1:43 pm
(ပြင်ဦးလွင် ၊နိုဝင်ဘာ ၁၄ )
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်ရဲ့ အခုနှစ်ကျင်းပမယ့် ပန်းပွဲတော်မှာ ပန်းအစစ်တွေကိုပဲ အများဆုံးအသုံးပြုသွားမှာဖြစ်တယ်လို့ အမျိုး သားကန်တော်ကြီးဥယျာဉ် စီမံကိန်းဌာန ဆီကသိရပါတယ်။
“၈၀ ရာခိုင်နှုန်းလောက်အထိ ပန်းအစစ်တွေကိုပဲသုံးသွားပါမယ်၊ အတုက ၂၀ ရာခိုင်နှုန်းလောက်ပေါ့၊ ပြီးခဲ့တဲ့နှစ် ကတော့ ပန်းအစစ်က ၇၀ ရာခိုင်နှုန်း အတုက ၃၀ ရာခိုင်နှုန်းဆိုတော့ အတုက ၃၀ ရာခိုင်နှုန်းအထိပါနေသေးတယ်၊ ကျွန်တော်တို့လည်း တစ်နှစ်ထက် တစ်နှစ် ပန်းအစစ်တွေ များများပါဝင် ပြသနိုင်ဖို့ပဲ ကြိုးပမ်းနေပါတယ်” လို့ စီမံကိန်း ဒါရိုက်တာဦးဝေမျိုးအောင် က ပြောပါတယ်။
နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ပြင်ဦးလွင် ပန်းပွဲတော်ဟာ ဒီနှစ်ဆိုရင် ၁၂ ကြိမ်မြောက်အဖြစ်နဲ့ ဆက်လက် ကျင်းပသွားမှာပဲဖြစ်ပြီး ၁၂ ကြိမ်မြောက်ပန်းပွဲတော်ကျင်းပဖို့အတွက်ကိုလည်း အခု(နိုဝင်ဘာလဆန်း)ကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ် နေကြပါတယ်။
ပန်းပွဲတော်မှာ ခင်းကျင်းပြသတဲ့ပန်းတွေဟာ ပန်းအစစ်တွေချည်း မဟုတ်ဘဲ အတုတွေ နဲ့ရောနှောပြသတာ ဖြစ်တာကြောင့်လည်း ဒီကိစ္စအပေါ် နှစ်စဉ် ဝေဖန်မှုတွေရှိနေပါတယ်။
“တစ်ချို့ ရုပ်လုံးရုပ်ကြွ ဖန်တီးတဲ့နေရာ မှာကျတော့ အတုမပါလို့ မရပြန်ဘူး၊ ပန်းပွဲတော် လာကြည့်သူတွေက အတုတွေ များတယ် လို့ပြောတာလည်း ကျွန်တော်တို့ သိပါတယ်၊ ပန်းအတု သုံးတာလျှော့ချနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်၊ ဒီနှစ်ပန်းပွဲတော်မှာ ပန်းအတုလျှော့ချနိုင်သလောက်လျှော့ချ သွားမှာပါ” လို့ ၄င်းကဆိုပါတယ်။
ပန်းပွဲတော်မှာ ခင်းကျင်းပြသဖို့အတွက် ပန်းပျိုးပင်မျိုးစိတ်ပေါင်း တစ်သိန်းကိုးသောင်းကျော်စိုက်ပျိုးထားပြီး ဒီအထဲမှာမှ ရုပ်လုံး ရုပ်ကြွဖန်တီးမှု အပေါ် မူတည်ပြီး ပန်းအတုပါဝင်မှု အပြောင်းအလဲတော့ ရှိနိုင်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ပန်းပွဲတော်ကို ဒီနှစ်မှာလည်း ၁၂ ကြိမ်မြောက် အဖြစ်နဲ့ လာမယ့်ဒီဇင်ဘာ ၁၆ ရက် မှ ၃၁ ရက် အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ပန်းပွဲတော်ဝင်ကြေး နဲ့ပတ်သက်လို့တော့ လတ်တလော မှာတော့ ယမန်နှစ်ကလိုပဲ တစ်ထောင်ကျပ်နှုန်း ပဲကောက်ခံသွားဖို့ စီစဉ်ထားပြီး ယမန်နှစ် ပွဲတော်မှာ ၀င်ရောက် ကြည့်ရှုသူနှစ်သိန်းခွဲ ခန့်အထိ ရှိခဲ့တယ်လို့သိရပါတယ်။
News & Photo by စောထွေး