11:31 am
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ”ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားအစု အဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါ တယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံမှာ ပါဝင်လိုက်ကြပါ။ ပြည်သူ ပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက် ပီတိ ဖြစ်ကြမလဲဆိုတာ စဉ်းစား ကြပါ” ဟု ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပသော နှစ် ၇ဝ မြောက်ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်းတွင် ပြောဆိုတိုက်တွန်းခဲ့ပါသည်။ ထို့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူငယ်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင်လည်း ”ယုံကြည်မှု” ဆိုသည့် စကားလုံးကို ထပ်တလဲလဲ ပြောဆိုသုံးနှုန်းခဲ့ပါသည်။
မှန်ပါသည်။ ပြောဆိုသုံးနှုန်းသင့်ပါသည်။ ယုံကြည်မှု မရှိလျှင် ရှေ့သို့ မည်သို့မျှ ဆက်၍မရ။ အ ကျိုးလည်းမရှိ။ အချည်းအနှီးပင် ဖြစ်လိမ့်မည်။ ယုံကြည်မှုသည် အဓိကအကျဆုံးပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ သိကြပေလိမ့်မည်။ သဗ္ဗညုတဥာဏ်ရှင် ဗုဒ္ဓ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားတော်၏ အနှစ်ပိုင်းမှာလည်း ထိုနည်းပင်ဖြစ်ပေသည်။ ဗုဒ္ဓတရားတော်၏ အန္တိမ ရည်မှန်း ချက်မှာ နိဗ္ဗာန်ပင်ဖြစ်၏။ သေခြင်း ကင်းရာ ဘဝလွတ်မြောက်ကြောင်း ဝိမုတ္တိ ငြိမ်းအေးခြင်း၊ ထာဝရငြိမ်းချမ်းခြင်း ရရှိနိုင်ရန်အတွက် ကျင့် ကြံကြိုးကုတ်အားထုတ်ရာတွင် ဦးစွာ ပထမအဓိကအကျဆုံးမှာ ယုံကြည် မှု(သဒ္ဓါ)ပင် ဖြစ်ကြောင်း မြတ်စွာ ဘုရားက အတိအလင်းဟောဖေါ် ညွှန်ပြခဲ့ပေသည်။
လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုတွင် သဒ္ဓါသည် မရှိမဖြစ်လိုအပ်ပါသည်။ သဒ္ဓါမရှိလျှင် ဝိစိကိစ္ဆာ ဝင်လာပါ မည်။ ဝိစိကိစ္ဆာရှိနေလျှင် ဘာလုပ် လုပ်မထူးတော့ပြီ။ ဝိစိကိစ္ဆာဟူသည့် သံသယစိတ်ဖြင့် ယုံကြည်မှုကင်းမဲ့လျှင် တရားအလုပ်မှာ ပင်ပန်းခြင်းသာအဖတ်တင်မည်။ ဘာမှထူးခြားလာမည်မဟုတ်။ လုပ်မထူးပင်ဖြစ် တော့မည်။ အထူး သတိထားစရာပင်ဖြစ်သည်။ တရားတော်မှာ ဗိုလ် ၅ ဗိုလ် ဟု ဖော်ပြပါရှိပါသည်။ ၎င်းတို့မှာ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တို့ပင်ဖြစ်သည်။ သဒ္ဓါ = ယုံကြည်မှုမရှိလျှင်၊ သဒ္ဓါကင်းမဲ့ပြီး တရားအားထုတ် ခြင်းကိစ္စကို ဆောင်ရွက်လျှင် မရပ် မနား ဝီရိယထား၊ သတိထားပြီး ကျင့်ကြံပါစေ သမာဓိ၊ ပညာ ရ လာနိုင်မည် မဟုတ်ပေ။ ပင်ပန်းခြင်းသာ အဖတ်တင်မည်။ လိုချင်သည့် ဖြစ်ချင်သည့် ငြိမ်းချမ်းခြင်းကိုရရှိ နိုင်မည်မဟုတ်ပေ။ ပို၍ ပို၍ပင် ဝေးသွားပေမည်။ မရနိုင်၊ မရောက် နိုင်ပါ။ သတိထားသင့်ပေသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အကြိမ်ကြိမ် သုံးနှုန်း ပြောဆိုသည့် ”ယုံကြည်မှု” စကားသံ ကြောင့် ၂၅ နှစ်ကြာ သတိလစ်မေ့ မြော အိပ်မောကျနေသည့် ကျွန် တော်၏ ကိုယ်တွေ့ဖြစ်စဉ်တစ်ခုဖြင့် နှိုင်းယှဉ်ဖော်ပြအပ်ပေသည်။ ”ယုံကြည်မှု” ကဏ္ဍပင်ဖြစ်၏ ယုံကြည်မှုကို မတည်ဆောက်နိုင် ခဲ့သဖြင့် ကျွန်တော်သည် ဘဝအ ချိုးအကွေ့တစ်ခုတွင် မထင်မှတ်ဘဲ ချောက်ထဲကျခဲ့ပါသည်။ ရင်နာစရာပင်ဖြစ်၏။ ကံကံ၏ အကျိုးဟု ဖြေသိမ့်ခဲ့ပါသည်။
၎င်းဖြစ်ရပ်မှန်ကို ဝတ္ထုအသွင် ဖန်တီးပြီး ပြိုင်ပွဲဝင်ခဲ့ပါသည်။ ကံကောင်းသည်ဟု ဆိုရပေမည်။ ထိုဝတ္ထုသည်နှစ် ၅ဝ ပြည့် တပ်မတော် နေ့ ရွှေရတုမှာ ဝတ္ထုရှည်ဒုတိယဆု ရခဲ့ပါသည်။ ဝတ္ထုအမည်မှာ ”စစ် ထွက် ယောက်ျား” ပင် ဖြစ်သည်။ ဆုရသောကြောင့် စာအုပ်အဖြစ် ထုတ်ဝေပေးခဲ့ပါသေးသည်။ ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ မာနယ်ပလောဒေသ၊ ၁၃ ရက်တိ တိ အစာငတ်ခဲ့သည်။ ထမင်းငတ် ရုံဟု မထင်လိုက်ပါနှင့် တကယ့်ကို ဘာမှ စားစရာမရှိပင် ဖြစ်သည်။ ငှက်ပျောအူနှင့် ရေ နှစ်မျိုးတည်း နှင့် အသက်ဆက်ခဲ့ရပါသည်။ ငှက်ပျောအူကိုလည်း ၃ ရက်ခန့် သာ စားနိုင်ပါသည်။ ကျန်ရက် များမှာ စားချင်စိတ် မရှိတော့ပါ။ ရေတစ်မျိုးတည်းကိုသာ အသက်ဆက်ရန်အတွက် မှီဝဲခဲ့ရသည်။ အစာငတ်ခြင်း တစ်ခုတည်း မဟုတ်ပါ။ ကေအန်ယူ အဖွဲ့အစည်းကြားမှာ အသက်လု ပြေးလွှားနေရပါသေးသည်။ စဉ်းစားမိတိုင်း ယခုတိုင်ကျော ချမ်းနေမိသည်။ အစာမရှိ၊ ရေကို သာ သောက်၊ ရေကိုသာ စားပြီး မနေမနား ပြေးနေရသည်။ မပြေး ၍မဖြစ်၊ နောက်ကညာသံပေးပြီး လိုက်နေကြသည်။ ရှေ့ကလည်း ဝိုင်းဝန်းပိတ်ဆို့၊ ဘေးကလည်း ပိုင်း ဖြတ် ပစ်ခတ် ဖမ်းဆီးရန်ကြိုးစား နေကြသည့် အဖွဲ့တွေကို ရှောင်လွှဲ ပြေးလွှားခဲ့ရသည့် ဒုက္ခ။
ကံကောင်းစွာဖြင့် ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်သည့်ရန်က လွတ် မြောက်ခဲ့ပါသည်။ သို့သော် မိမိ တပ်နား ရောက်သည့်အခါ ကံဆိုး စွာဖြင့် ကျွန်တော့်ကို ရန်သူဟု ထင်မှတ်ပြီး ဂျီ ၄ သေနတ်ဖြင့် ကျည်တစ်ကတ်ကုန်အောင် ပစ်ခတ်ခံရ ပြန်သည်။ ဒုက္ခနော်၊ ဒုက္ခ။ ဒီ ကောင်တစ်ကောင်တည်း မပါလာ တတ်ပါ။ အဖော်တွေနဲ့လာ တတ် ပါသည်။ ကျွန်တော်ကပဲ အရှောင်ကောင်းလို့လား၊ သေနတ်သမားကပဲ လက်မဖြောင့်၍လား မပြောတတ်တော့ပါ။ တစ်ချက်မျှ မထိပါ။ ဤသို့ပင် ဒဏ်ရာမရှိ ပကတိကိုယ် နှင့်ပင်တပ်စခန်းသို့ ပြန်ရောက်ခဲ့ ပါသည်။ Survival ပေါ့ဗျာ။ ပျော် လိုက်သည့်အပျော်။ ဘာနှင့်မျှမတူ။ ပြောမပြနိုင်အောင် ပျော်ခဲ့ပါသည်။
သို့သော် Survival ဆိုပြီး အသိအမှတ်ပြုမခံခဲ့ရပါ။ ကေအန်ယူအဖွဲ့က ကျွန်တော် သူတို့ထံ လက်နက်ချခဲ့သည်ဟု မုသားသုံးပြီး ဆက် သွယ်ရေးစက်တွင် ပြောဆိုခဲ့သည်။ ထိုနည်းတူပင် ပြည်ပသတင်းဌာန တစ်ခုကလည်း ကျွန်တော့်အမည်ပါ ထပ်ဆင့် ဖော်ပြသတင်းလွှင့် ပေးခဲ့သည်။ ကျွန်တော့်ကို အထက်က မယုံတော့ပါ။ ကျွန်တော့်ဘဝ အမှောင်ကျခဲ့သည်။ ယုံကြည်မှုကင်းမဲ့ကုန်ပြီ။ ယုံကြည်မှုသည် ဘဝတွင် အလွန်အရေးကြီးသည်။ ထို့ ကြောင့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်သည် အထူးအလေးထားပြီး ယုံကြည်မှုကို တည်ဆောက်ကြရန် တိုက်တွန်းနေခြင်း ဖြစ်ပါသည်။ ယုံကြည်မှုရှိကြသဖြင့် ပြုံးလျက် နှုတ်ဆက်နေကြသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအန်ယူဥက္ကဋ္ဌ စောမူးတူးစေးဖောတို့၏ ဓာတ်ပုံများမှာ မြင်သူတကာကို ဝမ်းသာ ကြည်နူးစေပါသည်။ ထိုဓာတ်ပုံကို ကျွန်တော် ကြည့်၍မဝ ဖြစ်ခဲ့ပါသည်။
၎င်းဓာတ်ပုံကို ကြည့်ရင်း ကျွန်တော်သည် ”အစက ဒီလိုသာဖြစ်ခဲ့ ကြရင် ငါ့ဘဝ ဒီလိုဖြစ်မှာ မဟုတ်ဘူး” ဟု ပုထုဇဉ်တို့၏ သဘောအတိုင်း ကိုယ့်ဘက် ကိုယ်ဆွဲပြီး တွေးမိခဲ့ပါသည်။ အမှန်မှာ စစ်ထွက်ယောက်ျားသည် ကမ်းနားသစ်ပင်ပင်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် ယုံကြည်မှုကို တည်ဆောက်ကြပါလို့ အထူးတိုက်တွန်း အပ်ပါသည်။ နိုင်ငံတော်တိုးတက်ရေးအတွက် ယုံကြည်မှုသည် မဖြစ်မနေ လိုအပ်နေသောအချိန်ပင် ဖြစ်ပေသည်။ ဘဝ ငြိမ်းချမ်းရေးအတွက် တရားတော်အပေါ်မှာ သဒ္ဓါဆို သည့် ယုံကြည်မှုကို လက်ကိုင်ထား လျက် နီဝရဏ (၅) ပါးကင်းစွာဖြင့် သတိပဋ္ဌာန်တရား ၄ ပါးကို စိတ်မှာ အခြေစိုက်ပြီး ဗောဇ္ဈင် ၇ ပါး တရားဖြင့် ပွားများအားထုတ်ကြိုးကုတ်နိုင်ကြပါစေ။
မင်းဥာဏ်ရှိန်