ယမ်းတောင့်နဲ့ဒီတိုနေတာ ၉၀၀၀ ခန့်ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် သတိပေး

ယမ်းတောင့်နဲ့ဒီတိုနေတာ ၉၀၀၀ ခန့်ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် သတိပေး
June 13, 2018 Fame Asian

11:16 am
ယမ်းတောင့်နဲ့ဒီတိုနေတာ ၉၀၀၀ ခန့်ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် သတိပေး

35287259_1822939517750005_7671838504451571712_n

လွိုင်ကော်၊ ဇွန် ၁၃

လွိုင်ကော်စက်မှုဇုန်အတွင်း ယမ်းတောင့်နဲ့ဒီတိုနေတာ ၉၀၀၀ ခန့်ဖမ်းဆီးရရှိမှုအပေါ် ကွင်းဆက်တရားခံစုံစမ်းဖော်ထုတ်မှုအားနည်းတာကြောင့် နောက်တစ်ပတ်အတွင်းစုံစမ်းဖော်ထုတ်မှုတွေကို အားမရရင် ပြည်ထောင်စုအဆင့်ကနေလာရောက်စီစစ်ပေးဖို့ တင်ပြဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က သူ့ရဲ့ပြည်နယ်က တာဝန်ရှိအာဏာပိုင်တွေကို သတိပေးပြောဆိုလိုက်ပါတယ်။

လွိုင်ကော်စက်မှုဇုန်အတွင်းကနေ ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေဖမ်းဆီးရရှိမှုအပေါ် စုံစမ်းဖော်ထုတ်ခြင်းလုပ်ငန်း တစ်ပတ်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ ကို ပြည်နယ်တာဝန်ရှိသူတွေက ဇွန် ၁၁ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြကြစဉ် ၀န်ကြီးချုပ်က အခုလို ပြောဆိုသတိပေးခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းကြည် က ဖမ်းဆီးရမိတဲ့ ယမ်းနှင့် ဆက်စပ်ပစ္စည်းတွေဟာ မူဆယ်- လားရှိုး – မန္တလေး လမ်းကြောင်းအတိုင်း လွိုင်ကော်ကို သယ်ယူခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

ဂိုထာင်ပိုင်ရှင် မအားတုံ (ခ) ဒေါ် မြမြစိမ်း ဟာ အဆိုပါယမ်း နဲ့ ဆက်စပ်ပစ္စည်းတွေ ဂိုထောင် အရောက် ၀န်ဆောင်မှုစနစ်ကို Onlineကနေ မှာယူခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာ ယွမ်(၁၀၀၀၀) ဖြစ်ကြောင်း၊ ဂိုထောင် အရောက် ၀န်ဆောင်ခမှာ ယွမ် (၂၀၀၀၀) ဖြစ်ပြီး စုစုပေါင်းမြန်မာကျပ်ငွေခန့်မှန်းတန်ဖိုး သိန်း (၆၀) ခန့်ဖြစ် ကြောင်း ရဲမှူးကြီး ကဆိုပါတယ်။

ဓါတု ပစ္စည်းတွေနဲ့ပတ်သက်ပြီး အကောက်ခွန်ကနေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာဖြစ်ကြောင်းလည်းသူကထပ်လောင်းဆိုခဲ့ပါတယ်။

ထပ်မံပြီး ကယားပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ကလည်း ယမ်းကိုခွင့်ပြုချက်မရှိဘဲ သယ်ဆောင်တာ၊ ထားသိုသင့်တဲ့နေရာမှာမထားသိုတဲ့အတွက် အထားခံခဲ့တဲ့ သူတွေကိုလည်း အရေးယူဆောင်ရွက်သွား ဖို့ ပြောကြားခဲ့ပါတယ်။

အခုဖမ်းဆီးရရှိထားတဲ့ ယမ်းနဲ့ ဒီတိုနေတာတွေဟာ အကြမ်းဖက်လုပ်ငန်းတွေဆောင်ရွက်ဖို့မဟုတ်ဘဲ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းအတွက်လို့ စစ်ဆေးတွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံကနေ ၀ယ်ယူခဲ့တာဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

သူတို့ တင်ပြသွားတာနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က သတ်မှတ်ကာလ (၁) ပတ်အတွင်း ကွင်းဆက်တရားခံတွေ ဖော်ထုတ်နိုင်မှု အားနည်းကြောင်း၊ စိစစ်တွေ့ရှိရမှုအပေါ် အားရကျေနပ်မှု မရှိကြောင်းပြောပါတယ်။
ဒါကြောင့် ဆက်လက်ကြိုးပမ်း ဖော် ဆောင်ပေးသွားဖို့နဲ့ ဒုတိယ အပတ်မှာ ဆက်လက် တင်ပြရမယ့် တင်ပြချက်တွေအပေါ် အားရ ကျေနပ်မှု မရှိဘူးဆိုရင် ပြည်ထောင်စုကနေ လာရောက်စိစစ် ပေး ဖို့ တင်ပြဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ လွိုင်ကော်မြို့ စက်မှုဇုန်အတွင်းသွားရောက်စစ်ဆေးစဉ် ဂိုထောင်တစ်ခုအထဲကနေ ယမ်းချောင်း ၄၈၀၀ နဲ့ စနက်တံပါဒီတိုနေတာ ၄၀၀၀ ကို ဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်ပြီး ကွင်းဆက်တရားခံဖော်ထုတ်ခြင်းကို တစ်လအတွင်းအပြီးဆောင်ရွက်ဖို့၊ တစ်ပတ်တစ်ခါ လုပ်ငန်းဆောင်ရွက်ချက်တွေကိုတင်ပြဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က သူ့ရဲ့ ပြည်နယ်က တာဝန်ရှိအာဏာပိုင်တွေကို ဇွန်လ ၄ ရက်နေ့မှာ မှာကြားခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး ယမ်းနဲ့ ဒီတိုနေတာတွေ သယ်ဆောင်သူ၊ ဌားရမ်းတဲ့ ဂိုထောင် ပိုင်ရှင်(တရုတ်နိုင်ငံသားဟုသိရ) ၊ ငှားရမ်းသူ မအားတုံနဲ့ စက်မှုဇုန်အတွင်း ထားရှိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်သူအားလုံးကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ လက်ရှိ တရားခံမအားတုံကို လက်နက်ဥပဒေပုဒ်မ – ၁၉ (စ) နဲ့ အမှုဖွင့်ထိမ်းသိမ်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က ပြောထားပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*