အမြင်မဆန်းပေမယ့် ရင်ထဲ လန်းစေမယ့်မှော်ယောကြီးဆင်စခန်း

အမြင်မဆန်းပေမယ့် ရင်ထဲ လန်းစေမယ့်မှော်ယောကြီးဆင်စခန်း
January 11, 2017 Asian Fame

11:47 am
အမြင်မဆန်းပေမယ့် ရင်ထဲ လန်းစေမယ့်မှော်ယောကြီးဆင်စခန်း

15934763_1400713699978928_1805121721_n-copy

 ပဲခူးရိုးမတွင် သစ်ထုတ်လုပ် မှုဆယ်နှစ် ရပ်ဆိုင်းလိုက်ပြီးနောက် ဆင်စခန်းအများစုသည် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖော်   ဆောင်ရာ နေရာများ ဖြစ်လာခဲ့ သည်။ သစ်ဆွဲသည့်ဆင်များ အလုပ် လက်မဲ့မဖြစ်စေရန်နှင့် တစ်ဖက် တစ်လမ်းမှ အစိုးရဘဏ္ဍာငွေရ ရှိ စေရန် ဆင်စခန်းများကို ထိုသို့အ သွင်ပြောင်းလာခြင်း ဖြစ်သည်။ ထို ဆင်စခန်းများအနက် ရန်ကုန်မြို့ နှင့် လွန်စွာမဝေးသော   နေရာတွင် တည်ရှိပြီး တဖြည်းဖြည်း လူသိများ လာသော ဆင်စခန်းမှာ ကျောက် တံခါးမြို့နယ်ရှိ မှော်ယောကြီးဆင်စခန်းဖြစ်သည်။

မှော်ယောကြီးဆင်စခန်း

မှော်ယောကြီး ဆင်စခန်း သည် ကျောက်တံခါးမြို့နယ်အပိုင် တွင် တည်ရှိပြီး အိုင်ဒုံကြိုးဝိုင်း ၁၃ ဟုလည်းခေါ်ကြသည်။ ဆင်စခန်း ကို ၁၉၉၇ ခုနှစ်ကတည်းကစတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ စခန်းရှိဆင် များအားလုံးသည် ဝန်တင်ဆင်များ ဖြစ်သည်။ ကျင့်ဆင် (ဝန်တင်ဆင်) ၁၃ကောင်၊ သက်ကြီးဆင် ၃ကောင်၊ အသက်၅၅နှစ်အထက် (အနား ပေးထားသောဆင်) ၃ ကောင်၊ ခြေထောက်ကျိုးထားသည့် ဆင် ၁ ကောင်အပါအဝင် ဆင်စုစုပေါင်း ၂၁ ကောင်ရှိသည်ဟု သိရသည်။

”မှော်ယောကြီး ဆင်သမား ကျေးရွာ”ဟုလည်း ခေါ်ပြီး နေထိုင် သူ ၁၇၂ ဦး ရှိသည်။ ဆင်ထိန်း မိသားစုဝင်များနှင့်အတူ ပင်စင် စားများနေထိုင်ကြပြီး အိမ်ခြေ ၄၉ အိမ်ရှိကြောင်း သိရသည်။ ဆင် စခန်းတည်ရှိရာ နေရာသည် ပဲခူး ရိုးမသစ်စခန်းနှင့်မိုင် ၂ဝ မျှကွာ   ဝေးပြီး ရိုးမတွင်သစ်ထုတ်သည့် အခါ ဆင်ဦးစီးများအတွက် လို အပ်သော ကုန်စည်များကို ဆင် စခန်းရှိ ဝန်တင်ဆင်များဖြင့် ပို့   ဆောင်ပေးရခြင်း ဖြစ်သည်။ ဆင် စခန်းအနီးတွင် မှော်ယောကြီး ချောင်းနှင့် မှော်ယောလေးချောင်း ရှိပြီး တောတောင်စိမ့်စမ်းများဖြင့် သာယာလှပသည်။ ရိုးမတွင်သစ် ထုတ်လုပ်မှု ရပ်နားလိုက်သည့်အခါ ဆင်စခန်းကို သဘာဝအခြေခံခရီး သွားလုပ်ငန်း ဖော်ဆောင်ရန် စိတ် ကူးရလာခဲ့သည်ဟု ဆင်စခန်း၏ လက်ထောက်မန်နေဂျာ ဦးတင် ကျော်မိုးက ပြောသည်။

”ဆင်ရှိရင်လူတွေရဲ့အမြင်မှာသစ်ထုတ်တယ်၊ သစ်ခိုးတဲ့ဆင်တွေ ပါတယ်ဆိုပြီး သတင်းစာတွေမှာ မြင်နေရပါတယ်။ ကျွန်တော်တို့က အဲဒီလိုအမြင်ကို ပြောင်းချင်တယ်။ ပဲခူးရိုးမဆယ်နှစ် နားလိုက်တာကို ပီပြင်အောင် ပိုလို့သရုပ်ပါအောင် ဆင်တွေဘက်ကို ချိန်းရင်းနဲ့ ဆင် တွေကို ပြသရင်းနဲ့ ကျွန်တော်တို့ အသွင်ပြောင်းယူထားတာပါ” ဟု  ဆင်စခန်းကို ခရီးသွားနေရာတစ်ခု အဖြစ် ဖော်ဆောင်ခြင်းနှင့် ပတ် သက်၍ ၄င်းက ပြောသည်။

၂ဝ၁၆ခုနှစ် သြဂုတ် ၁၂ ရက် ”ကမ္ဘာ့ဆင်များနေ့”တွင် မှော်ယော ကြီးဆင်စခန်းရှိ ဆင်များအတွက် အခမ်းအနား စတင်ကျင်းပပေးခဲ့ ပြီး ထိုသို့လုပ်ဆောင်ရန် ညွှန်ကြား ချက် ရောက်လာရာမှ သဘာဝအ ခြေခံခရီးသွားလုပ်ငန်း ဖော်ဆောင် ကြည့်ရန်စိတ်ကူးရခဲ့သည်ဟု ၄င်း က ပြောသည်။

ကမ္ဘာ့ဆင်များနေ့အမီ ဝန် တင်ဆင်များကို စတင်လေ့ကျင့်ပေး ခဲ့ပြီး ရေပုံးဆွဲခြင်း၊ ဘောလုံးကန် ခြင်း ၊ဦးညွှတ်ခြင်း၊ ခြေမြှောက်ခြင်း၊ လှဲအိပ်ပြခြင်း စသည့်ပြကွက်များကိုဆင်ဦးစီးများက လေ့ကျင့်ပေးခဲ့ ကြသည်။

”ဆင်စခန်းကို လာတဲ့လူတွေ အနားနားကပ်လို့ ရအောင် နှာ မောင်းနားကပ်လို့ ရအောင်ကျင့် ပေးထားရတာ။ သင်လို့ရှိရင်တော့ ဆင်က အကုန်လုံးအမှတ်အသားရှိ တယ်လေ” ဟု ဆင်ဦးစီးတစ်ဦး ဖြစ် သည့် ဦးမင်းနိုင်က ပြောသည်။

img_6129-copy
ဆင်စခန်းကိုဘယ်လိုသွားမလဲ

မှော်ယောကြီး ဆင်စခန်းသည် ရန်ကုန်-မန္တလေးအမြန်လမ်း ၁ဝ၅ မိုင် ၄ ဖာလုံတွင် တည်ရှိသည်။ ကိုယ်ပိုင်ကားဖြင့် သွားမည်ဆိုပါ က မောင်းချိန် ၂ နာရီကျော်မျှ ကြာ မြင့်ပြီး ရန်ကုန် -နေပြည်တော် အ ဝေးပြေးကားများစီး၍လည်း သွား ရောက်နိုင်သည်။ အဝေးပြေးကား စီးပါက ၁ဝ၅ မိုင် ၄ ဖာလုံ ကား လမ်းမအထိ ဆင်စခန်းမှလာကြို ပေးသည်။ နွေရာသီတွင် ကားဖြင့် လာကြိုပြီး မိုးရာသီတွင်မူ ဆင်များ ဖြင့် ကားလမ်းမအထိ လာကြိုပေး သည်ဟု သိရသည်။ ခရီးသွားများ အနေဖြင့် မိုးရာသီတွင် စိမ်းလန်း သော ရှုခင်းများကို ကြည့်ရှုရင်း တစ်မိုင် ခရီးကို ဆင်စီးရင်းပျော်ရွှင် စွာ သွားရောက်နိုင်မည် ဖြစ်သည်။ ဆင်စခန်းရှိရာ ၁ဝ၅ မိုင် ၄ ဖာလုံ တွင် ခရီးသွား များ မြင် သာအောင် ဆိုင်းဘုတ်အစိမ်းဖြင့် လမ်းညွှန် ပေးထားပြီး ဆင်စခန်းသို့ဝင်ရာ အတွင်းလမ်းတွင်လည်း ဆိုင်းဘုတ် လေးများဖြင့် လမ်းပြသ ထားသည့် အတွက် အဆင်ပြေလွယ်ကူစွာ သွားရောက်နိုင်မည်ဖြစ်သည်။

လက်ရှိတွင်ဆင်စခန်းအထိ ရောက်Express ကားကြီးများ ဝင် ၍မရသေးသော်လည်း ကားသေး များ၊ မီနီဘတ်စ်များသွား၍ ရနေပြီ ဖြစ် သည်။ ဆင်စခန်းသို့ သွားရာ လမ်းဘေး တစ်ဖက်တစ်ချက်တွင် ရေကန်ကြီးများ၊ စိုက်ခင်းများရှိပြီး ချောင်းငယ်လေးတစ်ခုကို လည်း ဖြတ် သန်းရမည်ဖြစ်သည်။ ကိုယ် ပိုင်ကားဖြင့် သွား၍ လမ်းမသိပါက ဆင်စခန်းသို့ ဖုန်းဆက်လိုက်ရုံဖြင့် ဖော်ရွေသော ဆင်ဦးစီးမိသားစုဝင် တစ်ဦးက လာရောက်ကြိုဆို လမ်း ပြပေးမည်ဖြစ်သည်။

ဆင်စခန်းသို့ လာရောက်သူ မြန်မာနိုင်ငံသား တစ်ဦးလျှင် ဝင် ကြေး ကျပ်တစ်ထောင်သာ ကောက် ခံပြီး နိုင်ငံခြားသားဧည့်သည်များ ကိုမူ ဝင်ကြေး ကျပ်နှစ်သောင်း ကောက်ခံကြောင်း သိရသည်။

15909430_1400713236645641_1873302357_n-copy

ဆင်စခန်းကိုရောက်ပြီဆိုရင်

အမြန်လမ်းမှ တစ်မိုင်ခန့်သွား ပြီးပါက လမ်း၏ ဘယ်ဘက်ခြမ်း တွင် မှော်ယောကြီးဆင်စခန်းမှ ဆင်ဦးစီးမိသားစုများ၏ အိမ်များ ကိုရှေးဦးစွာ မြင်တွေ့ရမည်ဖြစ် သည်။ ဆင်စခန်းသို့ လာရောက် သော ဧည့်သည်များ နားနေနိုင်ရန် ဝါး၊ သက်ငယ်များဖြင့် ဆောက် လုပ်ပေးထားသော နားနေဆောင် တွင် အနားယူရင်း ဆင်ခလောက်၊ ဆင်ဆပ်ပြာစသည့် ဆင်များ၏ အ သုံးအဆောင် များကို လေ့လာနိုင် မည် ဖြစ်သည်။ သိလိုသည်များကို မေးမြန်းနိုင်ပြီး ဆင်စခန်းလက် ထောက် မန်နေဂျာနှင့် ဆင်ဦးစီး များက စိတ်ရှည်
လက်ရှည် ရှင်းပြ ပေးမည် ဖြစ်သည်။

ဧည့်သည်များ မနက် ၈ နာရီ ခွဲ ၉ နာရီအမီ လာရောက်ပါက ဆင်များရေချိုးသည်ကို ကြည့်ရှုနိုင်   ပြီး ထို့နောက်တွင် ဆင်လေးများ၏ သရုပ်ပြကွက်များကို ကြည့်ရှုရမည် ဖြစ်သည်။ စမ်းချောင်းမှ ရေခပ်ပြ ခြင်း၊ ဘောလုံးကန်ခြင်း၊ တုံးပေါ် လမ်းလျှောက်ခြင်းစသည့် ဆင်လိ မ္မာ ပြကွက်များကို ကြည့်ရှုရမည်ဖြစ် သည်။ ဆင်များကို အစာကျွေးလို ပါကလည်း ရွှေဖရုံသီး၊ ကြံ၊ ဖရဲသီး စသည်ဖြင့် အသီးမျိုးစုံပါသော   ခြင်းတစ်ခြင်းလျှင် ကျပ်နှစ်ထောင် နှုန်းဖြင့် ဝယ်ယူ၍ အစာကျွေးနိုင် မည် ဖြစ်သည်။

”ဧည့်သည်တွေ မလာဘူးဆို ရင်တော့ ညဘက်ဆိုကျွန်တော်တို့ က ဆင်တွေကို တောထဲလွှတ်လိုက် တာပါပဲ။တောထဲမှာပဲ သူတို့ ရှာ ဖွေစား သောက်ကြတာ။ မနက်ဆို ရင် ဆင်ဦးစီးက ဆင်လိုက်ကောက် ရတာပေါ့။ ဧည့်သည်တွေလာရင် တော့ ဧည့်သည်တွေကျွေး တာက သူတို့အတွက်မုန့်ပေါ့။ ကလေးတွေ မုန့်စားရသလိုပေါ့” ဟု ဦးတင် ကျော်မိုးက ပြောသည်။

ဆင်စာတစ်ခြင်း ကျပ် နှစ် ထောင်နှုန်းဖြင့် ကျွေးနိုင်သလို ဆင် ၂၁ ကောင်လုံးအတွက် ဆင် ဘူဖေးလည်းကျွေးနိုင်ကြောင်း၊ ဆင် ဘူဖေး ကျွေးမည်ဆိုပါက ကျပ်နှစ် သိန်းနှုန်းဖြင့် စီစဉ်ပေးကြောင်း သိ ရသည်။ ဆင်ဘူဖေးကျွေးလျှင် ဆင်စခန်းရှိ နာမကျန်းဖြစ်နေသော ဆင်များ၊ အနားယူထားသော ဆင် များပါမကျန် အားလုံးခေါ်ကာ ကျွေးမွေးခြင်းဖြစ်ပြီး ဆင်စခန်း ဖွင့်သည့် ၂ဝ၁၆ ခုနှစ် သြဂုတ်လ မှစ၍ လက်ရှိအချိန်အထိ ဆင်ဘူ ဖေး ဆယ်ကြိမ်မျှ ကျွေးပြီးဖြစ် ကြောင်း သိရသည်။

img_6066-copy

ဆင်စာ ပြီးတော့ လူစာ

ဆင်စခန်းသို့ လာရောက်သူ များအနေဖြင့် နေ့ချင်းပြန် လာ ရောက်ကြမှုများပြီး ညအိပ်လိုပါ ကလည်း ဝန်ဆောင်မှုစတင်ပေး   နေပြီဖြစ် သည်။ ညအိပ်လိုသူများ အတွက် လေးယောက်တစ်ဖွဲ့စာ  ဆင်ဦးစီးတဲတစ်လုံးလျှင် ကျပ် နှစ် သောင်းခွဲနှုန်း (စောင်၊ ခြင်ထောင်၊ ခေါင်းအုံး များအပါအဝင်)ဖြင့်  ဝန် ဆောင်မှုပေးနေသည်ဟု သိရသည်။ ထိုသို့လာရောက်ကြရာတွင် နံနက် စာ၊ နေ့လယ်စာ၊ ညစာလုပ်ဆောင်   ပေးရန် ဆင်စခန်းသို့ ဖုန်းကြိုဆက် ထားပါက သန့်ရှင်းလတ်ဆတ်သော တောဟင်းလျာများကို မြည်းစမ်းခွင့်ရမည်ဖြစ်သည်။

နံနက်စာအ တွက် ကျပ်တစ်ထောင်၊ နေ့လယ် စာအတွက် ကျပ်လေးထောင် ကျ သင့်မည်ဖြစ်ပြီး တောကြက် သောက်စမ်း၊ မျှစ်သုပ်၊ ခရမ်းချဉ် သီးငါးပိချက်၊ ပန်းပွင့်ကြော်စသည့် တောချက် ဟင်းလျာများက ဧည့် သည်များ ထမင်းမြိန်စေမည် ဖြစ်သည်။ ထိုဟင်းလျာများကို ဆင်ဦး စီးမိသားစုဝင်များက အလှည့်ကျ တာဝန်ယူ ချက်ပြုတ်ခြင်းဖြစ်ပြီး ဧည့်သည်များစွာ လာရောက်ခြင်း ဖြင့် ဆင်စခန်းမိသားစုဝင် များအ တွက်လည်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည်ဖြစ်သည်။

    ”တစ်ခါတလေလည်း အ ယောက် ၂ဝ လောက်လာမယ်ဆို ပြီး ကြိုမှာတာရှိတယ်။ ကျွန်မတို့ ဒီက မိသားစုဝင်တွေ အလှည့်ကျ ချက်ကြ တာပေါ့။ ဒီကတော့ တော ထဲဆိုတော့ တောစာပဲ အဓိကချက် တာပါ”ဟု ဆင်စခန်းမိသားစုဝင် တစ်ဦးက ပြောသည်။

မှော်ယောကြီးချောင်းသို့

နေ့လယ်စာ မစားခင်မှော် ယောကြီးချောင်းသို့ ဆင်စီးကာ သွားရောက်နိုင်ပြီး ဆင်စခန်းသို့ လာရောက်ချိန် နောက်ကျပါက မွန်းလွဲ ၃ နာရီတွင် ဆင်စီးနိုင်မည် ဖြစ်သည်။ ဆင်စီးပါက မြန်မာနိုင်ငံ သားတစ်ဦးလျှင် ကျပ်ငါးထောင်ကျ သင့်ပြီး၊ နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် နှစ်သောင်းကျသင့်မည် ဖြစ် သည် ။ ချောင်းသို့အသွားအပြန် တစ်နာရီမျှကြာမြင့်ပြီး မှော်ယော ကြီးချောင်းသို့ သွားရာ လမ်းအစ တွင် ကရင်တိုင်းရင်းသားမိသားစု များ၏နေအိမ်များ၊ ငှက်ပျောတော များကို တွေ့မြင်ရမည်ဖြစ်သည်။

တောင်ဆင်းတောင်တက် အ နိမ့်အမြင့် အကွေ့အကောက်များ သော တောလမ်းအတိုင်း ဆင်စီး သွားရာတွင် ကျေးငှက်ကလေးများ ၏ အသံများ၊ စမ်းရေစီးသံများကို နားဆင်ရင်း သိလိုသည်များကို လည်း ဆင်ဦးစီးများက ရှင်းပြပေး မည်ဖြစ်သည်။ နာရီဝက်မျှ သွား ပြီးပါ က မှော်ယောကြီးချောင်းသို့ ရောက်ရှိမည်ဖြစ်သည်။ တောင် ပေါ်မှ ရေတံခွန်သဖွယ် အဆင့် ဆင့်စီးဆင်းလာကာ ချောင်းတစ်ခု အဖြစ် ဖြစ်တည်နေခြင်းဖြစ်၍ ရေ တံခွန်အဆင့်ထိတက်၍ တောတွင်း အလှအပများကို ကြည့်ရှုနိုင်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူး   နိုင်မည်ဖြစ်သည်။ ရိုးသားဖော်ရွေ သော ဆင်ဦးစီးများက စိတ်ရှည် လက်ရှည် စောင့်ဆိုင်းပေးခြင်း ကြောင့် တောထဲတွင် သန့်ရှင်း   အေးမြသော ချောင်းရေချိုးရင်း ပင်ပန်းခဲ့သမျှ စိတ်ကြိုက် အပန်း ဖြေအနားယူနိုင်မည် ဖြစ်သည်။

သစ်ပင်လည်း စိုက်လို့ရမယ်

သဘာဝ အခြေခံခရီးသွား လုပ်ငန်းဖြစ်သဖြင့် သစ်တောနှင့် သစ်ပင် ချစ်တတ်သူများအတွက် ဆင်စခန်းက အစီအစဉ်သစ်တစ်ခု လုပ်ဆောင်ရန်လည်း ပြင်ဆင်နေ ပြီဖြစ်သည်။ ဆင်စခန်းသို့ လာ ရောက်သူများ သစ်ပင်စိုက်နိုင်ရန် ပျိုးပင်များကို စတင် ပြုစုနေပြီး လာမည့်မိုးရာသီတွင် လာရောက် သူများ သစ်ပင်စိုက်ပျိုးနိုင်တော့ မည်ဖြစ်သည်။

”နောက်နှစ်ကျရင် အဲဒီပျိုးပင် တွေကို ကျွန်တော်တို့ အတန်းလိုက် စိုက်မယ်။ ဧည့်သည်က စိတ်ဝင် စားတယ်၊ သစ်ပင်စိုက်ချင်ပါတယ် ဆိုရင် လာစိုက်လို့ရတယ်။ သစ် ပင်စိုက်ရာသီဆိုတော့ ခြောက်လ ပိုင်းကနေ ဆယ်လပိုင်းလောက် အထိပေါ့။ အပင်တွေကတော့ ကျွန်း၊ ပျဉ်းကတိုး၊ ယမနေတို့ မဟော်ဂနီတို့ပေါ့” ဟု ဦးတင် ကျော်မိုးကပြောသည်။

ဆင်စခန်းအဖြစ် စတင်လုပ် ဆောင်ခဲ့သည်မှာ တစ်နှစ်ပင် မ ပြည့်သေးသော်လည်း တောတောင် ရေမြေသာယာလှပမှု၊ ဆင်စခန်း မိသားစုဝင်များ၏ ရိုးသားဖော်ရွေ မှုတို့ကြောင့် မှော်ယောကြီး ဆင် စခန်းသို့ ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်များတွင် လာရောက်လည် ပတ်လေ့လာကြသူများ ရှိလာပြီ ဖြစ်သည်။ ကြားရက်များတွင်မူ လာရောက်သူ နည်းနေသေးသဖြင့် ၁၁၅ မိုင်သို့ သွားရောက်ကာ လက်ကမ်းစာစောင်များ ဝေငှရင်း ခရီးသွားများပိုမို သိရှိလာအောင် လုပ်ဆောင်လျက်ရှိသည်ဟု သိရ သည်။

 သစ်တောသစ်ပင် ချစ်တတ် သူများ၊ တောဆင်စခန်းများ၏သဘာဝကို လေ့လာလိုသူများ၊ တောတွင်း စွန့်စားသွားလာရခြင်းကိုကြိုက် သူများအတွက် မှော် ယောကြီးဆင်စခန်းသည် စိတ်ကျေ နပ်မှု အပြည့်အဝ ပေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ နေ့ ချင်းပြန် သွားရောက်နိုင်သည့် အ တွက် ရက်ရှည်အချိန်မပေးနိုင်သူ များအတွက်လည်း အဆင်ပြေနိုင် မည်ဖြစ်သည်။ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို အားပေးမြှင့် တင်ရာ ရောက်သည့်အပြင် ဆင် လိမ္မာလေးများကို အစာကျွေးရင်း ကုသိုလ်ယူနိုင်သည့်အတွက် တစ် ခါတစ်ေ ခါက် အလည်အပတ် သွားရောက်သင့်သော ခရီးစဉ် တစ်ခုလည်း ဖြစ်ပေသည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*