လယ်သိမ်း၊ယာသိမ်းကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးနေရတာ ကိုယ်စားလှယ်တွေ အာပေါက်တော့မယ် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ပြော

လယ်သိမ်း၊ယာသိမ်းကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးနေရတာ ကိုယ်စားလှယ်တွေ အာပေါက်တော့မယ် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ပြော
November 22, 2017 Asian Fame

12:21 pm
လယ်သိမ်း၊ယာသိမ်းကိစ္စနဲ့ပတ်သတ်ပြီးဆွေးနွေးနေရတာ ကိုယ်စားလှယ်တွေ အာပေါက်တော့မယ် ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ပြော

as

နေပြည်တော် ၊ နိုဝင်ဘာ ၂၂

လယ်သိမ်း၊ယာသိမ်းကိစ္စနဲ့ပတ်သတ်ပြီး ကိုယ်စားလှယ်တွေဆွေးနွေးနေရတာ အာပေါက်တော့မှာဖြစ်လို့ ၀န်ကြီးဌာနတွေသဘောပေါက်ဖို့လိုပြီလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ဒီကနေ့လွှတ်တော်မှာ ထပ်မံသတိပေးပြောကြားလိုက်ပြန်ပါတယ်။

“ကိုယ်စားလှယ်တွေအာပေါက်တော့ပါမယ်။ ၀န်ကြီးဌာနတွေသဘောပေါက်ဖို့တော့လိုပါပြီ။ ခုနက ပြောတဲ့ လယ်ယာမြေနဲ့သိမ်းဆည်းခံမှု ပြန်လည်စီစစ်တဲ့အခါမှာ ပြန်လည်စွန့်လွှတ်ရမယ့်မူဝါဒတွေ စီစစ်ရမယ့်အချက်တွေ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ချပြနေပါတယ်။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်းပေးပို့ထားရဲ့သားနဲ့ ဒီမူဝါဒတွေကိုမရှင်းမလင်း မပြတ်သားအောင် ပုံပျက်ပန်းပျက် ပြန်လည်ပြီးတော့ ချမှတ်တာမျိုးတော့ ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ ဒါဟာလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ပါ။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုဝန်ကြီးဌာနများလိုက်နာရမှာဖြစ်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဦးထွန်းထွန်းနိုင်၊ ကနီ မဲဆန္ဒနယ်ကိုယ်စားလှယ် တင်သွင်းတဲ့ “သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများဖြင့် ပြန်လည် စိစစ်ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ထီးချိုင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ ဒီပဲယင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ မိုင်းတုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၊ သံဖြူဇရပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ ရွှေကျင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော တို့က ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးရာမှာ ဒေသအလိုက်ကြုံတွေ့နေရတဲ့ လယ်သိမ်းခံတောင်သူတွေရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေ ကို အသီးသီးတင်ပြဆွေးနွေးသွားပါတယ်။

ဆက်လက်ပြီး ဦးဝင်းမြင့် က “အဲ့လိုမပြတ်မသားမရှင်းမလင်းတွေဖြစ်တဲ့အခါကြတော့ ခုနကကိုယ်စားလှယ်တွေဆွေးနွေးသလို အောက်ခြေမှာလယ်သမားတွေကအသိမ်းလည်းခံရသေးတယ် တရားလည်းစွဲခံရသေးတယ်။ ထောင်လည်းကျခံရသေးတယ်။ ကိုယ်သားအဲ့ဒီနေရာမှာဆိုရင် ကိုယ်ဘယ်လိုခံစားမလဲ ကိုယ်ဘယ်လိုနေမလဲဆိုတာကို စဉ်းစားဖို့တော့လိုပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာ ကိုယ့်ရပ်ကွက်မှာ ကိုယ့်ကျေးရွာမှာ အောက်ခြေမှာတစ်ကယ်ဖြစ်ပျက်နေတာတွေကို သိလို့ အခြေအနေမှန်တွေကို အဲ့ဒီလွှတ်တော်မှာအာပေါက်လောက်အောင်ပြောနေတာ ။ ၀န်ကြီးဌာနတွေအနေနဲ့ပြန်လည်ဖြေတဲ့အခါမှာ မူဝါဒတွေ သဘောထားတွေ ယေဘုယျခြုံငုံပြီးတော့ အပေါ်ယံရှပ်ပြီးတော့ဖြေမှာထက် မူဝါဒတွေ စီစစ်ရမယ့်အချက်တွေအပေါ်မှာ အကောင်အထည်ဖော်ဖို့ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့တော့လိုအပ်ပါတယ်။ ခုနကပြောတယ် လုပ်နေပါတယ် ဘယ်လိုလုပ်နေပါတယ် ဘယ်လိုလုပ်နေပါတယ်။ ကျွန်တော်တို့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ ၂ နှစ်ပြည့်တော့မယ် ဒီကိစ္စတွေဆွေးနွေးနေတာ။ ဘယ်နှစ်ရာခိုင်နှုန်းပြန်ပေးပြီးလို့ ဘယ်နှစ်ရာခိုင်နှုန်းစွန့်လွှတ်ပြီးလို့ ဘယ်နှစ်ရာခိုင်နှုန်းစီစစ်ပြီးပြီလဲ တိတိကျကျ ကျွန်တော်တို့ဖြေဖို့တော့ နောင်ကိုလိုပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဒီအဆိုတွေဟာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဖြစ်နေတာ။ မြို့နယ်အသီးသီးမှာဖြစ်နေတာ နေရာဒေသတစ်ခုတည်းမှာဖြစ်နေတာမဟုတ်ပါဘူး။ ကိုယ်စားလှယ်တွေအားလုံးဆွေးနွေး နေတာဒီမှာ။ ကြားရတာနဲ့တင်ယိုသူမရှက်မြင်သူရှက်ဖြစ်နေပြီ ။ ဒီဟာနဲ့ပတ်သတ်လို့တော့ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးနဲ့ပတ်သတ်လို့တော့ ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ပေးပါ။ လွှတ်တော်အနေနဲ့လည်း မှတ်တမ်းတင်ပြီးတော့မျက်ခြေမပြတ်လေးလေးနက်နက် စောင့်ကြည့်နေမယ်ဖြစ်ကြောင်းအားလုံးကိုပြောကြားအပ်ပါတယ် ” လို့ ထပ်လောင်းဆိုပါတယ်။

ပြဿနာတွေဖြေရှင်းစဉ်မှာလည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဌာနအနေနဲ့ ပြည်ထဲရေး စကားနားထောင်မှာလား ၊လွှတ်တော်ကိုယ်စားလှယ်တွေစကားနားထောင်မှာလား ဆိုတဲ့ကိစ္စမျိုးရှိကြောင်း မိုင်းတုံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦး ကဆွေးနွေးစဉ်မှာ ပြောကြားခဲ့ပါတယ်။

NLD အစိုးရလက်ထက် ကျင်းပတဲ့ ဒုတိယအကြမ်ပြည်သူ့လွှတ်တော်အစည်းအဝေးသက်တမ်း ၂ နှစ်ပြည့်တော့မယ့်ကာလအတွင်း မှာ လယ်ယာမြေသိမ်းကိစ္စနဲ့ပတ်သတ်ပြီး အဆိုတင်တာ ဆွေးနွေးတာ တွေဟာ ဒီတစ်ကြိမ်တည်းမဟုတ်တော့ပါဘူး။

ပြီးခဲ့တဲ့လပိုင်းကလည်း လယ်သိမ်းခံတောင်သူတွေအရေးကိစ္စနဲ့ပတ်သတ်ပြီး အဆိုတင်ကြ ဆွေးနွေးကြပြုလုပ်ခဲ့ပြီး လယ်ယာမြေကော်မတီ ကို ပြည်သူ့လွှတ်တော်ဥက္ကဌဟာ သတိပေးပြောဆိုခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*