“Rambo 4” ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် စတားလုံးနှင့် အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ABSDF မှ ရဲဘော်မင်းဌေး ကို ပြန်လွှတ်ပေးသင့်ကြောင်း ဥက္ကဌ ရဲဘော်သံခဲပြော

“Rambo 4” ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် စတားလုံးနှင့် အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ABSDF မှ ရဲဘော်မင်းဌေး ကို ပြန်လွှတ်ပေးသင့်ကြောင်း ဥက္ကဌ ရဲဘော်သံခဲပြော
May 31, 2017 Asian Fame

10:53 am
“Rambo 4” ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် စတားလုံးနှင့် အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ABSDF မှ ရဲဘော်မင်းဌေး ကို ပြန်လွှတ်ပေးသင့်ကြောင်း ဥက္ကဌ ရဲဘော်သံခဲပြော
Ye-Baw-Min-Htay(နေပြည်တော်၊ မေ ၃၀)

ကျောင်းသား တပ်မတော် ABSDF မှ ရဲဘော်မင်းဌေး ကို မလွှဲမသွေ ပြန်လည် လွှတ်ပေးသင့်ကြောင်း ABSDF ဥက္ကဌ ရဲဘော်သံခဲ က ပြောသည်။

မေလ ၂၉ ရက်နေ့က နေပြည်တော်၌ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ပိတ်ပွဲ အခမ်းအနား တွင် ၎င်းက မီဒီယာသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအချိန် သည် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိရှိ နဲ့နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနေသည့်ချိန်မျိုးဝယ် မိမိတို့ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ရဲဘော် တစ်ယောက်ကို ဖမ်းဆီးထားသည့် အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ဥက္ကဌ ရဲဘော်သံခဲက ပြောသည်။
Ye-Baw-Than-Htay2
“အမြန်ဆုံး လွှတ်ပေးသင့်ပြီ” ဟု ၎င်းက ဆိုသည်။
ယင်းအတွက် လည်း ABSDF အနေဖြင့် ရဲဘော်မင်းဌေး ပြန်လည် လွှတ်မြောက်ရန် အတက်နိုင်ဆုံး ကြိုးစားနေကြောင်း ဆိုသည်။

ယခု ကျင်းပပြီးစီး သွားသည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးအတွက် ABSDF သို့ ဖိတ်စာ ပို့ရာတွင် ဖမ်းဆီးခံ ထားရသော ရဲဘော် မင်းဌေး၏ အမည်နာမ ကို တပ် ၍ ဖိတ်ကြားခဲ့သည်။

ယင်းအပေါ် တွင် ဝေဖန်မှတ်ချက်ပြုမှု များပေါ်ပေါက်ခဲ့ခြင်းနှင့်ပတ်သက်၍ ABSDF ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရဲဘော် ဆလိုင်းယောအောင် က “ရဲဘော် မင်းဌေးက ကျွန်တော်တို့ ABSDF ရဲ့ ညီလာခံကိုယ်စားလှယ်ပါ။ ဒါကြောင့် ညီလာခံဖိတ်စာမှာ သူ့နာမည်တပ်ပြီး ဖိတ်တာဖြစ်ပါတယ်။ လွတ်တာကမလွတ်သေးပါဘူး။ လာမယ့် ၁ ရက်နေ့မှာ သူ့ရုံးချိန်းရှိပါတယ်” ဟု ပြောသည်။

ABSDF ၏ ဗဟိုကော်မတီဝင်၊ မကဒတ(မြောက်ပိုင်း) ကော်မတီဝင်ရဲဘော်မင်းဌေးသည် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လိုင်ဇာသို့ အပြန်၌ ဗန်းမော်မှလွယ်ဂျယ် သို့အသွား စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ အရ ဗန်းမော် မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၂၁ က တရားလို ပြုလုပ်၍ အမှုဖွင့် ထားခြင်းဖြစ်သည်။ ရဲဘော်မင်းဌေး ကို လက်ရှိတွင် ဗန်းမော် အကျဉ်းထောင်တွင် ဖမ်းဆီးထားလျက်ရှိသည်။

ရဲဘော်မင်းဌေးသည် “Rambo 4” ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် စတားလုံးနှင့် အတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။
ယင်းဇာတ်ကားနှင့်ပတ်သတ်၍ တပ်မတော်ကို သိက္ခာကျစေသည်ဟု ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်နေ့ က ပြုလုပ်သော ရဲဘော်မင်းဌေး၏ ရုံးထုတ်တွင် တရားလိုပြသက်သေ တပ်မတော် အရာရှိ တဦးက ပြောခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကျောင်းသား တပ်မတော်သည် NCA စာချုပ်ကို လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ပယ်ဖျက်ခြင်းခံထားရသော တပ်ဖွဲ့ဖြစ်သည်။ ABSDF နှင့်အတူ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့စဉ်က ၎င်း၈ဖွဲ့မှ ဖမ်းဆီးထားသူ အသီးသီးကို အစိုးရက ပြန် လည်လွတ်ပေးခဲ့သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*