ကိုရီးယားအိပ်မက် ဘ၀မပျက်စေချင်

ကိုရီးယားအိပ်မက် ဘ၀မပျက်စေချင်
February 2, 2017 Asian Fame

3:47 pm
ကိုရီးယားအိပ်မက် ဘ၀မပျက်စေချင်

koreaကလေးမြို့တွင် ကိုရီးယား သွားချင်သည့်သူများကို လိုက်လံ စုဆောင်းနေသည့် ဆိုသည့် သတင်း ကြားကတည်းက ငြိမ်သက်နေသော သူ့စိတ်တွေ တစ်ဖန်ပြန်လည် လှုပ် ရှားလာခဲ့သည်။ တစ်နည်းအားဖြင့် သူ့အတွက် အဟောင်းများက အ သစ်ဖြစ်လာခြင်းဟု ဆိုလျှင် လည်း ရသည်။ ဒီသတင်းကြားတော့ ၂ဝ၁၆ တစ်နှစ်လုံး သူတို့မိသားစု ဒုက္ခရောက် ခဲ့ပုံတွေ ပြန်လည်မြင် ယောင်လာသည်။ ငိုတဲ့သူက ငို၊ ဒေါသ ထွက်သူကထွက်၊ ဘဝပျက် သူကပျက်။ အခုမှ သူ့ဘဝကို အစ ကပြန်စရန် ကြိုးစားနေချိန် ဖြစ် သည်။ ဒီလိုသတင်းမျိုး သူကြား ရ ပြန်လေပြီ။

”ကျွန်တော် တို့ကတော့ အိမ် လည်း ပြုတ်ပြီ။ ဦးလေးကလည်း လိမ်လည်မှု၊ လူကုန်ကူးမှုတို့နဲ့ တရား ရင်ဆိုင်နေရတယ်။ အကြွေး တွေက လည်း ပတ်ချာလည် ဝိုင်းနေ တယ်” ဟုအသက် ၂၆ နှစ်အရွယ် ကိုမင်းသူကပြောသည်။

ကိုရီးယားကို လွယ်လွယ် သွားရမယ်ဆိုလို့  

သာယာဝတီတွင် နေထိုင် သော ကိုမင်းသူတို့ မိသားစုသည် ကိုရီယား အိပ်မက်အတွက် ဘဝကို ပေးဆပ်လိုက်ကြရသူများ ဖြစ်သည်။ ရိုးသားသော၊ ယုံလွယ်သော သူတို့ မိသားစုကို ကိုရီးယားမှ ပြန်လာ သည်ဆိုသည့် အမျိုးသမီး တစ် ယောက်က လိမ်လည်သွားခြင်းဖြစ် သည်။ လိမ်လည်ခံ ရသူများတွင် သူတို့ မိသားစုနှင့် အတူ ဆွေမျိုးမ ကင်းသူများ၊ သူငယ်ချင်း မိတ် ဆွေများ ပါဝင်ခဲ့သည်။ တိတိကျကျ ဆိုရလျှင် စုစုပေါင်း ၁၈ ယောက်၊ အောင်လံ၊ အုတ်ဖို၊ သာယာဝတီမှ ကိုရီးယား သွားလိုသူများထံမှ စုစု ပေါင်း ငွေကျပ် သိန်း ၈ဝဝ နီးပါး လိမ်လည်ခဲ့ခြင်း ဖြစ်သည်။

ကိုရီးယားမှ ပြန်လာသည်ဆို သည့် အဆိုပါအမျိုးသမီးနှင့် ခရမ်း သုံးခွရှိ ဘုန်းကြီးကျောင်းတစ် ကျောင်းတွင် စတင်ချိတ်ဆက် မိခဲ့ ခြင်းဖြစ်ကြောင်း ကိုမင်းသူက ပြန် ပြောပြသည်။ အဒေါ်၏ ယောက်ျား ဖြစ်သူ(ဦးလေး) က ဘုန်းကြီးကျောင်း တွင် ကားမောင်းသူ၊ အဆိုပါ အ မျိုးသမီးက ဘုန်းကြီးကျောင်း တွင် တရားလာထိုင်ရင်း ကိုရီးယားသွား လိုသူများကို သူပို့ပေးမည်ဖြစ် ကြောင်း၊ တစ်လလျှင် ကျပ် ၁၄ သိန်းရမည် ဖြစ်ကြောင်း၊ ဆိုးလ်မြို့ ရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင် ရမည်ဖြစ်ကြောင်း စတင် ဆွယ်သည်။ ထိုအခါ ကိုရီးယား သွားလိုသူ ဆွေမျိုးသားချင်း များကို ဦးလေးဖြစ်သူက ထည့်ပေးသည်။ ငွေမရှိသူများ ကိုလည်း ငွေစိုက်ပေး သည်။ အိမ်ပေါင်၍ ထို အမျိုးသမီး တောင်းသမျှ ငွေများကို ဘဏ်များ မှလွှဲပေးဖြစ်ခဲ့ကြောင်းလည်း ပြော ပြသည်။

”သူက ကိုရီးယားမှာရိုက်ထား တဲ့ဓာတ်ပုံတွေ လည်းပြတယ်၊ ကိုရီး ယားက သူ့သူဌေး က ခေါ်ခိုင်းတယ် ဆိုတော့ ဦးလေးတို့က ယုံကြ တာ ပေါ့။ ငွေတောင်းတော့လည်း နေ ပြည်တော်က ဘယ်ဝန်ကြီး ရုံးကို ဝင်ရမယ်၊ ငွေပေးရမယ် ငွေလွှဲ ပေးပါဦး ဆိုပြီးတောင်းတာ” ဟု ကိုမင်းသူက ၄င်း၏ ဖုန်းထဲမှအဆို ပါအမျိုးသမီးပုံကိုပြ၍ ပြန်ပြောပြ သည်။

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုအမျိုးသမီးနှင့် စတင် ချိတ်ဆက် မိခဲ့ရာ ၂ဝ၁၆ မတ်လအတွင်း ကိုရီး ယားထွက်ရမည်ဟု သူက အယုံ သွင်းခဲ့သည်။ ကိုရီးယားသွားလို သည့် ကိုမင်းသူတို့ အမျိုးများ၊ သူ ငယ်ချင်းများ ကတော့ လူငယ်ပီပီ တက်တက်ကြွကြွ ရှိခဲ့ကြသည်။ ဒီ ဇင်ဘာလမှ ဖေဖော်ဝါရီလအ တွင်း ၄င်းတောင်းသည့် ငွေများကို ဘဏ်မှ လွှဲပေးရင်း ထွက်ရမည့် ရက်ကို စောင့်ခဲ့ကြသည်။

”ကိုရီးယားစကား သင်ပေး မယ်ဆိုပြီး သူပြောတာတွေကို မိတ္တူဆွဲပြီး ကျက်ခိုင်းတယ်။ မင်္ဂ လာပါ၊ စားပြီးပြီလား ဆိုတာမျိုးတွေ ပေါ့။ အဲဒါကလည်း နာရီဝက် လောက်သာ ရှိတာပါ။ ကိုရီးယားနဲ့ ပတ်သက်ပြီး အဲဒါပဲ သင်ပေးခဲ့ တာ”ဟုကိုမင်းသူကပြောသည်။

ယုံအောင်ပြော ပိပိရိရိလိမ်

ဤသို့ဖြင့် ထိုအမျိုးသမီးပြော သည့် ကိုရီးယားသွားမည့် ရက်သည် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ မတ်လ ၉ ရက်တွင် ၁၈ ယောက်စ လုံးသွားရမည်၊ ရန်ကုန်ကို လာခဲ့ ကြရန်ခေါ်သည်။ သူကတော့နှလုံး ရောဂါပြန်ထနေ၍ ထိုင်းသို့ ဆေး သွားကုရမည် ဟု ပြောကြား ခဲ့သည်။ မတ်လ ၉ ရက်နေ့ ရောက်ခါနီးတွင် အဖွဲ့ထဲမှ တစ်ယောက်က မိန်းမခိုး ပြေးသွားခဲ့သဖြင့် သူတို့ ကိုရီးယား ထွက်မည့် ရက် နောက် ဆုတ်သွား ခဲ့သည်။

”တစ်ယောက်က မိန်းမခိုး သွားတော့ သူ့အစား သူ့အဖေက လိုက်ပါမယ်ဆိုပြီး ဝန်ဆောင်ခတွေ ထပ်ပေးခဲ့ရတယ်။ အဲဒီသားအဖ က နှစ်ယောက်စာ ကုန်သွားတာ ပေါ့။ ထွက်မယ့်ရက်လည်း နောက် ဆုတ်သွားတယ်။ သူဌေးကို ပြော ရဦးမယ် ဆိုပြီး သူက ပြောတယ်” ဟု ကိုမင်းသူ က သူ့ဖုန်းထဲမှ တစ်စုံ တစ်ခုကို ရှာဖွေရင်းပြောပြသည်။

ထိုသို့ဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် သူတို့ဘဝကို တစ်စစီပျက်ပြားစေခဲ့သည့် မက်ဆေ့ခ်ျတစ် စောင် Viber မှတစ်ဆင့် ရောက် လာသည်။ ပါလာသည်က စာပိုဒ် တိုလေး တစ်ပိုဒ်မျှသာ၊ သို့သော် ထိုစာပိုဒ်ကြောင့် သူတို့ မျှော်လင့် ချက်တွေ၊ အိပ်မက်တွေ နေ လာ နှင်းကဲ့သို့ ပျောက်ကွယ် ခဲ့ရပြီ ဖြစ် သည်။

”အဲဒီ အမျိုးသမီးဟာ မတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ အတွက် viber က ဆွေမျိုးတွေကို အကြောင်းကြား ပါတယ်ဆိုပြီး မက် ဆေ့ခ်ျပို့လာတယ်၊ အလောင်းပြင် ထားတဲ့ပုံကြီးနဲ့ပေါ့၊ အပေါ်ကလည်း ပန်းတွေ အုပ်ထားတယ်။ ကျွန် တော့် ဦးလေးလည်း ဘုန်းဘုန်းလဲ တော့တာပဲ” ဟု ဖုန်းထဲမှ ထိုအမျိုး သမီးပုံကိုပြရင်း ပြောပြသော ကိုမင်းသူ၏ မျက်နှာတွင် ဝမ်းနည်း မှုတို့ အထင်းသား။

ငွေကြေး ဆုံးရှုံးတဲ့အပြင် တရားပါ အစွဲခံရ

ထိုသို့ မက်ဆေ့ခ်ျပို့လာပြီး နောက် ရဲစခန်းတွင် အမှုသွားဖွင့် ရန် ကိုမင်းသူတို့ မိသားစု ကြိုးစား ခဲ့ကြသေးသည်။ ဘဏ်မှ တစ်ဆင့် ထိုအမျိုးသမီး တောင်းသလောက် လွှဲပေးခဲ့ရသည့် ချလန်များလည်း သူတို့မှာ ရှိသည်။ သို့သော် ထို အမျိုးသမီး ငွေထုတ် သွားပါသည် ဆိုသည့် မူရင်း ချလန်ရမှသာ အမှု ဖွင့်ပေးနိုင်မည်ဟု ရဲစခန်းကဆို သဖြင့် သူတို့လက်လျှော့ခဲ့ရသည်။ ထိုအမျိုးသမီး ငွေထုတ် သွားသည် မှာ မှန်ကန်ကြောင်း ဘဏ်က ထောက်ခံစာ ရေးပေးသော်လည်း မူရင်းစာရွက် ရမှသာ အမှုဖွင့်ပေး မည်ဟု ရဲကဆိုခဲ့သည်။ ထို့ကြောင့် အမှု မဖွင့်နိုင်ခဲ့သော်လည်း ကိုမင်းသူ၏ ဦးလေးကမူ အမှုဖွင့်ခံခဲ့ရ သည်။ လိမ်လည်မှု၊ လူကုန်ကူးမှု တို့ဖြင့် အုတ်ဖို ၊  အောင်လံတို့တွင် အမှုဖွင့် ခံခဲ့ရသည်။

”မတ်လမှာ သွားရတော့မယ်၊ လူတွေကို ခေါ်ထား ဆိုလို့ ဖေဖော် ဝါရီလတစ်လလုံး အဲဒီ ၁၈ ယောက် ကို အိမ်မှာ တင်ကျွေးထားရတာ။ အဲဒီအထဲက တချို့ကပဲ ကျွန်တော့် ဦးလေးကို အမှုပြန်ဖွင့်တာ။ သူတို့ လည်း လယ်ပေါင် နွားပေါင်နဲ့ ပေး လိုက်ရတဲ့ငွေတွေ ဆုံးရှုံး သွားတော့  သူတို့လည်း စိတ်ထိခိုက်မှာပေါ့။ သူတို့ကို အပြစ် မမြင်ပါဘူး”  ဟု ကိုမင်းသူက အဝေးကို ငေး၍ ပြော သည်။

အခုတော့ ဦးလေးလုပ်သူက လည်းအချုပ်ထဲမှာ။ ပေါင်ထား သော သာယာဝတီမှ အိမ်လည်း အပေါင်ဆုံး သွားပြီဖြစ်၍ ဟန်မ ပျက်အောင် ပြန်ငှားနေရသည်။ ညီအစ်ကို သုံးယောက်အတွက် ဝန်ဆောင်ခနှင့် အခြားမရှိသူများ အတွက် စိုက်ပေးထားသော ငွေ သိန်း ၄ဝဝ နီးပါး က ထိုအမျိုးသမီး နှင့်အတူ ပါသွားပြီဖြစ်ရာ ကိုမင်း သူတို့ထံတွင် အကြွေးများသာ ကျန် နေခဲ့သည်။

”ရင်နာဖို့ အကောင်းဆုံးက အဲဒီမိန်းမအိမ် ကိုလာတဲ့ အချိန် မလေးရှားမှာ ၇ နှစ်အလုပ် လုပ် နေတဲ့ ကျွန်တော့် အစ်ကိုက ပြန် လာတာ။ နားတော့မယ်၊ ဒီကျမှစီး ပွားရေး လုပ်မယ်ဆိုပြီး ပြန်လာတာ။ အစ်ကို ဟိုက ပို့ပေးထားတာရော သူပါလာတဲ့ ငွေတွေရော အကုန် ကုန်ပဲ။ ကျွန်တော်ရယ်၊ ကျွန်တော့် ယောက်ဖရယ်၊ ကျွန်တော်တို့ အိမ် က မွေးစားသားရယ် သုံးယောက် သွားဖို့ လုပ်တာ။ သွားချင်ပေ မယ့် ငွေမရှိတဲ့ သူတွေကိုလည်း စိုက်ပေး ထားရသေးတယ်” ဟု ကိုမင်းသူက ပြောသည်။

ထိုအမျိုးသမီး နောက်ကြောင်း ရာဇဝင်၊ နေရပ်လိပ်စာ ဘာမျှမသိ ရပါဘဲ သုံးခွ ဘုန်းကြီးကျောင်း၏ ဒကာရင်း ဆိုသည့် ယုံကြည်ချက် တစ်ခုတည်းဖြင့် သူတို့ပုံအပ်ခဲ့ကြ သည်။ ၄င်းသည် သုံးခွတွင် အိမ် ထောင်ကျ၍ ကလေး တစ်ယောက် ရကာ အိမ်ထောင်ကွဲ သွားသည်ဆို သည်သာ သိခဲ့သည်။ သုံးခွတွင် လည်း သူငယ်ချင်းများ၏ အိမ်တွင် သာ ပတ်နေနေသည် ဆိုသည်က လွဲ၍ ဘာမှမသိရ။ လိမ်လည်ခံရပြီး နောက် ၄င်း၏ မိခင် သီလရှင်ဝတ် နေသည်ဆိုသော သဘာဝတရား ရိပ်သာသို့ လိုက်ခဲ့သော်လည်း လူ နာမည်၊ သီလရှင် ဘွဲ့နာမည် မသိ ၍ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာ သလိုဖြစ်ခဲ့သည်။ သူပေးထား သော ကိုရီးယားဖုန်းကို ဆက်တော့ လည်း ဖုန်းမကိုင်။ နောက်ဆုံး သူ တို့ လက်လျှော့လိုက်ရသည်။

ကိုရီးယားကို အလုပ် သွားလုပ်မယ်ဆို EPS စနစ်နဲ့သွားပါ

ကိုရီးယားသို့ အလုပ်သွားလုပ် လိုသူများ အတွက် နှစ်နိုင်ငံ အစိုးရ သဘောတူညီမှု စာချွန်လွှာထိုး ကာ အလုပ်သမား များသွားရောက် လုပ်ကိုင်စေ လျက် ရှိသည်။ အလုပ် သွား လုပ်လို သူများသည် ကိုရီး ယားဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ရမည် ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူ သာလျှင်  နိုင်ငံခြားသား လုပ်သား ခေါ်ယူမှု စနစ်အရ အလုပ် လျှောက်လွှာတင် ခြင်းကို လုပ်ဆောင်နိုင် မည် ဖြစ် ပြီး တစ်ဖက်မှ အလုပ်ရှင်က ရွေးချယ် ခေါ်ယူခြင်း စနစ်ဖြစ်သည်။

”ကိုရီးယားကို အလုပ်သွား လုပ်ဖို့ဆိုရင် အစိုးရပြည်ပ အလုပ် အကိုင်အေဂျင်စီ ကလုပ်နေတဲ့ လုပ်ငန်းစဉ် ကလွဲလို့ ဘယ်သူမှ လုပ် ပေးလို့ မရပါဘူး ဆိုတာ သတင်းစာ တွေမှာလည်း ထည့်သွင်း ကြေညာ ထားပြီ ဖြစ်ပါတယ်။ တရားဝင်လိုင် စင် ရယူထား တဲ့ အေဂျင်စီတွေ တောင် မရပါဘူး။ အလုပ်သမား ပို့ပေးမယ်ဆိုပြီး လာပြောတဲ့ သူ တွေရှိနေရင် သက်ဆိုင်ရာမြို့နယ် အလုပ်သမား ရုံးတွေမှာ မေးမြန်းစုံ စမ်းကြပါ” ဟု အစိုးရပြည်ပ အ လုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ထို့ပြင် EPS စနစ်အရ ကိုရီး ယား ဘာသာစကား စာမေးပွဲ   အောင်မြင်ပြီး ဆေးစစ်ဆေးမှု အောင်မြင်မှသာ အလုပ်လျှောက် လွှာ တင်နိုင် မည် ဖြစ်ကြောင်း၊ ထို သို့ လျှောက်လွှာ တင်ပြီးပါကလည်း အလုပ်ရှင်ဘက် ကသာ ရွေးချယ် သည့်စနစ် ဖြစ်သည့် အတွက် ထို စနစ် အတိုင်းပင် သွားရခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

”ကိုရီးယား ပို့ပေးမယ်ဆိုပြီး ကိုယ့်ကို လာပြောပြီဆို အဲဒီလူရဲ့ နာမည်၊ မှတ်ပုံတင်တွေ ကိုမှတ်သား ထားပြီး ဝန်ကြီးဌာနရဲ့  complaint center ကိုတိုင်လို့ရတယ်” ဟု ၄င်းက သတိပေးပြောကြားသည်။

ကလေးမှာလည်း ကိုရီးယား

ခုတော့ ကလေးတွင်လည်း ကိုရီးယား သွားရမည်ဟုဆိုကာ လူ စုနေသည့်သတင်း သူကြားရ ပြန် သောအခါ ကိုမင်းသူက သူတို့လို ဖြစ်မှာ စိုးရိမ်နေသည်။ ထိုစိုးရိမ် စိတ်ကြောင့်ပင် လူမှုကွန်ရက်စာ မျက်နှာများတွင် ထိုသတင်း များ ကို အမြဲမပြတ် နားစွင့်နေ သည်။ သူ့လိုမဖြစ်အောင်လည်း ပြောပြ ချင်နေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကို မင်းသူလိုပင် စိတ်ဝင်စားသူ တစ် ယောက် ရှိနေသည်။ သူက ဂန့်ဂေါ
နယ်သား ကိုသန်းထွန်း။ ကိုရီးယား တွင် EPS စနစ်ဖြင့် ငါးနှစ်ကြာ နေထိုင် အလုပ်လုပ် ကိုင်ပြီး  ပြန် လာသည်မှာ မကြာသေးသူ။ ကိုသန်းထွန်း ကလည်း ထိုသို့ လူစု နေသည့် သတင်းကို ကြား၍ လိုက် လံ စုံစမ်းနေသည် ဟု ပြောပြသည်။

”လုပ်ပေးတာတော့ မြန်မာ နိုင်ငံသားပေါ့။ သူပြောတာတော့ သူ့ညီမက ကိုရီးယားသား နဲ့ရတာ။  စာမေးပွဲဖြေစရာ မလိုဘူး။  skilled သင်တန်းသား အနေနဲ့ သွားရမှာ၊ တစ်လကို ဆယ်သိန်း ရမယ်ပြော တယ်။ ဝန်ဆောင်ခက ၂၅ သိန်း တဲ့။ ဧပြီလ ထွက်ရမယ်လို့ အာမခံ ထားတယ်၊ ကျွန်တော့် သူငယ်ချင်း သုံးယောက်ပါနေတယ်။ သူတို့က ငွေသိန်း ၂ဝ စီလည်း ပေးပြီးသွား ကြပြီ” ဟုကိုသန်းထွန်းက ပြော သည်။

သူကိုယ်တိုင် EPS စနစ်ဖြင့် သွားရောက်ခဲ့သည့် အတွက် ကိုရီး ယား သွားလိုသူများကိုလည်း အဆို ပါစနစ်ဖြင့်သာ သွားစေချင်သည်။

လက်ရှိ ကလေးမြို့တွင် နာ မည်ကြီးနေသည် မှာ စိုက်ပျိုးရေး လုပ်ငန်းဖြင့် သွားရောက် ရမည်ဖြစ် ပြီး လူအယောက် ၈ဝ ကို  student visa ဖြင့်ခေါ်မည်ဆိုသဖြင့် ကိုသန်း ထွန်းက အံ့သြနေမိရုံမှတစ်ပါး…။

”ကိုရီးယားကို student visa နဲ့လည်း သွားလို့ရပါတယ်။ ဒါပေ မယ့် show money အများကြီးပြ ရတယ်။ ဒါ့အပြင် student visa နဲ့ ကို လူအယောက် ၈ဝ တောင် ဆို တော့ တစ်မျိုးကြီးပဲ။ အလုပ်သမား ဘဝနဲ့ သွားမယ် ဆိုရင်တော့ ၈ မိုင် မှာရှိတဲ့ အလုပ်သမား ရုံးက လွဲပြီး ဘယ်သူမှ ပို့လို့မရဘူး။ ပွဲစားလည်း လုပ်ပိုင်ခွင့် မရှိဘူး။ အဲဒါကို ကျွန် တော့် မိတ်ဆွေတွေ သိအောင် ပြောပြရတယ်။ အခုဆို စိတ်ဝင်စား တဲ့အထဲမှာ ရွာက ကျွန်တော့် ယောက်ဖပါ ပါလာပြီ” ဟု ကိုသန်း ထွန်းကပြောသည်။

ထို့ပြင် စိုက်ပျိုးရေးဖြင့် သွား ရမည့် လုပ်သား စုဆောင်းမှုတွင် မိန်းကလေးများကိုပါ ခေါ်နေခြင်း ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား သို့ EPS စနစ်ဖြင့် လုပ်သား ခေါ်ယူနေခြင်းတွင် မိန်းကလေး များကို ခေါ်ယူခြင်း မရှိပေ။ ထိုအ ချက်ကိုလည်း သတိထားစေချင် သည်ဟု ကိုမင်းသူက သတိပေး သည်။

”ကျွန်တော်တို့တုန်း ကလည်း မိန်းကလေး သုံးယောက် ပါတယ်။ အခုလည်း မိန်းကလေးတွေ ခေါ် တယ်လို့ သိရတယ်။ EPS စနစ် တောင်မှ မိန်းကလေးတွေ ခွင့်မပြု ဘူးလေ။ စဉ်းစားကြ စေချင်တယ်” ဟု ကိုမင်းသူက ပြောသည်။

ကလေးမြို့တွင် ကိုရီးယား သွားလိုသူ များစွာရှိနေပြီး EPS စနစ်မှာ စာမေးပွဲဖြေ၊ အလုပ်   လျှောက်လွှာ တင်ရသဖြင့် အချိန် စောင့်ရ သည့် အတွက် အလွယ် လမ်းဖြင့် မြန်မြန် သွားလိုသူများ ရှိနေခြင်းဖြစ်သည် ဟု ကိုသန်းထွန်း ကပြောသည်။

ကိုရီးယား အိပ်မက် ပျက်ပြယ် သွားပြီ ဖြစ်သော်လည်း လူငယ်ပီပီ နောက်တစ်ကြိမ် ပြန်လည်ကြိုးစား ရန်ပြင်ဆင်နေသည့် ကိုမင်းသူ က တော့  EPS စနစ်ဖြင့် သွားရောက် ရန် ကိုရီးယားဘာသာစာမေးပွဲ ဖြေဆို အောင်မြင် ထားပြီး ဖြစ် သည်။ ဖြတ်လမ်းက မလိုက်တော့ ဘဲ အစိုးရ စီစဉ်မှုဖြင့်သာ  သွား ရောက်ပြီး ကျန်ရှိနေသော အ ကြွေးများ ဆပ်ရန်နှင့် မိသားစုဘဝ အနာဂတ် အတွက် ကြိုးစားရန် သူ က စိတ်အား ထက်သန်နေသည်။ သို့သော် သူတို့ခံစားရသော အ တွေ့အကြုံနှင့်ယှဉ်၍  ကျန်သူများ အတွက် သတိပေးစကားကိုတော့ ခုလိုပြောသည်။

‘ခုလိုပြောပြတာက ကျွန်တော် တို့လို နောက်မခံရအောင် အဓိက ပါပဲ။ နောက်လူ တွေခံရရင် ကိုယ့် လိုပဲ ဘဝပျက်မှာ စိုးတယ်”

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*