ရင်းနှီးမြုပ်နှံမှုမြင့်တက်လာစေရေးအတွက် အနှစ် (၂၀) စီမံကိန်းဖြင့် အကောင်အထည်ဖော်နေ

ရင်းနှီးမြုပ်နှံမှုမြင့်တက်လာစေရေးအတွက် အနှစ် (၂၀) စီမံကိန်းဖြင့် အကောင်အထည်ဖော်နေ
October 8, 2018 Asian Fame

1:19 pm
ရင်းနှီးမြုပ်နှံမှုမြင့်တက်လာစေရေးအတွက် အနှစ် (၂၀) စီမံကိန်းဖြင့် အကောင်အထည်ဖော်နေ

001နေပြည်တော် အောက်တိုဘာ ၈

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မြှင့်တင်ရန်ရည်ရွယ်ပြီး ယခုအစိုးရလက်ထက်မှစတင်ကာ အနှစ်(၂၀)စီမံကိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကဆိုသည်။

“အခုအစိုးရသက်တမ်း (၂၀၁၆)ကနေ(၂၀၂၁)အထိက ကာလတို၊နောက်အစိုးရလက်ထက် (၂၀၂၁)ကနေ(၂၀၂၆)အထိကကာလလတ်ပေါ့။နောက်အစိုးရသက်တမ်းတွေဖြစ်တဲ့ (၂၀၂၆)ကနေ(၂၀၃၆)အထိက ကာလရှည်ဆိုပြီးအစိုရလေးဆက်စာစီမံကိန်းရေးဆွဲအကောင်အထည်ဖော်နေတာပါ”ဟု ယနေ့နေပြည်တော် သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးစာအုပ်မိတ်ဆက်ပွဲတွင် MICအတွင်းရေးမှူး ဦးအောင်နိုင်ဦးကမီဒီယာများကို ပြောကြားခဲ့ခြင်းသည်။

၎င်းစီမံကိန်းအတွက် ကာလအပိုင်းအခြားအလိုက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာရန်သတ်မှတ်ထားပြီး ယခုအစိုးရသက်တမ်းအတွင်း ဘဏ္ဍာနှစ်တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅.၈)ဘီလီယံ(ကန်ဒေါ်လာသန်းပေါင်း၅၈၀၀)ရရှိရန် မျှော်မှန်းထားသည်ဟုသိရသည်။

(၂၀၂၁)မှစတင်ကာ လာမည့်အစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှာနှစ်စဉ်အမေရိကန်ဒေါ်လာ(၈.၅)ဘီလီယံရရှိရန်မျှော်မှန်းထားပြီးနောက်ဆုံးကာလရှည်စီမံကိန်းကာလတွင်တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှ အမေရိကန်ဒေါ်လာ (၁၂.၃)ဘီလီယံမှ(၁၇.၆)ဘီလီယံအထိ တိုးတက်ရရှိလာရန် ဆောင်ရွက်သွားမည်ဖြစ်သည်။(၂၀၃၀)ပြည့်နှစ်တွင် အလယ်အလတ်အဆင့် ဝင်ငွေရှိသည့်နိုင်ငံဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဟုသိရသည်။

“MIC နဲ့အလုပ်လုပ်ကိုင်ရတာလျှင်မြန်လာတယ်လွယ်ကူလာတယ်ဆိုတာမျိုး တစ်ဖက် Investorတွေဆီက ပြန်သိရပါတယ်။ဒါပေမယ့် MICကခွင့်ပြုမိန့်ကျပေမယ့်တခြား ဌာနတွေမှာလုပ်ရက်ုင်ရတာလိုင်စင်အပိုင်းတွေလိုမျိုးမှာကြန့်ကြာနေတာမျိုးရှိနေတယ်လို့လည်း ပြန်ကြားရတော့ ဒါတွေကိုလည်းဌာနတွေပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု MIC အတွင်းရေးမှူးဦးအောင်နိုင်ဦးကဆိုသည်။

စီမံကိန်းစတင်ခဲ့သည့် ဘဏ္ဍာနှစ်တွင်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏမှာ တစ်လလျှင်ပျှမ်းမျှ ကန်ဒေါ်လာ သန်း(၅၅၀)ခန့်ဝင်ရောက်ခဲ့သော်လည်း ယခု (၂၀၁၈)ဘဏ္ဍာနှစ်(မီနီဘက်ဂျက်)အတွင်း တစ်လလျှင်ပျမ်းမျှအမေရိကန်ဒေါ်လာ (၃၅၀)ခန့်သာ ဝင်ရောက်ခဲ့သည်ဟုလည်းသိရသည်

ယခု အောက်တိုဘာ ၁ရက်နေ့မှစတင်သည့် (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်အတွင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာသန်း (၅၈၀၀) အထိရရှိမည်ဟုမျှော်မှန်းထားကြောင်းကိုလည်း MIC အတွင်းရေးမှူးက မီဒီယာများကို ပြောဆိုခဲ့သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*