာမခံတင်တာမှာ အာမခံပေးလို့မရတဲ့အမှုဖြစ်နေတော့ တရားရုံးကအာမခံမပေးတာကို သူက ခရိုင်တရား ရုံးတက်လျှောက်ထားပါတယ်၊ သူ့အမှုတွဲနဲ့ပတ်သက်လို့တော့ ခရိုင်တရားရုံး ကနေ အမှုတွဲပြန်ရောက်တဲ့အထိစောင့်ရမှာပါ” လို့ ချမ်းမြသာ စည်မြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းကပြောပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် သာသနာ ၂၅၀၀ ဗိမာန်မှာ အစိုးရဖြုတ်ချရေး သပိတ် စခန်းဖွင့်တောင်းဆိုနေကြတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေကို သြဂုတ် ၅ ရက်မနက် ၂ နာရီခန့်က ရဲတပ်ဖွဲ့ပူးပေါင်း အဖွဲ့တွေက ဖြိုခွင်းလိုက်တာ ကနေစခဲ့တဲ့ ဒီတရားစွဲဆိုထားမှုမှာ သံဃာ ၈ ပါးအား မန္တလေးခရိုင် သာသနာရေးဦးစီးဌာနက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့သလို ဦးကျော်မျိုးရွှေပါ လူပုဂ္ဂိုလ် ၅ ဦး အားလည်း မြို့နယ်အုပ် ချုပ်ရေးဦးစီးဌာနက တရားလို လုပ်တရားစွဲထားတာပါ။

mdy3

သံဃာ ၈ ပါးအနက် ၂ ပါးလွတ်မြောက်နေ သလို လူပုဂ္ဂိုလ် ၅ ဦးအနက် ၄ ဦး လွတ်မြောက်နေတာမှာ လွတ်မြောက် သံဃာ ၂ ပါး နဲ့ လူပုဂ္ဂိုလ် ၄ ဦးတို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဝရမ်း ထုတ်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ကြိမ် ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၈ ရက်မှာ ထပ်မံ ချိန်းဆိုထားပြီး အဲဒီနေ့မှာ တရားလို ခရိုင်သာသနာရေးဦးစီးမှူးကိုပဲဆက်လက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ တရားရုံးပြန်ကြားရေးအရာရှိဦးကျော်စွာလင်းကပြောပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*