ဘတ်ဂျက် ၆ ဘီလီယံကျော် ထပ်အဖြတ်မခံရဖို့ အစိုးရနဲ့လွှတ်တော် မာနကိုယ်စီလျော့ရန် ရခိုင်လွှတ်တော်ဥက္ကဌသတိပေး

ဘတ်ဂျက် ၆ ဘီလီယံကျော် ထပ်အဖြတ်မခံရဖို့ အစိုးရနဲ့လွှတ်တော် မာနကိုယ်စီလျော့ရန် ရခိုင်လွှတ်တော်ဥက္ကဌသတိပေး
June 8, 2018 Fame Asian

4:10 pm
ဘတ်ဂျက် ၆ ဘီလီယံကျော် ထပ်အဖြတ်မခံရဖို့ အစိုးရနဲ့လွှတ်တော် မာနကိုယ်စီလျော့ရန် ရခိုင်လွှတ်တော်ဥက္ကဌသတိပေး

34775044_1817072195003404_9101293539995680768_n

စစ်တွေ၊ ဇွန် ၈

အစိုးရနဲ့လွှတ်တော် ကိုယ်စီကိုင်ဆွဲထားတဲ့မာနတွေ လျော့ချဖို့လိုတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ က သတိပေးပြောကြားလိုက်ပါတယ်။

၎ ရက်တာကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး ဒီကနေ့ နောက်ဆုံးနေ့မှာ လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက နှုတ်ခွန်းဆက်စကားပြောကြားရာမှာအခုလို ပြောခဲ့တာပါ။

“ပြီးခဲ့တဲ့ ၆ လဘတ်ဂျက်ကာလမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ ၆ ဘီလီယံ ကျော် ဖြတ်တောက်ခြင်းခံခဲ့ရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ စိတ်မကောင်းဘူးဆိုတာ ဟိုတုန်းကလည်းပြောခဲ့ပြီးပြီ။အခုလာမယ့်အခြေအနေမှာ အခုဘတ်ဂျက်ထဲမှာ ၁၈-၁၉ ဘတ်ဂျက်အထဲမှာ အဲ့လိုအခြေအနေမျိုးမကြုံတွေ့ရဖို့ အစိုးရ လွှတ်တော်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်။ အစိုးရရော လွှတ်တော်ရော ကိုယ်စီကိုင်ဆွဲထားတဲ့မာနတွေကိုလျော့ချဖို့လိုတယ်။ အဲ့ဒီမာနတွေကဘာလဲ။ အစိုးရဘက်ကလည်း ဘတ်ဂျက်ဆိုတာ ငါတို့ဆွဲရင်ရတယ်။ ငါတို့ဆွဲလို့ရတယ်။ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့ ဂရုထားစရာမလိုဘူး ဥပဒေအထဲမှာ လွှတ်တော်ရဲ့အကြံပြုချက်တွေကိုမလွှဲမသွေလက်ခံရမယ်လို့ မပါဘူး။ ဒါကြောင့် ငါတို့ကြိုက်သလိုဆွဲမယ်လို့ မာနမျိုး အဲ့လိုမာနမျိုးကို လျော့ချဖို့လိုပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း ဘတ်ဂျက်ဟာ လွှတ်တော်ကို ၂ ခါဖြတ်သန်းရတယ် ပထမလျာထား /လျာထားမှာ ငါတို့ အ တွက်ကတော့ အကြံပြုရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး။ သို့သော် ဥပဒေကြမ်း အဖြစ်နဲ့ ဒုတိယအကြိမ်ရောက်လာတဲ့အခါမှာ ငါတို့လွှတ်တော်ကတော့ လုပ်ပိုင်ခွင့်ရှိပြီဟေ့ဆိုပြီးတော့ ဖြတ်မယ်တောက်မယ် ဖြုတ်မယ် အဲ့လိုမလုပ်ကြပါနဲ့” လို့ လွှတ်တော်ဥက္ကဌ က သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရသုံးဆိုင်ရာခန့်မှန်းချေငွေစာရင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်ကို ညှိနှိုင်းလာတဲ့အတွက် အခု ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးကိုခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးမှာ ဘဏ္ဍာငွေအရသုံးဆိုင်ရာခန့်မှန်းချေငွေစာရင်းနဲ့ ပတ်သက်လို့ လွှတ်တော်/အစိုးရ အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လတာကာလ ဘတ်ဂျက်တုန်းက ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကြား လုပ်ငန်းတစ်ချို့မှာ သဘောထားကွဲလွဲရာကနေ အစပြုလို့ နောက်ဆုံး ဘတ်ဂျက်ငွေ ၆ ဘီလီယံကျော်ကို ဖြတ်တောက်တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ဂွ/တောင်ကုတ်/ ရမ်းဗြဲ/ ကျောက်တော် စတဲ့နေရာတွေမှာ အဆင့်မြင့်ဈေးတည်ဆောက်မယ့်ကိစ္စ နဲ့ပတ်သက်လို့ ပြည်နယ်အစိုးရက လွှတ်တော်နဲ့ တိုင်ပင်ဆွေးနွေးတာ မရှိဘူးဆိုပြီး ပြည်နယ်အစိုးရစည်ပင်ဝန်ကြီး ဦးမင်းအောင် တာဝန်ကအနားပေးခံရတဲ့အထိ ပြည်နယ်အစိုးရနဲ့လွှတ်တော်ကြား ပွတ်တိုက်မှုဖြစ်ရာ နောက်ဆုံး ဘတ်ဂျက်ငွေ ၆ ဘီလီယံကျော် ဖြတ်တော်ဖို့ ဆုံးဖြတ်လိုက်တဲ့အထိဖြစ်ပွားခဲ့တာပါ။

ဒီလို ဖြတ်တောက်ခံရမှုမျိုးမဖြစ်စေဖို့ လွှတ်တော်ဥက္ကဌက ဒီကနေ့ မှာ သတိပေြးေုပာဆိုရတာလို့ ဆိုပါတယ်။

ဦးစံကျော်လှ က ” ကျွန်တော်တို့ မာနကိုယ်စီရှိနေကြမယ်ဆိုရင် နောက်ဆုံးမှာ ဘယ်သူနှစ်နာမှာလဲ။ ၆ ဘီလီယံ ကျော် ဖြတ်တောက်ပြီးပြီ။ ကျွန်တော်တို့ ပြန်လည်သုံးစွဲလို့ မရတော့ဘူး။ ကျွန်တော်တို့ဘယ်သူ နစ်နာလဲ။ ပြည်သူတွေ ပြည်သူတွေအထဲမှာ ကျွန်တော်တို့ပါတယ်။ ကျွန်တော်တို့နစ်နာတာပေါ့။ ဒါကြောင့် အခုလို ကြုံတွေ့ခဲ့ရတဲ့အခြေအနေဆိုးမျိုးနဲ့ မကြုံတွေ့ရဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ အတက်နိုင်ဆုံး ပူးပေါင်းပြီးညှိနှိုင်းပြီးဆောင်ရွက်ကြပါ။ ဒီကိုယ်စားလှယ်တွေဆိုတာ ပါတီအသီးသီး နယ်ပယ်အသီးသီး ကလာတယ်ဆိုပေမယ့် ကိုယ့်ရဲ့အမျိုးသားရေးကိစ္စတွေမှာ အားလုံးတစ်ညီတစ်ညွှတ်တည်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ လွှတ်တော်က လွှတ်တော် သီးသန့် ၊ အစိုးရကအစိုးရသီးသန့် ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေသီးသန့် အဲလိုဖြစ်နေလို့မရပါဘူး။ ဒီကနေ့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ကြှုံတွေ့ရတဲ့အခြေအနေတွေဟာ စိန်ခေါ်မှုတွေအလွန်တရာများပြားလှပါတယ်။ ဒါတွေကျော်လွှားနိုင်ဖို့ကျွန်တော်တို့ အားလုံးစည်းလုံးမှုရှိဖို့လိုတယ်။ အဲဒီလိုစည်းလုံးမှုရှိဖို့အတွက် ကျွန်တော်တို့ဟာ ပါတီစွဲ ပုဂ္ဂိုလ်စွဲ အတ္တစွဲ တွေ လျော့ချရပါလိမ့်မယ်။ ကိုယ်စားလှယ်တွေဆိုတာ ပြည်သူကရွေးချယ်ပေးလိုက်တာပါ။ ပြည်သူက ယုံကြည်လို့ အားကိုးလို့ ပြည်သူတွေကိုယ်စားဆောင်ရွက်ဖို့အတွက် ပြည်သူတွေဟာေ၇ွးချယ်ပေးလိုက်ကြတယ်။ ပြည်သူတွေကယုံကြည်နဲ့ အားကိုးလို့ရွေးချယ်ပေးလိုက်တာကို ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပြည်သူတွေအားကိုးလောက်တဲ့လူဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေကိုမျက်နှာမူကြပါ။ ကျွန်တော်တို့ကြောင့် ပြည်သူတွေမနစ်နာရပါစေနဲ့” လို့ ထပ်လောင်းဆိုပါတယ်။

အခု တစ်ခေါက်အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေမူကြမ်းဟာ မကြာခင် ရခိုင်ပြည်နယ်လွှတ်တော်ကိုပြန်လည်ရောက်လာမှာဖြစ်ပါတယ်။

အဲဒီလိုပြန်လည်ရောက်လာတဲ့အခါမှာ တစ်ချိန်တုန်းက ကြုံခဲ့ရသလို ၆ ဘီလီယံဖြတ်တောက်ခံရတာမျိုး ထပ်မံမကြုံတွေ့ရအောင် ညှိနှိုင်းပြီးတော့ဆောင်ရွက်ကြဖို့ လွှတ်တော်ဥက္ကဌက အထူးတိုက်တွန်းသွားပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*