စင်ကာပူရောက် မြန်မာအိမ်အကူများ၏ ဘဝအခြေအနေဆိုင်ရာစာတမ်း ထုတ်ပြန်မည်

စင်ကာပူရောက် မြန်မာအိမ်အကူများ၏ ဘဝအခြေအနေဆိုင်ရာစာတမ်း ထုတ်ပြန်မည်
May 24, 2017 Asian Fame

4:03 pm
စင်ကာပူရောက် မြန်မာအိမ်အကူများ၏ ဘဝအခြေအနေဆိုင်ရာစာတမ်း ထုတ်ပြန်မည်

ရဲလွင်
ရန်ကုန်၊ မေ ၂၂

စင်ကာပူရောက် မြန်မာအိမ်အကူလုပ်သားများ၏ ဘဝအခြေအနေဆိုင်ရာ စာတမ်းတစ်စောင်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ထုတ်ပြန်သွားရန်ရှိကြောင်း သိရသည်။

ILO က စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်လျက်ရှိသော မြန်မာအိမ်အကူလုပ်သားများနှင့် တွေ့ဆုံကာ မေးမြန်းထားခြင်းဖြစ်ပြီး
၎င်းတို့လက်တွေ့ကြုံနေရသည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ သွားရောက်သည့်အခြေအနေများ အားလုံးကို စစ်တမ်းကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

မေလဒုတိယအပတ်က ILO နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ တွေ့ဆုံခဲ့ပြီး စင်ကာပူတွင် တရားမဝင်ဖြစ်နေသော မြန်မာ့အိမ်အကူဈေးကွက်အခြေအနေတွေ့ရှိမှုများ၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံအခြေအနေများကိုပါဆွေးနွေးခဲ့ကြောင်း MOEAF သတင်းထုတ်ပြန်ရေးကော်မတီမှ သိရ သည်။

”ဒီစစ်တမ်းက မကြာခင်ထွက်လာမယ်ထင်တယ်။ စစ်တမ်းက ပြီးသွားပြီ။ ဒါပေမယ့် တည်းဖြတ်တဲ့အပိုင်းမှာ နည်းနည်းကြာနေတယ်လို့ ILO က ပြောတယ်။ ဒီစာတမ်းကို အလုပ်သမား ဝန်ကြီးဌာနကိုလည်း ပို့လိမ့်မယ်။ သိရသလောက် ဒီထဲမှာ မြန်မာကနေ တရားမဝင်အဖြစ်ထွက်ပေမယ့် စင်ကာပူရောက်ရင် တရားဝင်ဖြစ်သွားတဲ့ပုံစံ အားလုံးပါမယ်လို့ သိရတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စင်ကာပူအပါအဝင် အခြားသော နိုင်ငံများသို့အိမ်အကူ ပို့ခွင့်ပိတ်ထားသော်လည်း တရားမဝင်သွားရောက်နေမှုများ ရှိနေပြီး ယင်းအတွက် တရားဝင်ပြန်လည်ခွင့်ပြုပေးရန် ပြည်ပအလုပ်အကိုင် အေဂျင်စီများက တောင်းဆိုထားသည်။ စင်ကာပူတွင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာလုပ်သားများ ပြဿနာဖြစ်ပွားမှုများပြားသဖြင့် အစိုးရက လုပ်သားပို့ခွင့် ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး ယခုဆိုလျှင် ပိတ်ထားသည့် ကာလ ၃ နှစ်ခန့် ရှိတော့မည်ဖြစ်သည်။

သို့သော် ယခုနှစ် မေလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန၏ လေးလ ပတ်အစည်းအဝေးတွင်မူ စင်ကာပူ နိုင်ငံရှိ သက်ကြီးရွယ်အို စောင့်ရှောက် ရေးဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် ဆေးရုံ များတွင် အလုပ်လုပ်ရန်အတွက် သူနာပြုနှင့် သူနာပြုအကူ လက်မှတ်ရရှိပြီး သူများအားစေလွှတ်လိုကြောင်း ပြည်ပ အလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများ တင်ပြထားသည့် ကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပူးပေါင်းကာ ကိုက်ညီမှုရှိပါက စေလွှတ်သွားရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*