သမိုင်းမှတ်တမ်း မီဒီယာ

သမိုင်းမှတ်တမ်း မီဒီယာ
January 11, 2017 Asian Fame

11:58 am
သမိုင်းမှတ်တမ်း မီဒီယာ

mg-swe-thet-article

၂ဝ၁၆ ခုနှစ် မကုန်မီ စာအုပ် တစ်အုပ်ထုတ်ဝေဖို့ နေ့မအား ညမနား ကြိုးစားခဲ့ရသည်။ မေးရင်း မြန်းရင်း အချက်အ လက်တွေ ရှာရင်း၊ ဖွေရင်း အချိန် ဆိုသည်မှာ ကုန်လွယ်လွန်းလှပါ လားဟု တွေးမိလာရသည်။ ဗိုလ်မှူးကြီး သီဟသူရစိုးသိမ်း အကြောင်း မှတ်တမ်းတင် ရေး သားလိုသော လောဘက ကျွန် တော့်ကို ဖိစီးခဲ့သည်။ အသက် ၈၂ နှစ်ရှိ ကျွန်တော် ရေးလိုသည်က အသက် ၉၃ နှစ်ရှိပြီဖြစ်သော ဦးလေးစိုးသိမ်းအကြောင်း ဖြစ်လေ သောကြောင့် ကျွန်တော်လက်လှမ်း မမီသော အကြောင်းအရာတွေ၊ ဖြစ်စဉ်တွေ၊ အတွေ့အကြုံတွေက သူ့မှာ တစ်ပုံကြီးရှိနေသည်။

ဥပမာ ၁၉၄၆ ခုနှစ်က ကျား ကြီး ဦးဘဆွေတို့ ဖွင့်လှစ်သော ဆို ရှယ်လစ်ပါတီ အခြေခံသင်တန်း တက်ရောက်သူ ကိုအေး(ခေါ်) ကို စိုးသိမ်းက အသက် ၂၂ နှစ်ရှိနေပြီ။ ကျွန်တော်က ၁၁ နှစ်သား၊ ကလေးဘဝ။ ၁၉၅၃ ခုနှစ် တရုတ်ဖြူ စစ် ဆင်ရေးမှာ ဦးလေးစိုးသိမ်းပါဝင်ခဲ့ ချိန်က ကျွန်တော်က ၁၈ နှစ် မပြည့်သေး။ ၁၉၅၄ ခုနှစ် ဘုရင့် နောင် စစ်ဆင်ရေးကို ဦးလေးစိုး သိမ်း ဆင်နွှဲချိန်က ကျွန်တော် ၁၈ နှစ်ပြည့်စ ဗိုလ်လောင်းဘဝသို့ ခြေ လှမ်းဝင်ဆဲ။ ၁၉၅၅ ခုနှစ် ဧပြီလ၊ မေလ ဦးလေးစိုးသိမ်းတစ်ယောက် (သီဟ သူရဘွဲ့ ရရှိစေမည့်) ပွိုင့် (၅၆၂၂) တိုက်ပွဲ၊ တာချီလိတ်တောင်ကုန်း သိမ်းတိုက်ပွဲတို့ ဆင်နွှဲရသော ရန် ကြီးအောင် စစ်ဆင်ရေးကာလမှာ ကျွန်တော်က ဒုတိယဗိုလ်အဖြစ် ပခုံးပေါ်မှာဘားတစ်ချောင်းတင်စ။ စစ်မြေပြင်သို့မရောက်ဖူးသေး။ စစ် မတိုက်ဖူးသေး။

ဤမျှ အလှမ်းဝေးသော ကွာ ခြားလွန်းသော ဦးလေးစိုးသိမ်း အ ကြောင်း စာတစ်အုပ်ရေးဖို့စိတ်ကူး မိသော ကျွန်တော့်မှာ ကိုယ့်ဒုက္ခ ကိုယ်ရှာမိချေပြီ။ဦးလေးစိုးသိမ်း အိမ်ကို အ ခေါက်ခေါက်သွားရသည်။ ဦးလေး ရုံးထိုင်ရာ မဟေသီမဂ္ဂဇင်းတိုက် သို့ အကြိမ်ကြိမ်ရောက်ရသည်။ မေး ရသည်။ ရေးမှတ်ရသည်က နာရီ ပေါင်းများစွာ။ ထိုမျှမကသေး တရုတ်ဖြူစစ် ဆင်ရေးအကြောင်း မှတ်စရာ ဖတ် စရာများ ရှာရသည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော်က ဖြစ်စဉ်များ သိရှိရေးကို လွယ်ပါသည်ဟု ထင်ခဲ့မိသည်။ စာကြည့်တိုက်ရှိသည်။ စာ ကြည့်တိုက်ရှိလျှင် မှတ်တမ်းတွေရှိ မည်။ မှတ်တမ်းတွေ ရှိလျှင် သိလို သည်များ ရရှိလိမ့်မည်ဟု လွယ် လွယ်တွေးမိသည်။သည်လိုနှင့် ရန်ကုန်မြို့ရှိ အ မျိုးသားစာကြည့်တိုက်သို့ သွားရ သည်။ သိလို ဖတ်လိုသော တရုတ် ဖြူစစ်ဆင်ရေးများအကြောင်း ရေး သားထားသည့် ၁၉၅၃၊ ၁၉၅၄၊ ၁၉၅၅ ခုနှစ်ကာလက သတင်းစာ များ ဖတ်ရှုချင်ကြောင်း ပြောရ သည်။ ဖော်ရွေသော စာကြည့်တိုက် ဝန်ထမ်းများအဖြေက ကျွန်တော့် ရင်ကို အသက်ရှူရပ်သွားစေသကဲ့ သို့ ရှိသည်။ ထိုမျှ သက်တမ်းကြာသော သတင်းစာများ အမျိုးသားစာကြည့် တိုက်မှာ မရှိပါဟု ဆိုသည်။ လွတ် လပ်ရေးရပြီး သည်ဘက်ခေတ်ကာ လသတင်းစာများ အမျိုးသားပြတိုက် မှာ မရှိလျှင် ဘယ်မှာ ရနိုင်ပါမည် နည်း။ သူတို့က သတင်းပေးပါသည်။ တက္ကသိုလ်စာကြည့်တိုက်တွင် ရှိ နိုင်သည်ဟူ၍…။

နောက်တစ်နေ့ ရန်ကုန်တက္က သိုလ်စာကြည့်တိုက်သို့ ရောက်ခဲ့ ရသည်။ တွေ့ပါပြီ။ ၁၉၅၃၊ ၁၉၅၄၊ ၁၉၅၅ ခုနှစ်ဆီက မြန်မာ့အလင်း သတင်းစာကို တွေ့ရသည်။ ပြည်ပ ကျူးကျော်သူ တရုတ်ဖြူတို့ကို တိုက်ထုတ်သော စစ်ဆင်ရေးများ က သုံးနှစ်ဆက်တိုက်ဟုဆိုသော် လည်း ပွင့်လင်းရာသီမှာသာ ဖြစ် ၍ ရှာရသော သတင်းစာတွေ သိပ် မများလှ။ စစ်ဆင်ရေးနယ်မြေရှိ ရှေ့တန်း စခန်းများအထိ သတင်းထောက်ကို စေလွှတ်သည်။ ထိုသတင်းထောက် များက နေ့စဉ် တိုက်ပွဲအခြေအနေ များကို ညညမှာ ကြိုးမဲ့ကြေးနန်းနှင့် ပို့သည်။

”ရှေ့တန်း စစ်မျက်နှာရောက် ကျွန်ုပ်တို့ သတင်းထောက်ထံမှ ည ၈ နာရီတွင် ရရှိသော ဝိုင်ယာလက် သတင်းပေးပို့ချက်ဟု ဖော်ပြပြီး တစ်နေ့တာ ရှေ့တန်းစစ်ဆင်ရေး သတင်းများကို နေ့စဉ်ဖော်ပြကြ သည်။ မြန်မာ့အလင်း သတင်းစာ မှာ တော်တော်စုံစုံစေ့စေ့ တွေ့ရ သည်။ လိုချင်သောသတင်းကို မှတ်သားပြီး ‘စကင်’ဖတ်ဖို့ စာ ကြည့်တိုက်ဝန်ထမ်းကို ပေးရသည်။ လိုချင်သော သတင်းကို စာကြည့် တိုက်မှ ‘စကင်’ဖတ်ပေးသည်။ ကျေး ဇူးတင်ရသည်။တကယ်တော့ နှစ်ပေါင်း ခြောက်ဆယ်ကျော်က သတင်းစာ များကို ကြည့်ချင်ပါလျက် မထိရက် စရာ ဖြစ်နေပြီ။ သတင်းစာ ပုံနှိပ် သောစက္ကူက အညံ့စားဖြစ်၍ ဖြည်း ဖြည်းဖွဖွလေးကိုင်ရသည်။ ထိ လိုက်သည်နှင့်ြေ<ွကတော့မည့် စာ ရွက်များမို့ အသက်အောင့်လျက် ကိုင်ရ၊ ထိရ၊ လှန်ကြည့်ရသည်။

ထိုသို့ နှစ်ခြောက်ဆယ်ကျော် က တရုတ်ဖြူစစ်ဆင်ရေး သတင်း များ ပြန်လည်ရှာဖွေဖတ်ရှုရင်း ယနေ့ခေတ် မြန်မာနိုင်ငံအခြေအ နေနှင့် ဆက်နွှယ်သောသတင်းတစ် ပုဒ် ဖတ်လိုက်ရသေးသည်။ ယနေ့ ကမ္ဘာရွာကြီးအတွင်း ဆက်သွယ်မှုတွေ သွားလာမှု တွေ လွယ်ကူနေသည်။ ကိုယ့်ရပ် ကိုယ် ရွာမှာ ကျင်လည်ရသော ဘဝကို ရောင့်ရဲတင်းတိမ်မှု မရှိကြသော လူငယ်လူရွယ်တွေ များလာသည်။ ပြည်ပသို့ထွက်၍ အလုပ်လုပ် လိုသူတွေ အဆက်အသွယ်ရှာကြ သည်။ လူပွဲစားများကလည်း ခြေ လှမ်းသွက်သည်။ ပွဲစားများ လက် သို့ ငွေကြေးပုံပေးရသည်။ ပွဲစား တို့ စီစဉ်ပေးမှုနှင့် ပြည်ပသို့ သွား ကြသည်။ တစ်ရပ်တစ်ကျေးသို့ ရောက်သောအခါ မူလက မက်လုံး ပေးဆွဲဆောင်ခဲ့သော အလုပ်ကို မရ။ ပွဲစား လိမ်ညာမှုခံရသည်။ ပိုက်ဆံတွေ ပုံပေးထားသမျှ ဆုံးရ သည်။ အလုပ်မရဘဲ ပြန်ခဲ့ရသူ တွေ ရှိသလို တရားမဝင်
ကူးဝင်သူ စာရင်းပေါက်၍ ဒုက္ခရောက်သူများ ရှိသည်။ ယနေ့ နေ့စဉ်လိုကြားသိနေရ သော လူပွဲစားလိမ်ညာမှုခံရသော သတင်းများက ခေတ်စားနေသည်။ ကျွန်တော်ရှာဖွေ ဖတ်ရှုနေ သော ၁၉၅၃၊ ၁၉၅၄၊ ၁၉၅၅ ခုနှစ် စစ်ဆင်ရေး သတင်းတွေထဲမှာ ယနေ့လို လူကုန်ကူးမှု သတင်း ထက် ကြောက်စရာကောင်းသော သတင်းက စာလုံးမည်းကြီးနှင့် ပါလာသည်။

တရုတ်ဖြူ စစ်သင်တန်း ဖော်မို ဆာ ပို့ပေးမည်ဆို၍ လိုက်ပါ သွားသော MNDO (၂ဝဝ) မောင်းဆတ်မှ ပြန်ပြေးခဲ့ကြရပုံ
စရိတ်ငွေ လေးသောင်း

ကျိုက္ခမီသတင်းထောက်ထံမှ လွန်ခဲ့သော ၁၉၅၃ ခုနှစ် စက် တင်ဘာလအတွင်း ကျိုက္ခမီမြို့ နယ် ပင ရွာသူကြီးဟောင်း ကျိုက္ခ မီခရိုင် အမ်အင်ဒီအိုခေါင်းဆောင် မွန်အောင်ထွန်းက လက်အောက်ခံ အမ်အင်ဒီအို ၂ဝဝ ကျော် တို့အား တရုတ်ဖြူများက ဖော်မိုဆာ၌ စစ် ပညာသင်တန်းပေးမည်ဟု လိမ် လည်ဖြားယောင်းခေါ်ဆောင်၍ လိုက်ပါသွားခဲ့ကြရာမှ ယခုအခါ ပင နယ်ဝဲခမိတောင် ခြေဘက်သို့ ပြန်လည်ရောက်ရှိလာကြပြီဟု သတင်းရရှိကြောင်း၊ တရုတ်ဖြူများ သည် အမ်အင်ဒီအိုတို့ကို ကျိုက္ခမီ နယ်အတွင်းမှ ခေါ်ဆောင်မသွားမီ လူပေါင်း ၂ဝဝ ကျော် စစ်ပညာ သင်ကြားရေးအတွက် စစ်စရိတ် ငွေ လေးသောင်းခန့် ထောက်ပံ့ရ မည်ဟု မွန်အောင်ထွန်းထံ တောင်းခံသဖြင့် မွန်အောင်ထွန်း သည် ၎င်းနယ် မွန်လူထုထံမှ တစ် အိမ်ထောင်လျှင် စစ်စရိတ်ငွေ ၁ဝ မှ ၁၅ ထိ တောင်းခံပြီး တရုတ်ဖြူ တို့ လက်သို့ ပေးလိုက်ရသည်
ဆို ကြောင်း။

၁ဝ ယောက် ဆန်တစ်ဘူး

ဤသို့အမ်အင်ဒီအိုတို့ထံမှ ငွေ လေးသောင်းကျော်ခန့် ရရှိခဲ့ သော်လည်း တရုတ်ဖြူတို့သည် အမ်အင်ဒီအိုများကို ဖော်မိုဆာသို့ ခေါ်ယူသွားခြင်း မပြုနိုင်ဘဲ ဗမာ့ မြေပေါ် (မောင်းဆတ်) မြို့တွင် သင်တန်းပေးနေစဉ် မောင်းဆတ် မြို့ကို ဗမာ့တပ်မတော်က သိမ်း ပိုက်လိုက်သည်နှင့် တရုတ်ဖြူနှင့် အမ်အင်ဒီအိုတို့သည် ဖရိုဖရဲက စဥ့်ကရဲ ကွဲပြားကုန်ပြီးယခုကျိုက္ခမီ မြို့နယ်ဝဲခမီ ရွာဘက်သို့ ရောက် လာရခြင်းဖြစ်သည်ဆိုကြောင်း၊ အမ်အင်ဒီအိုတို့ တရုတ်ဖြူလက် တွင်း နေရစဉ်က လူ ၁ဝ ယောက် ကို ဆန်တစ်ဘူးပြုတ်ပြီး စား သောက်နေထိုင်ရသည့်အပြင် အ ချို့သူတို့သည် ငှက်ဖျားရောဂါစွဲ ကပ်၍ မကျန်းမမာဖြစ်ပြီး လမ်း တွင် သေဆုံးခဲ့သည်များလည်း မနည်းလှဟု ဆိုကြောင်း။ ဖော်ပြပါ သတင်းသည် ၁၉၅၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ တွင်ဖော်ပြခဲ့သော သတင်းဖြစ်သည်။ ထိုသတင်းစာဟောင်းကို ဖတ် ရသော ကျွန်တော်သည် ယနေ့ လူ ကုန်ကူးသော ပွဲစားများဒဏ် ရိုး သားသူတို့ခံစားကြရသော ဖြစ်စဉ် ဖြစ်ရပ်ထက် ကျူးကျော်သူ တရုတ် ဖြူတို့ ဒဏ်ခံခဲ့ကြရသော အမ်အင် ဒီအိုများ ဘဝက ပို၍ သာလွန်၍ ဆိုးရွားလှပါလားဟု တွေးမိရပါ တော့သည်။ ၁၉၅၃-၁၉၅၄ ခုနှစ် ကာလ ဆီက ဇာတ်လမ်းဖြစ်ပါ၏။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*