မလေးရှားကို အလုပ်သမားပြန်လည်စေလွှတ်ခွင့်ပြုပြီဟု MOEAF ဆို

မလေးရှားကို အလုပ်သမားပြန်လည်စေလွှတ်ခွင့်ပြုပြီဟု MOEAF ဆို
February 7, 2018 Fame Asian

5:36 pm
မလေးရှားကို အလုပ်သမားပြန်လည်စေလွှတ်ခွင့်ပြုပြီဟု MOEAF ဆို

1

နေပြည်တော် ၊ ဖေဖော်ဝါရီ ၇

၁ နှစ်ကျော်ကြာအလုပ်သမားပို့ခွင့်ပိတ်ထားတဲ့ မလေးရှားနိုင်ငံကို အခု အလုပ်သမားပို့ဖို့ ပြန်လည်စေလွှတ်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ MOEAF က ပြောပါတယ်။

အလုပ်သမားနဲ့ လ၀က ၀န်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည် ခွင့်ပြုကြောင်းပြောတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ချုပ် MOEAF ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး – ၁ ဦးမြတ်သူကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ခွင့်ြ့ပုတယ်လို့တော့ပြောတယ်။ ဒါပေမဲ့ တရားဝင်စာတော့မထွက်သေးဘူး” လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံအလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနဘက်က ပြန်လည်ခွင့်ပြုကြောင်း ပြောပေမယ့် မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရဲ့ ပြန်လည်ခွင့်ပြုကြောင်းလက်မှတ်လည်း လိုအပ်နေပါတယ်။

ဒါနဲ့ပတ်သတ်ပြီး MOEAF ရဲ့အတွင်းရေးမှူးတစ်ဦး ဖြစ်သူ ဦးကျော်ဇောက “အလုပ်သမားသံအရာရှိက လာမယ့် တနင်္လာနေ့မှာ လက်မှတ်ထိုးပေးမယ်လို့ကြားတယ်။ ဒီတော့ တနင်္လာနေ့မှ ခွင့်ပြုမယ့်သဘောပါပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ ဆန္ဒထုတ်ဖော်မှုတစ်ခုကို မလေးရှားနိုင်ငံမှာပြုလုပ်ခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံမှာဖြစ်ပေါ်လာတဲ့ လုံခြုံရေးအခြေအနေအရ မြန်မာလုပ်သားတွေ သွားရောက်အလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပိတ်ထားခဲ့ပြီး အောက်တိုဘာလ အရောက်မှာတော့ အလုပ်သမားအသစ်တွေခွင့်ပြုခြင်းမရှိပေမယ့် Calling visa ကျပြီးသားအလုပ်သမားတွေကို ပြန်လည်သွားခွင့်ပေးခဲ့ပါတယ်။

အခု ခွင့်ပြုတာကတော့ အလုပ်သမားအသစ်တွေအတွက်ပါခွင့်ပြုတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံကိုအလုပ်သမားပြန်လည်ပို့ခွင့်ပေးမယ့် ကိစ္စနဲ့ပတ်သတ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလုပ်သမားပို့တဲ့အေဂျင်စီတွေထံကနေ အစိုးရကကတိက၀တ်တွေတောင်းခဲ့ပါတယ်။ ဒီကတိက၀တ်တွေကတော့ ၀န်ဆောင်ခလျော့ချဖို့ ၊ တာဝန်ယူမှုတာဝန်ခံမှုပိုမိုထားဖို့ ၊ သွားပို့တဲ့အလုပ်သမားကနေ မြန်မာနိုင်ငံကမိသားစုကို ငွေကြေးတရားဝင်လွှဲပို့နိုင်ရေးကိစ္စ စတာတွေဖြစ်ပါတယ်။

လက်ရှိမှာမလေးရှားကို အလုပ်သမားပို့တဲ့အေဂျင်စီ ၁၂၀ ခန့်ရှိပြီး မလေးရှားနိုင်ငံဟာဆိုရင် မြန်မာနိုင်ငံကနေ အလုပ်သမားတွေ ဒုတိယအများဆုံးသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*