3:47 pm
လင်းဟိန်း
ရန်ကုန်၊ ဧပြီ ၈
ရန်ကုန်မြို့ရှိ မြစ်ကြောင်းသုံးခုအတွင်း ပြေးဆွဲမည့် Water Taxi စီမံကိန်းကိုကနဦးအနေဖြင့် မြစ် ကြောင်းတစ်ခုတွင်သာ ပြေးဆွဲမည်ဖြစ်ပြီး ကျန်မြစ်ကြောင်းနှစ်ခုတွင် ယခုနှစ်ကုန်မှသာ ပြေးဆွဲနိုင်မည် ဖြစ်သည်။ ယင်း Water Taxi ကို ယခုနှစ် ဇွန်လအတွင်းတွင် လှိုင်သာယာမှ ဗိုလ်တထောင်အထိလမ်းကြောင်း၌ ပြေးဆွဲမည်ဖြစ်ပြီး မြောက်ဒဂုံနှင့် သန်လျင်ဘက်သို့ ပြေးဆွဲမည့်လမ်း ကြောင်းနှစ်ခုကို ယခုနှစ်ကုန်မှသာ ပြေးဆွဲမည်ဖြစ်သည်။
”ဒီလမ်းကြောင်းနှစ်ခုအတွက် ကျွန်မတို့ ခြောက်လလောက်အချိန်ယူရပါမယ်။ ဒီ ၂ဝ၁၇ ခုနှစ်အတွင်း ပြေးဆွဲနိုင်အောင်လုပ်သွားပါမယ်” ဟု Water Taxi စီမံကိန်းအတွက် တင်ဒါရထားသည့် ကုမ္ပဏီဖြစ်သည့် တင့်တင့်မြန်မာ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။ သန်လျင်ဘက်သို့ ပြေးဆွဲမည့် လမ်းကြောင်းတွင် မှတ်တိုင်ပေါင်း ၈ ခုထားရှိမည်ဖြစ်ပြီး မြောက်ဒဂုံဘက်သို့ ပြေးဆွဲမည့်လမ်းကြောင်းတွင် မှတ်တိုင် ၁ဝ ခုထားရှိမည် ဖြစ်သည်။ Water Taxi စီမံကိန်း တွင် လူဦးရေ ၆ဝ၊ ၁၈ဝနှင့် ၂ဝဝ ခန့်အထိဆံ့သည့် သင်္ဘောများဖြင့် ပြေးဆွဲမည်ဖြစ်ကာ ယင်းသင်္ဘောများကို သြစတြးလျနှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ပြုလုပ်မည် ဖြစ်သည်။
ပြည်တွင်းရှိ နဝရတ်သင်္ဘောကျင်း၌ လူဦးရေ ၆ဝ ဆံ့သည့် သင်္ဘောများကို ပြုလုပ်လျက်ရှိပြီး လက်ရှိတွင် သင်္ဘောစင်းရေ ၂ဝ ခန့်ပြီးစီးနေပြီဖြစ်ကြောင်း ဒေါ်တင့် တင့်လွင်က ပြောသည်။ ”နိုင်ငံခြားက ကျွမ်းကျင်ပညာ ရှင်တွေနဲ့ လုပ်နေတာပါ”ဟု ၎င်းက ပြောသည်။ မြောက်ဒဂုံဘက်သို့ ပြေးဆွဲ မည်လမ်းကြောင်းဖြစ်သည့် ငမိုး ရိပ်ချောင်းတွင် သဲမြေရှိပြီး ရေပါးတတ်သည့်အတွက် လူဦးရေ ၆ဝ ဆံ့သည် သင်္ဘော အသေးများဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ပြောသည်။
Water Taxi စီးသည့်ခရီးသည် များကို ခရီးစဉ်စဆုံးအထိ ယာဉ်စီးခကျပ်ငွေငါးရာစီ ကောက်ခံသွားမည် ဖြစ်ပြီး ဘုန်းတော်ကြီးများ၊ သက်ကြီး ဘိုးဘွားများနှင့် စစ်မှုထမ်းဟောင်း များကို သင်္ဘောစီးခကောက်ခံမည် မဟုတ်ကြောင်း ၎င်းက ပြောသည်။ ယင်းယာဉ်စီးခနှုန်းထားသည် ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတ်မှတ် ထားသည့်နှုန်းထား မဟုတ်ဘဲ ကုမ္ပဏီက သတ်မှတ်ထားသည့်နှုန်းထားဖြစ်သည်။
ယင်း Water Taxi စီမံကိန်းနှင့် ပတ်သက်၍ လှိုင်သာယာတွင် နေထိုင်သူ ကိုနေမျိုးက ”လက်မှတ်ဈေး က ၅ဝဝ ဆိုတော့ ဈေးကြီးတာပေါ့။ အသွားအပြန်ဆို ၁ဝဝဝ ဖြစ်နေပြီ။ ပြီးရင် မှတ်တိုင်တွေနည်းတော့ ကိုယ် သွားတဲ့နေရာကို တန်းရောက်မှာ လည်းမဟုတ်ဘူး။ ပြီးရင် မြစ်ထဲမှာ သွားရတာဆိုတော့ တစ်ခုခုဖြစ်ရင် မလွယ်ဘူး”ဟု ပြောသည်။
အဆိုပါ Water Taxi စီမံကိန်းကို လွှတ်တော်တွင် ပွင့်လင်းမြင်သာ စွာချပြခြင်း မရှိသည့်အတွက် စီမံ ကိန်းအပေါ် လွှတ်တော်ကိုယ်စား လှယ်များကလည်း ဝေဖန်နေကြ သည်။ သင်္ဘောပြေးဆွဲရာတွင် သင်္ဘောတစ်စင်းနှင့် တစ်စင်းကို မိနစ် ၂ဝ စီခြားကာ ပြေးဆွဲသွား မည်ဖြစ်ပြီး ကနဦးတွင် လက်မှတ် စနစ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကာ နောက်ပိုင်းတွင် ကတ်စနစ်၊ မိုဘိုင်း ဖုန်းမှတစ်ဆင့် လက်မှတ်ဝယ်ယူသည့်စနစ်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က သည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ရေကြောင်း တက္ကစီ ပြေးဆွဲနိုင်ရေးအတွက် မြစ်ကြောင်းတစ်လျောက်ရှိ ဆိပ် ကမ်းတည်ဆောက်မည့်နေရာများကို ၂ဝ၁၆ ဇူလိုင်လက စတင် လေ့လာခဲ့ခြင်း ဖြစ်သည်။