ကုန်ဈေးနှုန်းကြီးမြှင့်လာမှုကြောင့် ရန်ကုန်တိုင်းအတွင်း လူတစ်ဦးတစ်ရက် ကုန်ကျစရိတ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားဖြစ်နေဟုဆို

ကုန်ဈေးနှုန်းကြီးမြှင့်လာမှုကြောင့် ရန်ကုန်တိုင်းအတွင်း လူတစ်ဦးတစ်ရက် ကုန်ကျစရိတ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားဖြစ်နေဟုဆို
September 8, 2017 Fame Asian

3:03 pm
ကုန်ဈေးနှုန်းကြီးမြှင့်လာမှုကြောင့် ရန်ကုန်တိုင်းအတွင်း လူတစ်ဦးတစ်ရက် ကုန်ကျစရိတ် ၆၀၀၀ နဲ့ ၇၀၀၀ ကြားဖြစ်နေဟုဆို

21317742_1592653440793389_6438083826196450206_n

ရန်ကုန် ၊ စက်တင်ဘာ ၈

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကိစ္စအတွက် ရန်ကုန်တိုင်းအတွင်း လူတစ်ဦး တစ်ရက်တာကုန်ကျစရိတ်စစ်တမ်းကောက်ရာ ကျပ် ၆၀၀၀ နှင့် ၇၀၀၀ ကြားဖြစ်နေကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးအတွက်တိုင်းဒေသကြီးအလိုက် ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ အခု ကောက်ယူရရှိမှုသည် ရန်ကုန်တိုင်းအတွင်းအတွက်သာဖြစ်သည်။

ကုန်ဈေးနှုန်းကြီးမြှင့်လာမှု ၊ အိမ်ငှားခကြီးမြင့်လာမှုအတွက် ယခုကဲ့သို့ ၆၀၀၀ နဲ့ ၇၀၀၀ ကြားကုန်ကျနေခြင်းဖြစ်ကြောင်း အဆိုပါ စစ်တမ်းကောက်ယူရေးအဖွဲ့ဝင် AFFM မှ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် ဦးကြည်ဦးက ပြောသည်။

စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၊ စက်ရုံ ၊ အလုပ်ရုံများအများဆုံးတည်ရှိရာ လှိုင်သာယာ၊ ရွှေပြည်သာ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း စသည့် မြို့နယ် ၆ ခုတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။

“တစ်မြို့နယ်နဲ့ တစ်မြို့နယ်ကတော့ မတူဘူး။ ဒါပေမဲ့ အတူညီဆုံး ဖြစ်နေတဲ့ နှုန်းထားတစ်ခုကတော့ ၆၀၀၀ နဲ့ ၇၀၀၀ ကြား ဖြစ်နေတယ်။ အိမ်ငှားခနှုန်းထားကြီးတာ ၊ ကုန်ဈေး နှုန်းကြီးလာတာ တွေကြောင့်။ ပြီးတော့ အနည်းဆုံးအခကြေးငွေ ပထမအကြိမ်သတ်မှတ်တဲ့ ၂၀၁၅ ခုနှစ်တုန်းကနဲ့ ခုကာလ ကုန်ဈေးနှုန်းက အရမ်းကွာသွားတယ်” ဟု ဦးကြည်ဦးက ဆိုသည်။

ယခုစစ်တမ်းကောက်ယူရေးအဖွဲ့ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာနှင့်အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ဦးဆောင်ကာ အလုပ်ရှင်ကိုယ်စားလှယ် အလုပ်သမားကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခု စစ်တမ်းကောက်ယူရေးအဖွဲ့မှ ကောက်ယူရရှိထားသော နှုန်းထားများကို တိုင်းဒေသကြီး အနည်းဆုံ အခကြေးငွေ သတ်မှတ်ေ ရးကော်မတီတွင် အစည်းအဝေးထိုင်ကာ နှုန်းထားတစ်ခုကိုသတ်မှတ်မည်ဖြစ်သည်။

ယင်းရရှိသည့်နှုန်းထားကို စက်တင်ဘာလကုန်တွင် ပြည်ထောင်စုအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသား အဆင့်ကော်မတီသို့တင်ပြသွားရမည်ဖြစ်သည်။

ရန်ကုန်တွင် စစ်တမ်းကောက်ယူရာ လူတစ်ဦးတစ်ရက်ကုန်ကျငွေ ၆၀၀၀ နှင့် ၇၀၀၀ ကြားဖြစ်နေသကဲ့သို့ မန္တလေးတွင်မူ တစ်ရက် တစ်ရက် ကုန်ကျစရိတ် ၆၀၀၀ နှင့် ၆၅၀၀ ကြားဖြစ်နေကြောင်းသိရသည်။

မန္တလေးစစ်တမ်းကောက်ယူရေးအဖွဲ့ဝင် MICS အဖွဲ့မှ အတွင်းရေးမှူး ဦးသက်နှင်းအောင်က “အများစု တွေ့ရှိရတဲ့ ကုန်ကျစရိတ်နှုန်း ထားကတော့ ၆၀၀၀နဲ့ ၆၅၀၀ကြား။ ဒါကတော့ အလုပ်သမားတွေဘက်ကအဆိုပြုတာပေါ့နော်။ အလုပ်ရှင်တွေကတော့ အဆိုပြုတာ ဒီထက်နည်းတယ်။ အရင် သတ်မှတ်ထားတဲ့ ၃၆၀၀ ထက် လျော့ပြီး သတ်မှတ်ပေးဖို့ တင်ပြသူလည်းရှိတယ်။ ဒါပေမဲ့ ကော်မတီအစည်းအဝေးထိုင်ရဦးမှာ။ လောလောဆယ်တော့ ခရိုင်တွေ မစုံသေးတဲ့အတွက်ပါ။ မနက်ဖြန် မိတ္ထီလာမှာ တွေ့ဆုံပွဲလုပ်ပါမယ်” ဟု ဆိုသည်။

အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဥပဒေအတည်ပြုပြဌာန်းပြီး ၂၀၁၅ခုနှစ်က ပထမဆုံးအနည်းဆုံ အခကြေးငွေ သတ်မှတ်ခဲ့ရာ တစ်ရက်လျှင် ၃၆၀၀ ဖြစ်သည်။

ယခုတစ်ကြိမ်ပြန်လည်သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေ နှင့်ပတ်သက် ၍ ၅၆၀၀သတ်မှတ်သင့်ကြောင်းကို AFFM က အဆိုပြုကြေညာထားသည်။

အလုပ်ရှင်အဖွဲ့အစည်းများဘက်ကမူ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ယခင်ပထမအကြိမ် ၃၆၀၀ သတ်မှတ်စဉ်က တစ်နိုင်ငံတစ်ပြေးညီသတ်မှတ်ခဲ့သော်လည်းယခုတစ်ခေါက်သတ်မှတ်မှုတွင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေအနေပေါ်မူတည်၍ တစ်ပြေးညီသော်လည်းကောင်း ၊ တစ်နေရာတစ်မျိုးသော်လည်းကောင်း သတ်မှတ်သွားမည်ဟု အလုပ်သမားနှင့်လ၀က ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောထားသည်။

Ye lwin

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*