နစ်နာကြေး ၅လစာမယူဘဲ အလုပ်သာပြန်လိုချင်တဲ့ စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၉၉ ဦးအတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိသေး

နစ်နာကြေး ၅လစာမယူဘဲ အလုပ်သာပြန်လိုချင်တဲ့ စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၉၉ ဦးအတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိသေး
June 18, 2018 AsianFame MediaGroup

4:31 pm
နစ်နာကြေး ၅လစာမယူဘဲ အလုပ်သာပြန်လိုချင်တဲ့ စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၉၉ ဦးအတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်မရှိသေး

35557966_1830530230324267_3829421862207619072_n

ကျိုက်ထို၊ ဇွန် ၁၈

နစ်နာကြေး ၅လစာ မယူဘဲ အလုပ်သာပြန်လိုချင်တဲ့ စစ်တောင်းစက္ကူစက်ဝန်ထမ်း ၂၉၉ ဦးအတွက် အလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေးဖို့ လက်ရှိအစီအစဉ်မရှိသေးကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် မဲဆန္ဒနယ် ၁၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် (ခ)ဦးလှမြင့်သန်း မေးမြန်းခဲ့တဲ့ “မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စုနေ ယခင်းစစ်တောင်းစက္ကူစက်ဝန်ထမ်းဟောင်းများဖြစ်သည့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ၃၀ ရက် ၁၁ လ ၂၀၁၇ ခုနှစ်တွင် ၅လစာပေး၍ အလုပ်မှ အနားယူစေခြင်းခံရသည့် ၀န်ထမ်း ၄၇၆ ဦးနှင့်ပတ်သက်၍ အလုပ်အကိုင်ရရှိရေး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း” မေးခွန်းအပေါ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အခုလိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးက ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီကနေ စစ်တောင်းစက္ကူနဲ့ပတ်သက်တဲံ့ကိစ္စတွေအားလုံးကို ၂၀၁၈ ခုနှစ် ၅လပိုင်း ၂ ရက်နေ့မှာ မွန်ပြည်နယ်အစိုးရထံ အားလုံးတရားဝင်လွှဲပြောင်းခဲ့ကြောင်း ၊ စက္ကူစက်ပိတ်သိမ်းမှုအတွက် ၀န်ထမ်း ၄၇၃ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ၎င်းတို့ကို ဥပဒေပါအ တိုင်း နစ်နာကြေး ၅လစာပေးခဲ့ကြောင်း ၊ လက်ရှိအချိန်ထိ အလုပ်ထုတ်နစ်နာကြေးလာရောက်ထုတ်ယူသူ ၁၇၄ ဦးရှိပြီးဖြစ်ကြောင်းနဲ့ မေးခွန်းပိုင်ရှင်မေးမြန်းတဲ့ ကျန် ၂၉၉ဦးအတွက် အလုပ်အကိုင်ရရှိရေးသီးခြားစီစဉ်ဆောင်ရွက်ထားတာမျိုးမရှိသေးပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ပုဂ္ဂလိကပါဝင်ပူးပေါင်းသူများ၏လုပ်ငန်း စတင်ချိန်မျိုးမှသာလျှင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ကအကြောင်းပြန်ထားပါတယ်” လို့ ဦးခင်မောင်ချိုက ထပ်လောင်းဆိုပါတယ်။

လက်ရှိ အဆိုပါ စစ်တောင်းစက္ကူစက်ရုံနေမှာ လုပ်ငန်းရင်းနှီးမြုပ်နှံဖို့ စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေရှိနေပြီးသူတို့ကတော့ တရုတ်ကုမ္ပဏီ ၁ ခု(သံမဏိစက်ရုံလုပ်ရန်) ၊ ကိုရီးယားကုမ္ပဏီ ၁ခု (ကွန်ကရစ်နဲ့လျှပ်စစ်ပစ္စည်းစက်ရုံလုပ်ရန်) ၊ ဂျပန်ကုမ္ပဏီ ၂ ခု ၊ မြန်မာကုမ္ပဏီ ၁ခု (တန်ဖိုးနည်းအိမ်ယာဆောက်လုပ်ရန်) တို့ဖြစ်တယ်လို့ သူကဆိုပါတယ်။

အဲဒီကုမ္ပဏီတွေဟာ ကွင်းဆင်းလေ့လာခဲ့ပြီး ၀န်ထမ်းတွေရဲ့ဘ၀အာမခံချက်ရရှိရေးအတွက် ရှေ့လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးညှိနှိုင်းနေကြောင်းနဲ့ မကြာခင်လူမှုဘ၀အဆင်ပြေစေနိုင်ရေးအတွက် လုပ်ငန်းတွေကို အမြန်ဆုံးစတင်နိုင်မှာဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ဖြေကြားလိုပါတယ်လို့ ၎င်း ကထပ်မံဆိုပါတယ်။

မေးခွန်းမေးမြန်းသူ ဦးလှမြင့် ကတော့ နစ်နာကြေးဒီကနေ့အထိမယူသေးဘဲ အလုပ်သာပြန်လည်လိုချင်တဲ့ အဆိုပါ ၀န်ထမ်း ၂၉၉ဦးဟာ စားဝတ်နေရေးအတွက်ဒုက္ခရောက်နေကြောင်း မှတ်တမ်းဓာတ်ပုံတွေနဲ့ ပြောပြပါတယ်။ စက်ရုံလည်ပတ်ခြင်း လုံးဝမရှိဘဲ အလုပ်သမားတွေကို တစ်လ လစာ သိန်း ၆၅၀ ကျော်လောက် ၃ နှစ်ကျော်တိုင်တိုင် ပေးနိုင်ခဲ့တဲ့ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီအနေနဲ့ ဒီဝန်ထမ်းတွေအတွက် အလုပ်အကိုင်ဆောင်ရွက်ပေးသင့်တယ်လို့ သူကဆိုပါတယ်။

အဆိုပါ ၀န်ထမ်း ၂၉၉ ဦးဟာယခင် ကုမ္ပဏီနဲ့ ပြည်ထောင်စု အစိုးရကြား သဘောတူညီခဲ့တဲ့ အလုပ်အကိုင်ပြန်လည်ဖန်တီးပေမယ်ဆိုတဲ့ ကတိက၀တ်ကို တည်စေဖို့ အလိုရှိနေကြတာဖြစ်ပါတယ်။

ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီဟာ လုပ်ငန်းဆောင်ရွက်ဖို့မရှိတော့တဲ့ စစ်တောင်းစက္ကူစက်ရုံကို အပြီးသတ်ပိတ်သိမ်းကြောင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒီကိစ္စတွေအတွက်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်ဟာ အမျိုးသားလွှတ်တော်မှာမေးခွန်းတစ်ခါမေးမြန်းခဲ့ပါသေးတယ်။ အခုတစ်ကြိမ်မေးမြန်းမှုနဲ့ဆိုရင် ၂ကြိမ်ရှိပြီဖြစ်ပါတယ်။

အလားတူ နစ်နာကြေး မယူဘဲ အလုပ်သားပြန်လိုချင်တဲ့ ၀န်ထမ်း ၂၉၉ ဦးဟာ ၂ကြိမ်တိုင်တိုင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*