တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ဖမ်းဆီး ဒဏ်ရိုက်ထောင်ချမယ့် ဥပဒေ ကျင့်သုံးခြင်းကို ထိုင်းအစိုးရက ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေး

တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ဖမ်းဆီး ဒဏ်ရိုက်ထောင်ချမယ့် ဥပဒေ ကျင့်သုံးခြင်းကို ထိုင်းအစိုးရက ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေး
June 30, 2017 Asian Fame

4:47 pm
တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ဖမ်းဆီး ဒဏ်ရိုက်ထောင်ချမယ့် ဥပဒေ ကျင့်သုံးခြင်းကို ထိုင်းအစိုးရက ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေး
1

မြ၀တီမြို့ ၉၉၉ ဂိတ်မှ မြန်မာနိုင်ငံတွင်းပြန်လာသော ရွှေ့ပြောင်းလုပ်သားများ

( ရန်ကုန်၊ ဇွန် ၃၀) 

ထိုင်းရောက်နိုင်ငံခြားသား အလုပ်သမားများ အတွက် စီမံခန့်ခွဲခြင်း ဆိုင်ရာ ဥပဒေ ကျင့်သုံးခြင်းကို ရက်ပေါင်း ၁၂၀ တိတိ ထိုင်း အစိုးရက ခေတ္တဆိုင်းငံ့ ပေးလိုက်တယ် လို့ သိရပါတယ်။  ” နိုင်ငံခြားသား အလုပ်သမားများ၏ အလုပ်တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ” စီမံချက်အရ ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင် လုပ်ကိုင်သူ အလုပ်သမားတွေအပေါ် ဒဏ်ငွေ ဘတ် လေးသိန်းအထိ ဒဏ်ရိုက်မယ့် ကိစ္စ ၊ထောင်ချမယ့် ကိစ္စတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ထိုင်းအစိုးရကကြေညာခဲ့ပါတယ်။

ဒီအတွက် ထိုင်းကိုရောက်ရှိနေတဲ့ တရားမ၀င်မြန်မာ လုပ်သားတွေဟာ ရရာ နည်းလမ်းနဲ့ မြန်မာပြည်ထဲ ကို ပြန်လည် ၀င်ရောက် လာခဲ့ပါတယ်။  လက်ရှိအချိန်ထိ ဆိုရင် မြန်မာပြည်ပြန်လာတဲ့ အလုပ်သမား အရေးအတွက် ခန့်မှန်း သုံးထောင်ကျော် ရှိပြီလို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ဥက္ကဌ ဦးစိန်ဌေးက ပြောပါတယ်။  ဒီကိစ္စတွေဖြစ်ပြီး ရက်ပိုင်းအတွင်း မှာပဲ ထိုင်းအစိုးရ က ပြဌာန်းထားတဲ့ ဥပဒေကို ရက်ပေါင်း ၁၂၀ တိတိဆိုင်းငံ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

“လျှော့ပေါ့ ဆိုင်းငံ့ တယ်ဆို ပိုမှန်လိမ့်မယ်။ ရုပ်သိမ်းတာမဟုတ်ဘူး” လို့ ဦးစိန်ဌေးက ဆိုပါတယ်။  ဒီ ဆိုင်းငံ့တဲ့အမိန့်ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။  အခုလို ဥပဒေကို ခေတ္တ ဆိုင်းငံ့လိုက်တာ နဲ့ပတ်သတ်ပြီး မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ် MOEAF ရဲ့ ထိုင်းအေဂျင်စီ ခေါင်းဆောင်ဦးမြင့်ကျော် က အခုလိုပြောပါတယ်။

“အဓိကက SME အသေးစား လုပ်ငန်းတွေအတွက် လို့ကြားတယ်။ လုပ်ငန်း အသေးတွေက အလုပ်သမားတွေ ချက်ချင်း မရှိတော့ဘူး ဆိုရင် အခက်အခဲတွေ ဖြစ်မှာ” လို့ သူကဆိုပါတယ်။  မြန်မာနိုင်ငံကနေ အလုပ်သွား လုပ်တဲ့ပြည်ပနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ သွားရောက် လုပ်ကိုင်မှု အများဆုံးနိုင်ငံ လည်းဖြစ်ပါတယ်။ အလားတူ တရားမ၀င် သွားရောက် လုပ်ကိုင်မှုလည်း အများဆုံးဖြစ်ပါတယ်။  လက်ရှိမှာ ထိုင်းနိုင်ငံ အစိုးရနဲ့မြန်မာ အလုပ်သမား ၀န်ကြီးဌာနကြား အစည်းအဝေး တစ်ရပ်ကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။  ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ထိုင်းရောက် မြန်မာလုပ်သားတွေ အရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းက မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီးနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီလို စည်းမျဉ်း စည်းကမ်းပြောင်းလဲ အမှုအတွက် အချိန် အတိုင်းအတာ တစ်ခုပေးဖို့ မေတ္တာ ရပ်ခံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မြ၀တီကနေ မြန်မာနိုင်ငံထဲ ပြန်လည် ၀င်ရောက်လာနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို အရပ်ဘက် ပရဟိတ အဖွဲ့အစည်းတွေ က နေရပ်ဒေသပြန်နိုင်ရေး ကူညီနေတယ်လို့ သိရပါတယ်။

ရဲလွင်

Photo- မြ၀တီမြို့ ၉၉၉ ဂိတ်မှ မြန်မာနိုင်ငံတွင်းပြန်လာသော ရွှေ့ပြောင်းလုပ်သားများ

Credit- Zin Moe Facebook

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*