နှာခေါင်း

နှာခေါင်း
July 6, 2016 Asian Fame

5:18 am
နှာခေါင်း

hacker

(၁)

ဆံပင်ညှပ်ဆရာ အိုင်ဗင်၏ အိမ်တွင် ထူးခြားဆန်းကြယ်ဖြစ်ရပ်တစ်ခု မတ်လ ၂၅ ရက်နေ့ကဖြစ် ပွားခဲ့သည်။ ထိုမနက်က ဆံပင်ညှပ်ဆရာ အိုင်ဗင်သည် အိပ်ရာမှ စောစောစီး စီးနိုးလာလျက် ပေါင်မုန့်ဖုတ်နေ သည့် လတ်လတ်ဆတ်ဆတ်အနံ့ကို ရလိုက်၏။ အိပ်ရာပေါ်မှ အသာ ထ၍ ကြည့်လိုက်လေသော် သူ့ မိန်းမသည် ပေါင်မုန့်များဖုတ်ပြီး၍ ဖိုထဲမှ ထုတ်နေသည်ကို တွေ့ ရလေ၏။ ထို့ကြောင့် ”မိန်းမရေ မနက်စာအတွက် ကော်ဖီတွေ ဘာ တွေ လုပ်မနေနဲ့တော့၊ ပေါင်မုန့်ပူပူ လေးတစ်လုံးနဲ့ ကြက်သွန်နီတစ်ဥ သာပေးဟေ့”ဟု သူက လှမ်းပြော လိုက်သည်။ အမှန်ကတော့ သူ ကော်ဖီကိုပါ သောက်ချင်သော် လည်း တစ်ကြိမ်တည်းမှာ အလုပ် နှစ်ခု မလုပ်တတ်သည့် သူ့မိန်းမကို ယခုလိုပြောလိုက်ခြင်းက ပိုစိတ်ချရ၏။ ‘သောက်ရူးကြီး ပေါင်မုန့် ချည်းပဲစားတော့ ငါ့အတွက် ပို တောင်ကောင်းသေး။ သူ့ကော်ဖီကို ငါသောက်ရတာပေါ့’ဟု သူ့မိန်းမ က တွေးလိုက်ပြီး ပေါင်မုန့်တစ်လုံးကို စားပွဲပေါ်ပစ်တင်ပေးလိုက်လေ၏။

အိုင်ဗင်သည် ယဉ်ကျေးမှုအတွက် အလို့ငှာ အပေါ်အင်္ကျီတစ် ထည်ကို ကောက်စွပ်လိုက်ပြီး စားပွဲတွင်ထိုင် ဆားနည်းနည်းဖြူး၊ ဟန်ပါပါဖြင့် လေဝဝတစ်ချက်ရှူ လိုက်ကာ ကြက်သွန်နီတစ်ကိုက် ပေါင်မုန့်တစ်လုပ် စားရန်အတွက် ဓားဖြင့်ပေါင်မုန့်ကို စတင်လှီးဖြတ် လေတော့သည်။ ဤတွင် ပေါင်မုန့် ၏အလယ်ဝယ် တစ်စုံတစ်ခုရှိနေ သည်ကို လက်ကသိလေတော့၏။ ဖြူတူတူအရာတစ်ခုကိုလည်း ခပ်ရေးရေးတွေ့ရသဖြင့် လွန်စွာအံ့သြ မိလေတော့၏။ ထို့ကြောင့် ဓားကို အသာချကာ ထိုအရာကို သတိကြီးစွာထား၍ လက်ဖြင့် ဆွဲထုတ်ယူလိုက်လေသည်။

”ခပ်မာမာ တောင့်တောင့်ပါလားဟ” ဟု ရေရွတ်ရင်း ပေါင်မုန့်ထဲမှအရာကို အပြင်သို့ လုံးလုံးလျားလျားရောက်အောင် ဆွဲထုတ်လိုက်လေသော် နှာခေါင်း….။ ထိုအရာသည် လူနှာခေါင်းတစ်ခု ဖြစ်နေ သည်ကို တွေ့ရလေတော့သတည်း။ အိုင်ဗင် အံ့သြလိုက်သည်မှာ ကား လက်နှစ်ဖက်ဘေးသို့ တွဲ လောင်းကျကာ ကြက်သေသေသွား သည်အထိပင်။ မယုံနိုင်လွန်း၍ မျက်လုံးတွေကို သေသေချာချာ ပွတ်ပြီးကြည့်ပြန်၏။ နှာခေါင်းကိုတွေ့ရပြန်သည်ပင်ဖြစ်၏။ သေချာ ပါသည်။ မမှားပါ။ နှာခေါင်းပါ။ ဟုတ်ကဲ့။ သူနှင့် အလွန်တရာ ရင်းနှီးနေသော နှာခေါင်းတစ်ခုပါ။ ဘယ်လိုဖြစ်ရပါလိမ့်။ အလိုလေး …ကြောက်စရာပါလား။ သူ ကြောက်တာက သူ့မိန်းမ ကြောက် တာနှင့် ယှဉ်လိုက်သော် အသေးအဖွဲ ဖြစ်သွားပြန်၏။

”ရှင်ဟာ လူ့တိရစ္ဆာန်” ဟု သူ့မိန်းမက အသံကုန်အော်လေ၏။ ”ဒီနှာခေါင်းကို ရှင်ဘယ်ကဖြတ် လာတာတုန်း။ ရှင်ဟာ လူယုတ်မာ။ ရှင်ဟာ ယစ်ထုပ်ကြီး။ ဘယ်လိုလဲ လူဆိုးကောင် ကျွန်မကိုယ်တိုင် ရဲကို သွားတိုင်လိုက်ရမလား။ နှုတ် ခမ်းမွေး မုတ်ဆိတ်မွေးရိတ်ဖို့ ရှင့် ဆီလာတဲ့လူသုံးယောက်က ရှင်ဟာ သူတို့နှာခေါင်းတွေကို ဆွဲပါတယ် လို့ ကျွန်မကိုပြောထားပြီးကြပြီ” ဟုလည်း ဆက်တိုက်ပြောလေတော့သည်။ သေလိုက်တာကမှ ကောင်း သေးသည်ဟု အိုင်ဗင်တွေးမိလေ သည်။ အနှီနှာခေါင်းသည် သူ့ဆီ သို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂ နွေနေ့တို့တွင် လာနေကျ ရာဖြတ် ကြီး ကိုဗာရော့၏ နှာခေါင်းသာ ဖြစ်ကြောင်း သူကောင်းကောင်း သိနေပါသည်။

”ခဏလေး တိတ်တိတ်နေစမ်း ပါဦး မိန်းမရာ။ ဒါကို အဝတ်နဲ့ ထုတ်ပြီး ချောင်တစ်ချောင် ချောင် မှာ ငါသွားပစ်လိုက်ပါ့မယ်။ အ သာထားလိုက်စမ်းပါ။ ငါ ရှင်းလိုက် ပါ့မယ်” ”ဟဲ့အကောင်ရဲ့ ငါ့အခန်း ထဲမှာ နှာခေါင်းပြတ်တစ်ခု ရောက် နေတာကို အလေနတော လုပ်နေ လို့ရမလားဟဲ့။ ဖာခေါင်းရဲ့။ ကာ လနာရဲ့။ သောက်ရူးရဲ့။ နင့် အ တွက် ငါက ရဲကို ဖာဖာထေးထေး လုပ်ပေးလိမ့်မယ်လို့များ ထင်နေ သလား။ ဝေးပါသေးရဲ့။ ဒီနှာခေါင်း ဟိုနေရာတွဲလောင်း ဒီနေရာတွဲ လောင်းဖြစ်နေမှာကို ငါမမြင်ချင် ဘူး။ ဒီနှာခေါင်းကို ခုချက်ချင်း အ ပြင်ကိုထုတ်။ သွား….။ သွား စမ်းဆို”ဟု သူ့မိန်းမက ဆက်တိုက် ပင် မာန်မဲလေတော့သည်။အိုင်ဗင်မှာ လုံးလုံးလျားလျား ပင် ကြက်သေသေနေပါသည်။ သူ့ အနေဖြင့် ထပ်ခါထပ်ခါ တွေးနေ ပါသော်လည်း ဘာဆက်လုပ်ရမှန်း သိကိုမသိသေး။ထို့ကြောင့် နောက်ဆုံးတွင် နားရွက်နောက်နားလေးကို ကုတ် ရင်း ”ဘာဖြစ်တယ်ဆိုတာ သိလို့က တော့ကွာ…” ဟု ရေရွတ်လိုက် တော့၏။ ”အိမ်ကို မူးပြီးပဲပြန်လာ ပြန်လာ မမူးဘဲနဲ့ပဲ ပြန်လာပြန်လာ ဘာကိုမှတော့ သေချာပေါက် ငါ မပြောနိုင်သေးဘူး။ ဒါဟာ အဆန်း ကြီးဆိုတာပဲ ငါသိတယ်။ ပေါင်မုန့် ကိုဖုတ်တာက မင်းပဲ။ အဲဒီနှာခေါင်း ကြီး ပေါင်မုန့်ထဲကို ဘယ်လိုရောက် လာသလဲ။ ဖင်မှန်းခေါင်းမှန်း သေ ချာ မသိတာက မင်းကွ” ဟုလည်း သူ့မိန်းမကို ပြန်ပြောလိုက်၏။

ပုလိပ်တွေက သူ့အိမ်ကို ရှာ ကြဖွေကြမည်။ နှာခေါင်းကိုတွေ့ လျှင် သူ့ကိုပုဒ်မတပ်၍ အရေးယူ မည်။ စသည်ဖြင့် တွေးမိတွေးရာ တွေ တွေးနေရာ သူ့မိန်းမက သူ့ နားရွက်ကိုလာဆွဲပြီး သတိပေးမှ ပင်လျှင် နှာခေါင်းကို အဝတ်စ တစ်စဖြင့်ထုပ်၍ လမ်းပေါ်သို့ထွက် လာခဲ့တော့၏။လမ်းဘေးမှာပဲ ပစ်ထားလိုက် ရမလား တစ်ယောက်ယောက်ရဲ့ အိမ်ရှေ့မှာပဲ အသာချထားလိုက်ရ မလား တစ်နေရာရာမှာသာ ဒါကြီး ကိုပစ်ထားလိုက်ဖို့သာ သူစဉ်းစား နေသည်။ ကံမကောင်းလိုက်ပုံများ ကတော့ အသိတွေနှင့် လမ်းမှာ တွေ့နေသေးသဖြင့် တောင်မေး မြောက်မေးတွေ မေးနေကြလေရာ လှီးလွှဲ၍ပြန်ဖြေနေရသေး၏။ တစ် ချီတွင်လည်း ဟုတ်ပဟုဆိုကာ နှာ ခေါင်းထုပ်ကို မသိမသာလွှတ်ချလိုက် ရာတွင် နယ်ထိန်းရဲတစ်ယောက်က သူ့ကို လက်ညှိုထိုး၍ ”ခင်ဗျားဆီ က ဘာလဲမသိကျသွားတယ်။ ပြန် ကောက်လိုက်ပါဦး” ဟု ပြောသဖြင့် အသာပြန်ကောက်ကာ အိတ်ထဲထိုး ထည့်လိုက်ရသေးသည်။ လမ်းပေါ် တွင် လူသူ များသည်ထက်များ လာပြီး ဆိုင်တွေလည်း တစ်ဆိုင်ပြီး တစ်ဆိုင်သာ ဖွင့်လာကြသည် သူ့ အကြံအစည်ကား အထမမြောက် သေး။ နောက်ဆုံးမတော့ တံတား ပေါ်မှနေ၍ မြစ်ထဲသို့ပစ်ချလိုက် ရန် ဆုံးဖြတ်လိုက်နေတော့၏။

အခြားသော ရုရှားဈေးသည်တို့ ကဲ့သို့ပင်လျှင် အိုင်ဗင်သည်လည်း ဇိုးသမားဖြစ်သည်။ အခြားသူတွေ ၏ ဆံပင်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ် မွေးတွေကို နေ့စဉ် ရိတ်ပေးနေရ သော်လည်း သူ့မှာကတော့ မုတ် ဆိတ်ဗရဗျစ်နှင့်ပင်။ အပေါ်ကုတ် အင်္ကျီ ဘယ်တော့မှ ဝတ်လေ့မရှိ သော အိုင်ဗင်၏အင်္ကျီမှာလည်း အစွန်းအထင်းတွေ ဗရပွနှင့်။ အင်္ကျီကော်လာကသာ အမြဲတောက် ပြောင်သော်လည်း အင်္ကျီမှ တန်း လန်းထွက်နေသော အပ်ချည်စ သုံးစက ဤနေရာတွင် ယခင်က ကြယ်သီးများ ရှိခဲ့ဖူးကြောင်း ပြနေ ကြသည်။ အိုင်ဗင်သည် လွန်စွာပင် မထုံတက်သေးနိုင် လှလေရကား ရာဖြတ်ကြီးက သူ့ထံ မုတ်ဆိတ်လာ ရိတ်တိုင်း ”မင်းရဲ့လက်တွေဟာ အမြဲတမ်းနံဟောင်နေတာပဲ”ဟု ပြောလျှင်သော်မှ အိုင်ဗင်က ”ဘာ လို့များ နံနေပါလိမ့်”ဟု ပြန်မေး တတ်သူဖြစ်၏။ ရာဖြတ်ကြီးမှာကား ”ငါ့ကို ပြန်မမေးနဲ့လေကွာ။ ငါသိ တာကတော့ မင်းလက်တွေ နံနေ ကြတာပဲ”ဟုသာ ပြန်ဖြေနိုင်တော့ သည်။ ထိုလက်ကြီးတွေနှင့်ပင်လျှင် ရာဖြတ်ကြီး၏ နှုတ်ခမ်းမွေး၊ ပါး မြိုင်းမွေး၊ မုတ်ဆိတ်မွေးများ အ ရိတ်ခံကြရသည်။

အနှီတန်ဖိုးရှိလူသား အိုင်ဗင် သည် တံတားပေါ်သို့ ရောက်နေချ ပြီ။ တံတားစွန်းအမိုးလေးကိုမှီ ကာ မြစ်ထဲမှ ငါးများကို ကြည့် သလိုလို ဘာလိုလို ဟန်ဆောင်ပြီး နှာခေါင်းထုပ်ကို အသာပစ်ချလိုက် လေတော့၏။ ထိုအခိုက်ဝယ် သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးများ ကျသွားသ ကဲ့သို့ သူခံစားလိုက်ရကာ အောင် မြင်ပြုံးလေးပင် တစ်ချက်ပြုံးလိုက်မိ သေး၏။ ထို့နောက် ”လက်ဖက်ရည်နှင့် စားစရာပူပူနွေးနွေး”ဟု ဆိုင်း ဘုတ်ချိတ်ထားသော ဆိုင်တစ်ဆိုင် ဆီသို့ ခြေဦးလှည့်လိုက်စဉ်တွင် တံတားတစ်ဖက်စွန်းဝယ် သုံး ထောင့်ချွန် ဦးထုပ်ကိုဆောင်း၍ ဓားတစ်ချောင်း ခါးချိတ်ထားသည့် နှုတ်ခမ်းမွေးကားကားနှင့် သပ် ရပ်ခံ့ညားသော ယူနီဖောင်းဝတ် ပုလိပ်တစ်ယောက်ကို ရုတ်ချည်း မြင်တွေ့လိုက်ရလေတော့သည်။ ပုလိပ်က ”သူငယ်ချင်း ဒီကိုလာ ပါဦးကွ” ဟု သူ့ကို လှမ်းပြောကာ လက်ယပ်ခေါ်နေလေ၏။ ပုလိပ်မှန်း သိလိုက်သည်နှင့် အိုင်ဗင်သည် ခပ်မှန်မှန်ပင်လျှောက် သွားပြီး ပုလိပ်အနီးရောက်သည် နှင့် ဦးထုပ်ကိုချွတ်ကာ ”မင်္ဂလာ နံနက်ခင်းပါ သခင်ကြီးခင်ဗျား” ဟု ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပါ သည်။

”သခင်ကြီးတွေ ဘာတွေ လာ လုပ်မနေနဲ့ ကိုယ့်လူရ။ တံတား ပေါ်ကို မင်းဘာလာလုပ်တယ်ဆို တာပဲပြော” ”အရာရှိမင်းရယ် … ကျွန်တော့်ဖောက်သည် တစ် ယောက်ဆီကို မုတ်ဆိတ်ရိတ်ပေး ဖို့သွားရင်း မြစ်ထဲကရေတွေ ဘယ် လောက်မြန်မြန်စီးနေတယ်ဆိုတာ ရပ်ပြီး ကြည့်မိတာပါခင်ဗျ” ”မင်း ညာတယ်။ မင်းပြောတာကို ငါက ယုံလိမ့်မယ်မထင်နဲ့။ တစ်ခါတည်း မှန်မှန်ပြောတာ အကောင်းဆုံးပဲ ကွာ” ”သခင်ကြီးကို မုတ်ဆိတ် အခမဲ့ နှစ်ခါရိတ်ပေးပါ့မယ်။ တစ် ပတ်ကို သုံးကြိမ်တောင် နှစ်ခါရိတ် ပေးမယ်လေ” ”မလိုချင်ဘူး ကိုယ့် လူ။ ငါ့ကို မင်းလိုပဲ လေးစားလို့ ရိတ်ပေးနေတဲ့ ဆံသဆရာ သုံး ယောက်တောင် ရှိပြီးသားကွ။ မင်း ဒီနေရာကို ဘာလာလုပ်တယ်ဆို တာသာ မှန်မှန်ပြော” အိုင်ဗင်၏မျက်နှာ သွေးဆုတ်သကဲ့သို့ ဖြူ ရော်သွားရလေပြီ။ ထို့ထက်ပို၍ ဘာတွေဆက်ဖြစ်လာမည်ကို ဘယ် သူမှမသိ။ အားလုံး မြူတွေပိတ်ဖုံး နေသလိုလို။

(၂)

ရာဖြတ်ကြီး ကိုဗာရော့သည် နံနက်စောစော အိပ်ရာမှထ၍ ခါတိုင်းပြုနေကျအတိုင်း သူ့နှာခေါင်း ပေါ်မှ ဆားဝက်ခြံလေးများကိုညှစ် ရန် မှန်ရှေ့တွင် ရပ်လိုက်လေသော် နှာခေါင်းနေရာတွင် ဘာမှမရှိတော့ ဘဲ မျက်နှာပြင် အသားပြောင်ချော ကြီးကိုသာ တွေ့ရလေသဖြင့် ထိတ် လန့်တကြားအော်မိကာ သေချာ အောင် မျက်နှာသုတ်ပဝါဖြင့် မျက် နှာကို အထပ်ထပ်သုတ်ကြည့်သော် လည်း နှာခေါင်းကိုမတွေ့ရပြန်လေ ရကား အဝတ်အစားကို ဒရော သောပါးဝတ်ကာ ရဲဌာနချုပ်သို့ သုတ်ချေတင်လေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
ဟက်ကာ

မှတ်ချက် – ကျွန်တော်တို့ ငယ်ငယ် က ကြည့်ခဲ့ရသည့် ယူလ် ဘရိုင်းနားနှင့် တိုနီကားတစ်တို့ ပါဝင်သော Taras Bulba ရုပ်ရှင်ဇာတ်ကား၏ မူရင်းဝတ္ထုကို ရေး သားသူ၊ ဆရာလင်းဝေမြိုင် မြန်မာပြန်ခဲ့သော Over Coat သရော်စာ ဝတ္ထုတိုကို ရေးသားသူ ယူကရိန်း ဇာတိစာရေးဆရာကြီး နီကိုလိုင် ဂိုဂိုးလ် Nikolai Gogol (၁၈၁၉–၁၈၉၈)၏ သရော်စာအမျိုးအစားဝင် The Nose ဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*