4:01 pm
(ရန်ကုန် ၊စက်တင်ဘာ၁၁)
ရန်ကုန် တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်အတွင်းမှာ ရုံးခန်း ဖွင့်လှစ်ပြီး ဆေးဝါးပစ္စည်းတွေနဲ့ အလှကုန်တွေ သိုလှောင်ဖြန့်ဖြူးရောင်း ချနေတဲ့ ဆေးကုမ္ပဏီတစ်ခုက တာဝန်ရှိသူတွေကို ရဲအုပ်ဇော်နိုင်ဝင်းက တရားလိုလုပ်ပြီး တရားမ၀င်ပစ္စည်းများတင်သွင်းရောင်းချမှု( ပို့ကုန်သွင်းကုန် ပုဒ်မ ၈) နဲ့ ယမန်နေ့က အမှုဖွင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ လ ၂၁ရက်နေ့က FDA(ရန်ကုန်) က လက်ထောက်ညွှန်မှူး ဒေါက်တာဆုမွန်ချယ်နဲ့အဖွဲ့၊ တာမွေပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဒေါက်တာမိမိတင်၊ တာမွေအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ
အဲဒီ့ကုမ္ပဏီ ကို တိုင်ကြားစာတွေအရ သွားရောက်စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလို စစ်ဆေးခဲ့ရာမှာ ပြည်ပကနေ ကုမ္ပဏီက တင်သွင်းထားတဲ့ ကျန်းမာရေးဓါတ်စာ ၁၁မျိုးဟာ တရားမ၀င် တင်သွင်းထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ရဲက မနေ့ကမှ အမှုဖွင့်ခဲ့တာပါ။
စစ်ဆေးချိန် နဲ့ အမှုဖွင့်ချိန်ဟာ ၁၀လကျော်ကြာမြင့်နေတာကိုတွေ့ရပါတယ်။
ရဲထံက သိရတဲ့ သတင်း အချက်အလက်တွေ အရတော့ အုပ်ချုပ်မှု ဒါရိုက်တာဆိုသူရယ် ၊ဒါရိုက်တာ ဆိုသူရယ်နဲ့ အခြား တာဝန် ရှိသူတွေကို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိအချိန် အထိတော့ အမှုဖွင့် ခံထားသူတွေကို ရဲက စုံစမ်း စစ်ဆေးဆဲ အနေအထားပဲ ရှိနေပါသေးတယ်။
အဲဒီဆေး ကုမ္ပဏီကို ဖုန်းဖြင့် ဆက်သွယ် စုံစမ်းခဲ့ပေမယ့်လည်း အဆက်အသွယ် ပြုလုပ်လို့မရခဲ့ပါဘူး။
PN