”တိုက်ပွဲကြား ပိတ်မိနေတဲ့ လူ ၂၅၀ ကျော်ကို သွားကယ်ဆယ်တဲ့ ယာဉ်တန်း နောက်ပြန်ဆုတ်လာရ”

”တိုက်ပွဲကြား ပိတ်မိနေတဲ့ လူ ၂၅၀ ကျော်ကို သွားကယ်ဆယ်တဲ့ ယာဉ်တန်း နောက်ပြန်ဆုတ်လာရ”
March 15, 2018 Fame Asian

4:43 pm
”တိုက်ပွဲကြား ပိတ်မိနေတဲ့ လူ ၂၅၀ ကျော်ကို သွားကယ်ဆယ်တဲ့ ယာဉ်တန်း နောက်ပြန်ဆုတ်လာရ”

1

ကျောက်မဲ၊ မတ် ၁၅

TNLA နဲ့ RCSS ရဲ့ တိုက်ပွဲကြားပိတ်မိနေတဲ့ ရွာသား ၂၀၀ ကျော်ကို သွားရောက်ခေါ်ထုတ်တဲ့ လူနာတင်ယာဉ် ၁၂ စီးပါအဖွဲ့ဟာ လမ်းတစ်ဝက်ကနေပဲ ပြန်လှည့်လာရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ ထဲက တော့ဖယ်နဲ့ ကွန်ကော်ဆိုတဲ့ ရွာ ၂ ရွာမှာ TNLA နဲ့ RCSS ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတာ တစ်ပါတ်လောက်ရှိနေပြီး ရွာသူ/သား ၂၅၀ လောက် ပိတ်မိနေတယ်လို့ ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။

ပိတ်မိနေတဲ့ ရွာသားတွေကို သွားရောက်ခေါ်ဆောင်ဖို့ ကျောက်မဲ၊ လားရှိုး၊ သီပေါ နဲ့အနီးနားမြို့နယ်တွေက လူနာတင်ယာဉ် စုစုပေါင်း ၁၂ စီးဟာ ဒီကနေ့ မနက်ကပဲ တိုက်ပွဲဖြစ်ပွားရာ ရွာ ၂ ရွာကိုထွက်ခွာသွားခဲ့ပေမယ့် ခရီးရဲ့ ၃ ပုံ ၁ ပုံလောက်သာ သွားခဲ့နိုင်ပြီး ပြန်လှည့်လာရတယ်လို့ အဆိုပါကိစ္စကို ဆောင်ရွက်နေတဲ့ ကျောက်မဲမြို့ ဇီဝိတဒါန လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူ ဦးတင်မောင်သိန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ပြန်ဆုတ်လာရတယ်။ ကားတွေ ပြန်ရောက်လာပြီ။ ကျွန်တော်တို့ ဒီကနေ ထမင်းထုပ် ၁၀၀ ယူသွားတာတောင်မပေးခဲ့နိုင်ဘူး။ ပိတ်မိနေတဲ့သူတွေနဲ့ ဖုန်းပြောလို့ရတာတော့ စားစရာမရှိတော့ဘူးလို့ပြောတယ်။ ရိက္ခာတွေဘယ်လိုကုန်သွားလဲတော့ ကျွန်တော်လည်းမသိဘူး။ စစ်ဖြစ်နေတော့ မီးတောင်မမွေးရဲကြဘူုး။ တောင်ပေါ်ဒေသဆိုတော့ ရေလည်းရှားတယ်။ ဒုက္ခရောက်နေကြတယ်” လို့ သူကဆိုပါတယ်။

အဆိုပါ လူနာတင်ယာဉ် ၁၂စီးဟာ ခရီးလမ်း ၃ပုံ ၁ ပုံလောက်အရောက် မလှမ်းမကမ်းနေရာမှာ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ရောက်သွားချိန်မှာ တိုက်ပွဲပြီးဆုံးသွားပြီး အတွင်းပိုင်းကျေးရွာတွေမှာတော့ တောက်လျှောက်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ဒေသခံတွေ ထွက်ပေါက်ရဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ခေါင်းဆောင်ပိုင်းတွေထံ အကူအညီတောင်းရာမှာ ခေါင်းဆောင်ပိုင်းတွေက ခွင့်ပြုပေမယ့် အောက်ခြေမြေပြင်မှာ တာဝန်ယူနေတဲ့ ခေါင်းဆောင်တွေကတော့ ခွင့်မပြုဘူးလို့ သိရပါတယ်။

အဲ့ဒါကြောင့်လည်း အခု လူနာတင်ယာဉ် ၁၂ စီးဟာ ပြန်လှည့်လာရတာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းညဏ်က “လမ်းမှာလုံခြုံမှုမရှိဘူး။ သူတို့ပြန်လာတယ်။ တိုက်ပွဲက ဖြစ်နေတော့ ဘယ်လိုမှ မရဘူး။ သတင်းအစအနကြားရတာတော့ တော့ဖယ်မှာ ဆုံးတဲ့ လူ၂ ဦးမနေ့က သဂြိုလ်တယ်ကြားတယ်။ အိမ် ၁၂ လုံးမီးလောင်တယ်ကြားတယ်” လို့ပြောပါတယ်။

ကျောက်မဲမြို့နယ် အထဲက တော့ဖယ်နဲ့ ကွန်ကော်ရွာ တစ်ဝှိုက်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကတည်းက ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့အထိလည်းဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

မတ်လ ၁၃ ရက်နေ့က ဆိုရင် တော့ဖယ်ရွာအထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးသွားပြီး နေအိမ် ၆ လုံးပျက်စီးသွားကြောင်း ၊ ခွန်ကော်ရွာအထဲကို လက်နက်ကြီးကျလို့ လူ ၃ဦးဒဏ်ရာရသွားကြောင်း ဒေသသတင်းတွေမှာဖော်ပြထားပါတယ်။

“၂ ဖွဲ့စလုံးက မလာစေချင်ဘူး။ RCSS ဘက်ကတော့ မိုင်းတွေထောင်ထားတယ်၊ မသွားစေချင်ဘူးပြောတယ်။ ပလောင်ဘက်ကပြောတာ ရွာသားတွေအားလုံးကို ထိန်းထားလိုက်ပြီ။ မိုင်းတွေအများကြီးပဲ ထွက်လို့မရဘူးပြောတယ်။ မိုင်းရှင်းတဲ့လမ်းကိုလမ်းညွှန်ပေးပါလို့ ကျွန်တော်တို့ကပြောတယ်” လို့ ဦးတင်မောင်သိန်း ကဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ပိတ်မိနေတဲ့ ရွာ ၂ ရွာက ရွာသူ/သားတွေဟာ ကျောက်မဲမြို့ကိုစစ်ဘေးရှောင်ချင်ပေမယ့် လက်နက်ကိုင် ၂ဖွဲ့ကြား ထွက်ပေါက်မရှိဖြစ်နေတာကြောင့် ကျောက်မဲမြို့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ဆက်သွယ်အကူအညီတောင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအတွက် ပိတ်မိနေတဲ့ ရွာသားတွေကို သွားရောက်ခေါ်ဆောင်ဖို့ ကျောက်မဲ၊ လားရှိုး၊ သီပေါ စတဲ့မြို့နယ်တွေက လူနာတင်ယာဉ် စုစုပေါင်း ၁၂ စီးဟာ ဒီကနေ့ မနက်ကပဲ တိုက်ပွဲဖြစ်ပွားရာ ရွာ ၂ ရွာကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

“ရွာသူရွာသား သက်ကြီးရွယ်အို မိခင် ကလေး ဒဏ်ရာရသူတွေကို ကျည်လွတ်နယ်မြေကို သွားခွင့်ပြုပါ။ ၂ ဖက်စလုံးလမ်းဖွင့်ပေးပါ။ အပစ်ခဏရပ်ပေးပါ။ ကျွန်တော်တို့ အဲဒီဧရိယာကျော်ရင် ရပါပြီ။ မေတ္တာရပ်ခံပါတယ်။ရွာသူရွာသားတွေက ထမင်းတောင်ငတ်တယ်။ ထမင်းထုပ် ၁၀၀ တင်သွားတာ မပေးလိုက်ရဘူး။ ရိက္ခာတွေလည်းမရှိတော့ဘူး။ ဘာကြောင့်မရှိလဲတော့မသိဘူး။ စစ်ဖြစ်နေရင်မီးတောင်မမွေးရဲဘူး။ တောင်ပေါ်ဒေသက ရေရှားတယ်ဗျ။ လူတွေဒုက္ခရောက်နေတယ်။ အဲ့ဒီဒုက္ခတစ်ပိုင်းကနေ ကယ်တင်ပေးချင်တယ်။ မေတ္တာရပ်ခံပါတယ်” လို့ ဦးတင်မောင်သိန်းက ဆိုပါတယ်။

အခုပိတ်မိနေတဲ့ ရွာတစ်ရွာမှာ ဒေသခံ ၁၀၀ လောက်နဲ့ နောက်တစ်ရွာမှာ ဒေသခံ ၁၅၀ လောက်ရှိနေတယ်လို့လည်းသိရပါတယ်။

ရွာထဲက နေအိမ်တွေမှာ မီးရှို့ခံရမှုတွေရှိနေပေမယ့် ဘယ်အဖွဲ့က ရှို့တာလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ရဲလွင်

2

3

4

5

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*