ချင်းပြည်နယ်အတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ၆ ခု ထပ်မံ အကောင်အထည်ဖော်ဖို့ရှိ

ချင်းပြည်နယ်အတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ၆ ခု ထပ်မံ အကောင်အထည်ဖော်ဖို့ရှိ
June 15, 2018 Fame Asian

5:33 pm
ချင်းပြည်နယ်အတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ၆ ခု ထပ်မံ အကောင်အထည်ဖော်ဖို့ရှိ

35325186_1826130310764259_3606578441832366080_n

 

နေပြည်တော်၊ ဇွန် ၁၅

ချင်းပြည်နယ်အတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ၆ ခု ထပ်မံ သတ်မှတ်ရည်ရွယ်ပြီးအကောင်အထည်ဖော်ဖို့ ရှိတယ်လို့ သယံဇာတနဲ့သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ် ၃ ကိုယ်စားလှယ် ဦးဘွဲခိန်း မေးမြန်းတဲ့ “ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် တောရိုင်းတိရိစ္ဆာန်များတားဆီးကာကွယ်ထိန်းသိမ်းရန် ဘေးမဲ့တောများတည်ဆောက်ပေးရန် ရှိ/မရှိ ” မေးခွန်းအပေါ် ၀န်ကြီးကအခုလိုထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ နတ်မတောင်အမျိုးသားဥယျာဉ် ၊ ကျောက်ပန်းတောင်းတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော တို့ရှိပြီး ထပ်မံ သတ်မှတ်ဖို့ နေရာ ၆ ခုရှိကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။

ဒါတွေကတော့ ဟားခါးမြို့နဲ့ထန်တလန်မြို့နယ်အတွင်းမှာကျရောက်နေတဲ့ ဗွေပါးတောင်အမျိုးသားဥယျာဉ် ၊ ကျီးရီးယန်းတောင်အမျိုးသားဥယျာဉ် ၊ ဖလမ်းမြို့နယ်အတွင်းမှာကျရောက်နေတဲ့ လေသာတောင်အမျိုးသားဥယျာဉ် ၊ ထန်တလန်မြို့နယ်အတွင်းမှာကျရောက်နေတဲ့ မီအေပီတောင် ၊ ဇိန်မူတောင် ၊ စာမွှန်းတောင် တို့ကို သဘာဝထိန်းသိမ်းရေးနယ်မြေတွေအဖြစ်သတ်မှတ်ဖို့ ရည်ရွယ်ထားပြီးအမိန့်စာထုတ်ပြန်ဖို့ရှိတယ်လို့ ပြည်ထောင်စု ၀န်ကြီးဦးအုန်းဝင်းက ဆိုပါတယ်။

ဒါတွေကို သတ်မှတ်ပြီးရင် ချင်းပြည်နယ်အတွင်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေ ၈ခုဖြစ်လာမှာဖြစ်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေစုစုပေါင်းစတုရန်းမိုင် ၄၇၉.၀၉၄မိုင် ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ချင်းပြည်နယ် ၉ မြို့နယ်စလုံးကို လွှမ်းခြုံပြီး သဘာဝထိန်းသိမ်းရေးနယ်မြေဖွဲ့စည်းနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ သူကထပ်လောင်းဆိုပါတယ်။

ဇီဝမျိုးစုံမျိုးကွဲတွေစာရင်းကောက်ယူဖို့လိုခြင်း၊ သဘာဝ ထိန်းသိမ်းရေးဝန်ထမ်းတွေကိုတိုးချဲ့ခန့်ထားဖို့အခက်အခဲရှိခြင်း ၊ ဘဘာဝနယ်မြေတွေဖွဲ့စည်းပြီးရင်လည်း အုပ်ချုပ်ရေးမှူးတွေခန့်ထားခြင်း၊ ရုံးတွေဆောက်လုပ်ခြင်း ကင်းလှည့်ထိန်းသိမ်းရေးတွေလိုအပ်တာကြောင့် လောလောဆယ်အားဖြင့် ၉မြို့နယ်စလုံးမှာလွှမ်းခြုံပြီးမဖွဲ့စည်းနိုင်သေးတာဖြစ်ကြောင်း ၀န်ကြီးက ရှင်းလင်းပါတယ်။

မေးခွန်းမေးမြန်းသူ ဦးဘွဲ့ခိန်းက ချင်းပြည်နယ်အတွင်းမှာ ယောကျာ်းကောင်းပီသရင် သေနတ်တစ်လက်နဲ့ အိမ်တစ်လုံးပိုင်ဆိုင်ရမယ်ဆိုတဲ့ အယူကို ၁၉၇၀ အထိကျင့်သုံးခဲ့ပြီး အဆိုပါအယူအဆကြောင့် တောငှက်တိရိစ္ဆာန်တွေ တစ်ဖြည်းဖြည်းတိမ်ကောလာကြောင်း ၊ တစ်ချို့မုဆိုးတွေဆိုရင် တောကောင် ၁၀၀၀ ကျော်ပစ်သတ်နိုင်ခဲ့တာတွေရှိကြောင်း ၊ သူတို့ကို ဂုဏ်ယူဝမ်းမြောက်ချီးမြှောက်ကြတဲ့အလေ့အထရှိကြောင်း ကျားဝက်ဝံ တို့ကို သတ်နိုင်တဲ့သူဆိုရင် အကြီးအကျယ်ပျော်ပွဲရွှင်ပွဲပြုလုပ်ပေးတာရှိကြောင်း ပြောပါတယ်။

၁၉၇၀ နောက်ပိုင်းမှာတော့ စီးပွားရေးလောဘသမားတွေက ကျား/သမင်/ ဒရယ် စတဲ့ သတ္တ၀ါတွေရဲ့ အစိတ်အပိုင်းတွေကို စုဆောင်းကြတာကြောင့် သေနတ်ရှိတဲ့ မုဆိုးက သေနတ်နဲ့ မရှိတဲ့မုဆိုးက ထောင်ချောက်နဲ့ အသီးသီး သတ်ဖြတ်ခဲ့ကြရာ အခုဆိုရင်ချင်းပြည်နယ်အတွင်းမှာ သတ္တ၀ါတွေဟာမျိုးဆက်ပါပျောက်တော့မယ့်အနေအထားရှိပြီး ကျား၊ ၀က်ဝံ ၊ဒရယ်၊ သမင်၊ အောက်ချင်းငှက် ၊ဥဒေါင်း၊ တောင်ဆိတ် သတ္တ၀ါတွေကို စာအုပ်အတွင်းမှာသာကြည့်ရူနေရတဲ့အခြေအနေရောက်ခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။

ပြည်နယ်အစိုးရက တားမြစ်အမိန့်စာတွေထုတ်ပေမယ့် လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် တင်းကြပ်တဲ့ ဥပဒေတွေသတ်မှတ်ပြီး ကွင်းဆင်းကာအသိပညာပေးရှင်းလင်းတာမျိုးပြုလုပ်ဖို့ ၊ အသိပညာပေးခြင်းအစီအစဉ်ပြီးလို့ လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် ထိရောက်စွာအရေးယူပေးဖို့ ဦးဘွဲ့ခိန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ချင်းပြည်နယ်ဟာဆိုရင် မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ပြည်နယ်တွေအထဲမှာ သဘာဝမျိုးစိတ်သတ္တ၀ါတွေ ပေါများတဲ့ဒေသတစ်ခုအဖြစ်မှတ်တမ်းဝင်ထားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာမရှိတဲ့ “မျက်ခုံးဖြူငှက်ပြာခြောက်” သတ္တ၀ါဟာ ချင်းပြည်နယ် နတ်မတောင်အမျိုးသားဥယျာဉ်မှာသာရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အထိ သဘာဝနယ်မြေပေါင်း ၄၀ ကိုသတ်မှတ်ခဲ့ပြီးနိုင်ငံ့ဧရိယာရဲ့ ၅.၇၉ ရာခိုင်နှုန်းလွှမ်းခြုံထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရကတော့ နိုင်ငံ့ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းအထိလွှမ်းခြုံသတ်မှတ်နို်င်အောင်ရည်မှန်းထားကြောင်းသိရပါတယ်။

AF-178

Photo Credit – A.M Star Travel & Tour

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*