2:51 pm
မိုင်းတုံ ၊ မတ် ၆
ဒေသခံတွေကန့်ကွက်နေကြတဲ့ သံလွင်မြစ်ပေါ်မှာတည်ဆောက်မယ့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံသားပညာရှင် ၁၈ ဦးကို အဆိုပါဒေသ သို့ သွားရောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ တရုတ်ပညာရှင် ၅ ဦးအပါအ၀င် စုစုပေါင်း ၇ ဦးဟာ အဆိုပါရေအားလျှပ်စစ်တည်ဆောက်မယ့်နေရာကိုသွားရောက်ခဲ့တယ်လို့ မိုင်းတုံဒေသခံတွေထံကနေသိရပါတယ်။
(အထက်သံလွင်) လို့ခေါ်တဲ့ အဆိုပါ မိုင်းတုံရေကာတာနဲ့ရေအားလျှပ်စစ် စီမံကိန်းကို ဆိုရင် ဒေသခံတွေ ၊ ရှမ်းပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးက ရပ်တန့်ပေးဖို့ ကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်ရှိ အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများသွားရောက်ဆောင်ရွက်မယ့် China Three Gorges Corporation မှ တရုတ်နိုင်ငံသား ၁၈ ဦးရဲ့ ရန်ကုန်-တာချီလိတ်-မိုင်းတုံ-၀မ်ဆာလ-မိုင်းတုံ-တာချီလိတ်-ရန်ကုန် ခရီးစဉ်ကို သက်ဆိုင်ရာနယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးလုံခြုံရေးရယူဆောင်ရွက်သွားဖို့ နိုင်ငံတော်သမ္မတရုံးစီးပွားရေးဌာနကြီးကနေ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနထံကို စာပေးပို့ထားတာဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေကြောင့် ဒေသခံတွေကန့်ကွက်ထားပြီး ၂၀၁၃ ခုနှစ်က လုပ်ငန်းဆောင်ရွက်မှုတွေ မရှိတော့တဲ့ မိုင်းတုံရေကာတာနဲ့ရေအားလျှပ်စစ်စီမံကိန်းဟာ အခု ပြန်စတင်ပြီလားလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက မေးခွန်းထုတ်ကြပါတယ်။
ဒါနဲ့ပတ်သတ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးတင်မောင်ဦး ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာ “ခွင့်ပြုတယ်လို့လည်းမဟုတ်သေးပါဘူး။ သူတို့ စူးစမ်းလေ့လာဖို့တောင်းဆိုတယ်ထင်ပါတယ်။ ခွင့်တော့ပြုတယ်လို့လည်းမဟုတ်သေးပါဘူးခင်ဗျ။ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီးတို့က ခွင့်ပြုမိန့်ရမှလည်းသွားလို့ရမှာပါ အဲ့ဒါတွေကအဆင့်ဆင့်တင်ရသေးတယ်လေ ” လို့ ပြောပါတယ်။
အထက်သံလွင်(မိုင်းတုံ)ရေအားလျှပ်စစ်စီမံကိန်းတည်နေရာဟာ မိုင်းတုံမြို့နယ်၊ ၀မ်ဆလားကျေးရွာကနေ ၂၃ ကီလိုမီ တာအကွာ သံလွင်မြစ်ရဲ့ အနောက်ဘက်ကမ်းမှာတည်ရှိတာဖြစ်ပါတယ်။
အဆိုပါရေအားလျှပ်စစ်နဲ့ ရေကာတာလုပ်လိုက်ရင် ယင်းနေရာတစ်ဝိုက်မှာတည်ရှိနေတဲ့ ကွန်ဟိန်း၊ တန့်ယန်းစတဲ့ဒေသတွေအထိ ရေနှစ်မြှုပ်သွားမှာ ၊ ဒေသမှာရှိတဲ့ ရှေးဟောင်းစေတီပုထိုးအမွေအနှစ်တွေဆုံးရှုံးကုန်မှာ ကို ဒေသခံတွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၊ ယခုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ “ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း” တာဝန်ခံဖြစ်သူ ဒေါ်နန်းဝါနုက “ဒီစီမံကိန်းကို စတင်တယ်ဆိုတာ သေချာသလောက်ဖြစ်သွားတဲ့ အနေအထားရှိတာပေါ့နော်။ ဒီအွန်လိုင်းပေါ်မှာတွေ့နေတဲ့စာအရဆိုရင် နိုင်ငံတော်သမ္မတရုံးကနေပဲထုတ်လိုက်တဲ့စာ ဖြစ်နေတယ်။ ဒါကိုကြည့်ရင် အစိုးရကသူ့ဘက်ကို ရာခိုင်နှုန်းတော်တော်များများပါနေပါတယ်ဆိုတဲ့အနေအထားကိုတွေ့ရတယ်” လို့ဆိုပါတယ်။
ဒါကြောင့် ဒေါ်နန်းဝါနု တို့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဆက်လက်ပြီး ကန့်ကွက်သွားဦးမယ်လို့ဆိုပါတယ်။
“အခုလည်းဆက်ပြီးကန့်ကွက်နေမှာပဲ။ ကျွန်မတို့ဘက်မှာဆိုလို့ရှိရင် မိုင်းတုံဆည်နဲ့ပတ်သတ်ပြီးတော့ သူတို့ အဲ့လိုမျိုးလုပ်မယ်ဆိုရင် ကျွန်မတို့ဘက်ကငြိမ်းချမ်းရေးကိုလည်းထိခိုက်စေနိုင်တယ်။ နောက်ပြီးရင်ကျွန်မတို့ သမိုင်းဝင်အမွေအနစ်တွေကိုရော၊ ကျွန်မတို့ရွာတွေကိုရော မြို့တွေ အကုန်လုံးရေမြုပ်မယ့်ကိစ္စဆိုတော့ ကျွန်မတို့ဘယ်လိုမှ သဘောတူနိုင်တဲ့အနေအထားမရှိဘူး” လို့ ဒေါ်နန်းဝါနုက ဆက်ပြောပါတယ်။
အထက်သံလွင်(မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း) ဟာ ဆိုရင် ၂၀၁၀ ခုနှစ် မှာ MOU တစ်စောင်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ စီမံကိန်းအတွက် ဆောင်ရွက်ချက်တွေအပေါ် ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြလို့ စီမံကိန်းဆောင်ရွက်မှုရပ်နားခဲ့ပြီး အခု တဖန်ပြန်ပေါ်လာတာလည်းဖြစ်ပါတယ်။
တည်ဆောက်မယ့် အဆိုပါရေအားလျှပ်စစ်စီမံကိန်းရဲ့ရေကာတာဟာဆိုရင် တာရိုးအရှည် ၆၀၆ မီတာ၊ အမြင့် ၂၄၁ မီတာ၊ ရေ၀ပ်ဧရိယာ ၆၄၁ ကီလိုမီတာရှိပြီး သိုလှောင်ရေရပ်ဝန်း မြစ်အထက်ပိုင်းကို ၃၈၀ ကီလိုမီတာဖြစ်ကြောင်း လျှပ်စစ် ဓာတ်အား ၇၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစီမံကိန်းကို China Three Gorges Corporation ၊ China Southern Power Grip ၊ Power Construction of China (Sinohydro) ၊ EGAT International Co.Ltd (ထိုင်း) ၊ International Group of Entrepreneurs Co.Ltd တို့က ငွေကြေးစိုက်ထုတ်ပြီး မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ရွက်နေတာလို့လည်းသိရပါတယ်။
YL