4:00 pm
ရန်ကုန်၊ဇွန် ၂၅
မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးခြင်းမပြုဘဲ ထိရောက်သောကုသမှုနှင့် လူမှုအသိုက်အဝန်းထဲဝင်ဆန့်အောင်ပြုလုပ်ပေးသင့်သည်ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲသူများကွန်ရက်(NDNM)ဥက္ကဌ ကိုကျော်သူကပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၅၀၀၀၀ယောက်ရှိပြီး ဘိန်းဖြူထိုးသူ ၇၅၀၀၀ယောက်ရှိသည်ဟု အစိုးရစစ်တမ်းများအရသိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေး စခန်း ၄၆ခုသာရှိပြီး မက်ဒရုန်း(သို့)မူးယစ်ဆေးဝါး အစားထိုးပစ္စည်း တိုက်ကျွေးခြင်းခံရသူသည် တစ်သောင်းနှစ်ထောင်သာရှိသောကြောင့် နိုင်ငံတော်တွင် ပြန်လည်ထူထောင်ရေးစခန်း နှင့်ဆေးလိုအပ်ချက် ၇ပုံ၁ပုံသာရှိသည်ဟု ကိုကျော်သူကပြောသည်။
“တကယ်တော့ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတာ စိတ်ရဲ့ အစွဲတစ်ခုပဲ။အဲ့လိုမျိုးသုံးစွဲသူတွေကို မဖမ်းသင့်ဘူး။ဆေးမသုံးစွဲတော့အောင် ကုသပေးရမယ်။ဆေးလိပ်သောက်သူတွေ တီဗွီဂိမ်းကစားတဲ့သူတွေလဲ သုံးစွဲသူတွေပဲ။မူးယစ်ဆေးဝါးသုံးစွဲဖို့ ငွေလိုတဲ့အခါ ဒုစရိုက်မှုတွေ ဖြစ်လာရတယ်။ဒါတွေဟာ နောက်ဆက်တွဲ အကျိုးရလဒ်တွေ။အဲ့လိုလူတွေကိုတော့ တည်ဆဲဥပဒေနဲ့ အရေးယူမယ်။”ဟု ကိုကျော်သူကပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အကျဉ်းထောင်သို့ နှစ်စဉ် တစ်သောင်းကျော် ဖမ်းဆီးခံရပြီး နှစ်ကြီး အကျဉ်းသမားအဖြစ် ပြစ်ဒဏ်ချခံရနေသည်။
“ဆေးသုံးလို့ အဖမ်းခံရတဲ့အခါ နှစ်အကြာကြီးထောင်ချခံရမယ်။အစိုးရအနေနဲ့လည်း ဘတ်ဂျက်ကုန်တယ်။ပြန်ထွက်လာတဲ့အခါ လူတောမတိုးတော့ပဲ ဆေးပွဲစားလုပ်မယ်။ကိုယ်တိုင် လက်သေးဖြန့်မယ်။တဖြည်းဖြည်းနဲ့ လက်ကြီးဖြန့်လာမယ်။တောခိုပြီးဘိန်းစိုက်မယ်။ပြီးရင်သူပုန်ဖြစ်လာမယ်။ကိုယ်တိုင်ကြုံဖူးတယ်။”ဟု ကိုကျော်သူကပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများသည်ဆေးဖြတ်ရန် ကျိုးစားအားထုတ်မှုနည်းခြင်းကြောင့် ဆေးစွဲရသည်မဟုတ်ပဲ ဆန္ဒအလျောက် ကုသမှုခံယူခြင်းနှင့် ပြန်လည်ထူထောင်ေ ရး ဝန်ဆောင်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဖော်ပြသည်။
သီဟ