ဧက ၁၀၀၀ လောက် တရားမ၀င်ကျူးကျော်ပြီး တရုတ်တစ်သျှူးငှက်ပျောစိုက်နေတဲ့ကုမ္ပဏီ ၂ ခုကို အမှုဖွင့်အရေးယူတော့မည်

ဧက ၁၀၀၀ လောက် တရားမ၀င်ကျူးကျော်ပြီး တရုတ်တစ်သျှူးငှက်ပျောစိုက်နေတဲ့ကုမ္ပဏီ ၂ ခုကို အမှုဖွင့်အရေးယူတော့မည်
June 4, 2018 AsianFame MediaGroup

5:34 pm
ဧက ၁၀၀၀ လောက် တရားမ၀င်ကျူးကျော်ပြီး တရုတ်တစ်သျှူးငှက်ပျောစိုက်နေတဲ့ကုမ္ပဏီ ၂ ခုကို အမှုဖွင့်အရေးယူတော့မည်

34343752_1812895325421091_1457870831232221184_n

ဝိုင်းမော်၊ ဇွန် ၎

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် မှာ နိုင်ငံတော်ပိုင်မြေ ဧက ၁၀၀၀ လောက်ကို တရားမ၀င်ကျူးကျော်ပြီး တရုတ်တစ်သျှူးငှက်ပျောကို တရားမ၀င်စိုက်ပျိုးနေတဲ့ ကုမ္ပဏီ ၂ ခုကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကချင်ပြည်နယ်သစ်တောဦးစီးဌာနက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ကချင်ပြည်နယ်သစ်တောဦးစီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက “ဥပဒေအရာရှိကို အကြံဥာဏ်ယူပြီးတော့ အမှုဖွင့်အရေးယူပါမယ်။ ကုမ္ပဏီတွေက ကျွန်တော်တို့မေးတော့ လောလောဆယ်မြန်မာနာမည်တွေပဲံ။ ကျွန်တော်တို့စစ်ချက်အရတော့ ကုမ္ပဏီတစ်ခုက ဧက ၄၀၀ လောက်၊ နောက်တစ်ခုက ဧက ၅၀၀ ကျော်လောက်ရှိတယ်။ ၂ခုပေါင်းရင်တော့ ခန့်မှန်း ဧက ၁၀၀၀ လောက်ရှိတာပေါ့။ ဖမ်းဆီးတာတော့မလုပ်သေးပါဘူး။ ကျွန်တော်တို့ ခရိုင်ကစစ်ချက်တွေဘာတွေယူပြီး တော့မှ ဥပဒေအရာရှိကိုတင်ပြ ၊ ဥပဒေအရာရှိကနေ တစ်ဆင့် တရားရုံးဦးတိုက်လျှောက်ထား တဲ့ဟာပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

အဆိုပါကုမ္ပဏီ ၂ ခုကတော့ ဦးညွှန့်အောင်ပိုင် ဆိုတဲ့ နာမည်နဲ့ ကုမ္ပဏီ တစ်ခု၊ မျိုးဆက်ကြယ်ပွင့် ဆိုတဲ့ နာမည်နဲ့ကုမ္ပဏီတစ်ခုတို့ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ၂ ခုဟာ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် နန့်ဝါသစ်တောကြိုးဝိုင်းအတွင်းမှာ ဧက ၁၀၀၀ လောက်ကို တရားမ၀င်ကျူးကျော်ပြီး တရားမ၀င်တဲ့ တရုတ်တစ်သျှူးငှက်ပျောကို စိုက်ပျိုးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သစ်တောရေးဝန်ကြီးဦးH.လအောင် ဦးဆောင်တဲ့အဖွဲ့ဟာ နန့်ဝါသစ်တောကြိုးဝိုင်းအတွင်းတစ်သျှူးဌက်ပျောစိုက်ပျိုးနေတဲ့ အဆိုပါကုမ္ပဏီ ၂ ခုကို သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေဧကတွေ များစွာကျူးကျော်စိုက်ပျိုးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ အဆိုပါစစ်ဆေးရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ဆေးခဲ့ရာမှာ ကုမ္ပဏီ ၂ ခုဟာ သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ နန့်ဝါကျေးရွာပိုင် ထင်းစိုက်ခင်းတွေကို ဖျက်ဆီးထားကြောင်း၊ သစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့နိုင်ငံပိုင်ကျွန်းပင်တွေနဲ့ တရားမ၀င်သစ်ပင်တွေကို ခုတ်လှဲထားရှိကြောင်း၊ ဒါ့အပြင် လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ထင်းစိုက်ခင်းတွေကိုမီးရှို့ဖျက်ဆီးပြီး မြေဧကတွေကျူးကျော်ကာ တရားမ၀င်တဲ့ တရုတ်တစ်သျှူးငှက်ပျောကို စိုက်ပျိုးခဲ့ကြောင်းတွေ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ၎င်း တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေအတွင်းကနေ တရားမ၀င် စက်ယန္တရားအချို့ကိုလည်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ တရုတ်က လာရောက်စိုက်ပျိုးပြီးတရုတ်ပြည်ကိုပဲ ကားတွေနဲ့ စီတန်းပြီးနေ့စဉ်သယ်ဆောင်နေတဲ့ တရုတ်တစ်သျှူးငှက်ပျောစိုက်ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ၀ိုင်းမော်မြို့နယ် ပြည်နယ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက ကချင်ပြည်နယ်လွှတ်တော်မှာ မကြာသေးခင်က မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။

ကန်ပိုက်တီနယ်စပ်ဂိတ်က နေ စစ်ဆေးရေးဂိတ်ပေါင်းများစွာကို နေ့စဉ် ၂၄ ဘီးယာဉ်တန်းတွေနဲ့ ဖြတ်သန်းဝင်ရောက်လာပြီး တရုတ်တစ်သျှူးငှက်ပျောကို သယ်ဆောင်စိုက်ပျိုးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရက ပြန်လည်ဖြေကြားရာမှာ တစ်ခုမှ ကိုတရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလို တရုတ်တစ်သျှူးငှက်ပျောစိုက်တဲ့ကုမ္ပဏီတွေကို အရေးယူဖို့ဆောင်ရွက်မှုကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပေါ်ပြူလာနယူးစ်ကစုံစမ်းသိရှိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒေသခံတွေရဲ့ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေတွေအပေါ် ကုမ္ပဏီတွေက ရှင်းလင်းပြီးငှက်ပျောစိုက်၊ ဒေသခံတွေက သူတို့ ပုံမှန်လုပ်ကိုင်စားသောက်နေတဲ့ မြေတွေအပေါ် ငှက်ပျောလာစိုက်တဲ့အတွက် ၀င်ရောက်နေရာယူ ရာကနေ ကုမ္ပဏီတွေနဲ့ ဒေသခံတွေကြား အငြင်းပွားမှုဖြစ်ရာကနေ အမှုအခင်းတွေဖြစ်ပွားခဲ့ရပြီး ဒေသခံတွေ တရားစွဲဆိုခံရမှု တွေရှိခဲ့ပါတယ်။ ဒါတွေကိုလည်း ၀ိုင်းမော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မီဒီယာတွေမှာထုတ်ဖော်ပြောဆိုထားဖူးပါတယ်။

လက်ရှိ ၀ိုင်းမော်မြို့နယ်အတွင်းမှာဆိုရင် တရုတ်တစ်သျှူးငှက်ပျောစိုက်ဧက ၆၀၀၀၀ ၀န်းကျင်မှာရှိနေပြီး ငှက်ပျောစိုက်တဲ့ကုမ္ပဏီတွေကတော့မြန်မာနာမည်ခံထားတဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တယ်လို့ ဒေသခံတွေနဲ့ အသင်းအဖွဲ့တွေက ဆိုထားပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*