မွန်ပြည်နယ်ထဲ က စီးပွားရေး လုပ်ငန်းတွေ ဘာကြောင့် အခက်အခဲ နဲ့ ကြုံနေရတာလဲ

မွန်ပြည်နယ်ထဲ က စီးပွားရေး လုပ်ငန်းတွေ ဘာကြောင့် အခက်အခဲ နဲ့ ကြုံနေရတာလဲ
July 20, 2017 Asian Fame

2:55 pm
မွန်ပြည်နယ်ထဲ က စီးပွားရေး လုပ်ငန်းတွေ ဘာကြောင့် အခက်အခဲ နဲ့ ကြုံနေရတာလဲ

Mon(မော်လမြိုင် ၊ ဇူလိုင် ၂၀)

မွန်ပြည်နယ်တွင် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း(SMEs) များ လုပ်ကိုင်ရာတွင် ဘဏ်ချေးငွေ လုံလောက်မှုမရှိဘဲ နည်းပါးနေခြင်းနှင့် နည်းပညာအခက်ခဲများကြောင့် လုပ်ငန်းရှင်များ အခက် ကြုံနေရသည်။

လုပ်ငန်းရှင်များ ချေးငွေရ ရှိရန် ဘဏ်အချို့နှင့် ချိတ်ဆက်ထားသော်လည်း လက်တွေ့အကော်အထည်ဖော်ရာတွင် အလှမ်းဝေးနေပြီး ယခုအခါ ပြည်တွင်းပို့ကုန်များကိုပါ ပြန်လည်တင်သွင်းနေရသည့်အခြေအနေသို့ ရောက်ရှိလာကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင် တချို့က ဆိုသည်။

“ပြည်တွင်း SMEs ကတော့ အရင်းအနှီး ချို့တဲ့နေတယ်။ အရင်းအနှီး ရရှိမှုကလည်း သက်ဆိုင်ရာတွေက ကူညီပေးသော် လည်း ချေးငွေတွေ က ဘောင်မ၀င်တာတွေ များနေတယ်။ သူဌေးပဲ ပိုက်ဆံချေးလို့ရတယ်။ ဆင်းရဲသားချေးလို့မရဘူး။ ဦးတို့ကတော့ အတတ်နိုင်ဆုံး လုပ်ငန်းရှင်တွေ ဘဏ်ချေးငွေရအောင် ပေါင်းစပ်ပေးချင်တယ်။ အရင်းနှီးနည်းနေတော့ အပြင်မှာ (၅) ကျပ်တိုး၊ (၁၀) တိုးနဲ့ ချေးတော့ သူတို့တွေလည်းဝန်ပိတာပေါ့။လက်တွေ့မှာတော့ လုပ်ငန်းရှင်တွေက ပိုက်ဆံချေးခွင့် အလှမ်းဝေးနေတယ်။” ဟု မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းထိန်က ပြောကြားသည်။

မွန်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မော်သက်ကလည်း “မွန်ပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေနဲ့ ဥပဒေ၊နည်းဥပဒေ တွေ ထုတ်ပြန်ပြီးနောက် အဲ့ဒီဥပဒေတွေနဲ့ အညီ စက်၊ မြင်းကောင်ရေ မသုံးဘူးဆိုရင် အိမ်တွင်းတစ်ပိုင်တစ်နိုင်ဖြစ်တဲ့ မည်သည့် လုပ်ငန်းမဆို အလုပ်သမား ဦးရေလည်း မကန့်သတ်ထား ဘူး။ တချို့ကတော့ ငွေချေးချင်တာပေါ့။ အစ်မတို့က အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း မှတ်ပုံတင်ရပြီ ဆိုရင် SMEs မန်ဘာအဖြစ် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှာဝင်ဖို့ လမ်းညွှန်ပေးတယ်။ အဲ့ဒီလမ်းကြောင်း အတိုင်းပဲ ချေးငွေတွေ သွားမှာပါ။” ဟု ဆိုသည်။

ထို့အပြင် ပြည်နယ်အတွင် ဆန်စပါးထုတ်လုပ်မှု ကဏ္ဍတွင်လည်း ဆန်စပါးလုပ်ငန်းရှင်များ ကိုယ်တိုင် Export လုပ်နိုင်သည့် ကွာလတီကို မသိရှိ ထားခြင်းကြောင့် ပြည်ပမှ ပြန်လည် ဝယ်ယူနေရမှုများလည်း ကြုံတွေ့နေရပြီး ကမ္ဘာ့ဆန်တင်ပို့မှု စာရင်းတွင် အဆင့်(၁) မှ အဆင့် (၇) အထိ ကျဆင်းနေကြောင်း မွန်ပြည်နယ် စက်မှု ၀န်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ်က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ မြန်မာနိုင်ငံက အရင်တုန်းက ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်ခဲ့တယ်။ အခုကတော့ ဆန်တင်ပို့မှု နည်းသွားတယ်။ ဆန်စပါးစိုက်တဲ့ တောင်သူတွေကိုယ်တိုင် ဘယ်လို Export လုပ်ရမလဲဆိုတာ မသိတာလည်း ဖြစ်နိုင်ပါတယ်။ Export လုပ်ပြီဆိုတာနဲ့ ပွဲစားတွေကိုပဲ အားကိုးနေရတယ်။ ဈေးကွက်ဘယ်လိုရှိလဲ ဘယ်လို Export လုပ်ရမလဲဆိုတာ ပွဲစားတွေပဲ သိတယ်။ အဲ့ဒါကြောင့် ဈေးနှုန်းအရ တကယ် လုပ်တဲ့လူတွေက မရဘဲနဲ့ သူတို့ကိုမှီခိုနေရတဲ့အတွက် ဈေးကွက် မရတာတွေ၊ ဈေးနှုန်း နည်း တာတွေ၊ ဈေးကွက်အသတ်ခံရတာတွေ ကြုံကြရပါတယ်။”ဟု ပြောသည်။

ရာဘာလုပ်ငန်းရှင် များအနေဖြင့်လည်း ရာဘာဈေးနှိမ် ရောင်းချနေရသည့် အတွက် ပြည်ပသို့ Export တင်ပို့နိုင်သည့် ကွာလတီ ရ ရှိအောင် သက်ဆိုင်ရာ လုပ်ငန်းရှင်များ အသိပညာမျှဝေပေးခြင်းနှင့် နည်းပညာ အကူအညီ ပေးရန်လိုအပ်ကြောင်း ရာဘာ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“ကျွန်မတို့ မွန်ပြည်နယ်မှာ ရာဘာနဲ့ ဆန်စပါးတွေ အများဆုံး ထွက်ပါတယ်။ ရာဘာဆိုရင် အရည်နဲ့ အပြားတွေကို ရွာမှာရှိတဲ့ ပွဲရုံ ငယ်လေးတွေမှာပဲ ပေးနိုင်တယ်။သူတို့ပေးတဲ့ဈေးနဲ့ပဲ ရတယ်။ မြို့ကြီးတွေမှာတက်မသွင်းနိုင်ဘူး။ရွာမှာရှိတဲ့ ရာဘာပိုင်ရှင်တွေက ရာဘာခြစ်ပြီး ရောင်း ပဲရောင်းတယ်။ကွာလတီတွေလည်း မပြောပြကြဘူး။တကယ့် Export လုပ်နိုင်တဲ့ ကွာလတီကို မထုတ်နိုင်ကြဘူး။ တကယ့်ရောင်းတဲ့ အချိန်မှာ အမြတ်အစွန်း မထွက်တာတို့ ၊ ရှုံးတာတို့ရှိတယ်။ ရာဘာလည်း ကွာလတီ အပြည့်မရတဲ့ အ တွက် ဈေးနှိမ်ပြီးတော့ ရောင်းရတဲ့အဆင့်ဖြစ်လာတယ်။” ဟု ကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာက ရာဘာလုပ်ငန်းရှင် တစ်ဦးဖြစ် သည့် မဇီဇ၀ါက ပြောကြားသည်။

ပြည်ပသို့ Export တင်ပို့ရာမှာ လမ်းခရီး ကြန့်ကြာမှုများကြောင့် မူရင်း ကွာလတီ လျော့ကျပြီး ပြည်ပနိုင်ငံများ၏ ယုံကြည်မှု လျော့ပါး လာစေသည့်အတွက် အစိုးရအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းများ ကူညီထောက်ပံ့ပေးရန် တောင်းဆိုမှုများလည်း ရှိသည်။

“ပွင့်လင်းမြင်သာမှု ရှိရင်တော့ ဒီထက်ပိုအောင်မြင်မှာပေါ့ ။နိုင်ငံတကာ ကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို စောင့် ကြည့်နေတာ ဆိုတော့ ဒီမှာရင်းနှီးမြှုပ်နှံမှု လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ချက်ချဖို့လည်း ရှိတယ် ။ကျွန်တော်တို့ ဆီမှာကလည်း ပစ္စည်းတွေ ကို Export တင်တဲ့အခါ ကွန်တိန်နာတွေကို စစ်ဆေးတာ ကြာမြင့်တာတို့၊ သဘောင်္တင်ဖို့ ရက်ကြာတာတွေ ဖြစ်မယ်၊ ဆိပ်ကမ်းမှာ ကွန်တိန်နာ ပေးမထုတ်သေးတာတွေ ရှိမယ်။ ကွာလတီကတော့ လျော့သွားတာပေါ့ ။ပေးတုန်းကတော့ အကောင်းဆုံးကို 0ffer ပေး လိုက်တာပဲ။ ကြားထဲမှာ အချိန်ကြာမြင့်တာကြောင့် အရည်အသွေးကျဆင်းတာတွေ၊ ဆုံးရှုံးမှုရှိတာတွေ၊ သူတို့ အော်ဒါပေးတာနဲ့ အရည်အသွေး မတူတာတွေဖြစ်လာတဲ့ အခါကျတော့ မြန်မာပြည်က Export ဈေးကွက်ကို သူတို့တွေ ယုံကြည်မှု နည်းနည်းတော့ လျော့ လာတာပေါ့။အစိုးရကလည်း ဒီလုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးပြီးတော့ အခုလိုမျိုး Training သင်တန်းတွေခေါ်တယ်။အခွင့်အရေးတွေပေးမယ် ဆိုရင်တော့ ပိုပြီး တိုးတက် လာမယ်လို့ မြင်ပါတယ်။” ဟု Trade Market and Distribution မှ ကိုသက်မောင်မောင်ဝင်း က ပြောကြားသည်။

လက်ရှိတွင် စက်မှုလက်မှု ကုန်သည်အသင်းကို အဖွဲ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့အစည်းက ပြည်တွင်း SMEs လုပ်ငန်းရှင်များကို ဘဏ်ချေးငွေများရ ရှိအောင် သက်ဆိုင်ရာနှင့် ပေါင်းစပ်ဆောင်ရွက်ရန်ကြိုးစားနေကြောင်းသိရသည်။

ပြည်ထောင်စု လွှတ်တော်မှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ နှင့် မွန်ပြည်နယ် အိမ်တွင်း စက်လက်မှု လုပ်ငန်းများ ဥပဒေ ၂၀၁၅ ခုနှစ် ၊ ဧပြီလ (၉) ရက်နေ့ကတည်းက တစ်ပြိုင်တည်း ပြဌာန်းခဲ့ပြီး စက်မှုဝန်ကြီး ဌာနအောက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဥပဒေကို ၂၀၁၄ ခုနှစ်၊ မေလအတွင်းက စတင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

Akar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*