ရေးမြို့၏ သမီးပျို (သို့မဟုတ်) ကဗျာဝကမ်းခြေ

ရေးမြို့၏ သမီးပျို (သို့မဟုတ်) ကဗျာဝကမ်းခြေ
January 6, 2017 Asian Fame

2:42 pm
ရေးမြို့၏ သမီးပျို (သို့မဟုတ်) ကဗျာဝကမ်းခြေ

img_1359ပင်လယ် ကမ်းခြေသို့ အပန်းဖြေသွားလိုပြီး ကုန်ကျစရိတ် များစွာမတတ်နိုင်သူများ၊ လက်ရှိ ရှိပြီးသား နာမည်ကျော် ပင်လယ် ကမ်းခြေ များသို့ မသွားလိုတော့ ဘဲ ဒေသသစ်သို့ သွားရောက် အပန်းဖြေလိုသူများ တွက် အလွန်သင့်တော်သော ကမ်းခြေတစ်ခု မွန် ပြည်နယ် တွင် ရှိနေသည်။ ထိုကမ်းခြေမှာ ပြည်တွင်း ခရီးသွားများကြား သိသိသာသာ ရေပန်းစားမှု မရှိသေးခြင်းကြောင့် အခြား ကမ်းခြေများကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင် ရာထိခိုက်မှုများ မရှိသေးဘဲ သဘာဝကျကျ လှပလျက် ရှိသည်။ ထိုကမ်းခြေမှာ မွန်ပြည် နယ် ရေးမြို့နယ်ရှိ ကဗျာဝကမ်းခြေ ဖြစ်သည်။

ကဗျာဆန်ဆန်လှတဲ့ ကဗျာဝကမ်းခြေ

ကမ်းခြေအရှည် ရှစ်မိုင်ခန့် ရှိခြင်း၊ သဲသောင် ပြင်ပြန့်ပြူးခြင်း ၊ ရေကြည်လင်ပြာလဲ့ခြင်း၊ ကျောက် ဆောင် များမရှိခြင်း၊ ရေမဆွဲခြင်း တို့သည် ကဗျာဝ ကမ်းခြေ၏ ထူးခြားချက် များ ဖြစ်ပြီး လက်ရှိအချိန်အထိ လူအသေအပျောက် မရှိခြင်း ကလည်း ကမ်းခြေဂုဏ် သတင်း ကို မွှေးပျံ့စေသည်။ အခြား ကမ်းခြေ များကဲ့သို့ ဟိုတယ်များ မရှိခြင်း၊ တည်းခို ခန်းများ ပြည့်သိပ် ကျပ်ညပ်နေအောင် မရှိခြင်း၊ ကမ်းခြေ တွင် အမှိုက်ကင်းစင်ခြင်း တို့ကြောင့် မြို့ပြ၏ မွန်းကျပ်မှု များမှ ခေတ္တရှောင်ထွက်လို သူများ စိတ်အေးလက်အေး အပန်းဖြေနိုင် မည့် နေရာ တစ်ခု လည်း ဖြစ်သည်။

ခရီးသွားများ အနေဖြင့် ပြန့်ပြူး ကျယ်ပြောသော သဲသောင်ပြင်တွင် လတ်ဆတ်သော ပင်လယ်လေကို ရှုရှိုက်ကာ လမ်းလျှောက်နိုင်သလို ပင်လယ် လှိုင်းစီးကာ ရေကစားနိုင်ပေသည်။ ထို့ပြင် ကဗျာဝကျေးရွာရှိ စေတီလေးပေါ်တက်၍ ပင်လယ်ကမ်းခြေ ရှုခင်းကို အပေါ်စီးမှ စီးမိုး ကြည့်ရှုနိုင်သလို အလှ ဓာတ်ပုံများလည်း ရိုက်ကူးနိုင်ပေသည်။ ကမ်းခြေမှာ လာရောက်သူ နည်း နေသေး သဖြင့် ခရီးသွား များခြင်း ၏ နောက်ဆက်တွဲ သက်ရောက်မှုများကို များစွာ မခံစားရဘဲ ပီဘိအပျိုစင် လေးတစ်ဦးလိုပင် အရိုင်းဆန်ဆန် လှပလျက်ရှိသည်။

 ရေးမြို့နှင့် အလှမ်းမဝေး လှသော်လည်း နယ်မြေ လုံခြုံမှု မရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးမကောင်း ခြင်းတို့ကြောင့် ကဗျာဝ ကမ်းခြေသို့ ယခင်က လာ ရောက် အပန်းဖြေသူ နည်းပါးခဲ့သည်။ ကဗျာဝကမ်း ခြေဟူ၍ ပြည်တွင်း ခရီးသွားများ သိလာကြသည်မှာ တစ်နှစ်မျှ သာရှိသေးသည်။ လက်ရှိ အစိုးရသစ် အာဏာလွှဲပြောင်း မရယူမီ ယခင်အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ် မှစ၍ ကဗျာဝ ကမ်းခြေ ဟူ၍ မွန်ပြည်နယ်နှင့် အနီး ဝန်းကျင်မြို့များတွင် လူသိ များလာခဲ့ခြင်းဖြစ် သည်။ ယခင် အစိုးရ လက်ထက် မွန်ပြည်နယ် ဝန်ကြီး ချုပ်က ကဗျာဝ ကမ်းခြေ ခရီးသွားလုပ်ငန်း မြှင့်တင် ဆောင်ရွက်ရန် လုပ်ဆောင် ခဲ့ခြင်းကြောင့် ၂ဝ၁၆ ခုနှစ်တွင် ပြည်တွင်း ခရီးသွားများ အထိုက် အလျောက် သိလာကြခြင်း ဖြစ်သည်။

img_1350ကဗျာဝသို့ သွားရာလမ်း

 ရေးမြို့နယ် သည် ရန်ကုန်မြို့နှင့် ၂၈၇ မိုင်အကွာ တွင်ရှိပြီး ကားဖြင့်သွားလျှင် ၈နာရီကျော် ကြာမြင့်သည်။ ယခင်က နယ်မြေ မငြိမ်း ချမ်း ခဲ့သော ရေး မြို့နယ် မြင် ကွင်း များသည် မြို့ခံ မဟုတ် သူများ အတွက် တကယ်ကို အစိမ်း သက်သက်ဖြစ် သည်။ သီးခြား ဖြစ်နေသော မြို့လေး တစ်မြို့နှင့်လည်း အလား သဏ္ဌာန်တူသည်။ မည်မျှ သီး ခြားဖြစ်နေခဲ့သနည်း ဆိုလျှင် ဝင်လာသော ခရီးသွား ကားကို  မြို့ခံများ က အထူးအဆန်း လို ဝိုင်းကြည့်ကြ သည်အထိ မြို့လေးမှာသီးခြား ဆန်လွန်းနေ သည်။ ဘေးတစ်ဖက် တစ်ချက် ရှိ စိမ်းညို့ ညို့ရော်ဘာခင်းများ ကလည်း ရေး မြို့နယ် ၏ အမှတ် သင်္ကေတ တစ်ခုဖြစ်သည်။

လက်ရှိတွင်တော့ ခရီးသွား လုပ်ငန်းများက မွန် ပြည်နယ် ခရီးစဉ်တွင် ရေးမြို့နယ်ကိုပါ ထည့်သွင်း ရေးဆွဲ ပို့ဆောင်နေကြပြီ ဖြစ်ပြီး အဆိုပါ ခရီးစဉ်ကိုပို့ ဆောင်နေသည့် ခရီးသွား လုပ်ငန်း ငါးခု ခန့်ရှိကြောင်း ကဗျာဝ ခရီးစဉ်သစ်ကို ပို့ဆောင်ပေးနေသည့် Sunday Plus ခရီးသွားလုပ်ငန်း  MD ဒေါ်စန္ဒီဝိုင်းကပြောသည်။

လာရောက် လည်ပတ်လို သူများအနေဖြင့် ကိုယ် ပိုင်ကားများဖြင့် လာရောက်နိုင်သလို ခရီးသွား လုပ် ငန်းများဖြင့်လည်း ချိတ်ဆက်ကာ လာရောက်နိုင်ပေ သည်။ ရုံးပိတ်ရက်ရှည် မရှိသူများ အတွက် ခရီးသွား လုပ်ငန်းများက နေ့ချင်းပြန် ခရီးစဉ် များ စီစဉ်ပေးလျက် ရှိသည်။

သို့သော်လည်း ကမ်းခြေသစ် ဖြစ်သည် နှင့်အညီ အခြေခံ အဆောက်အအုံ လိုအပ် ချက်များ ရှိနေသည်။ လမ်းပန်း ဆက်သွယ် ရေး ယခုထက် ပိုမို ကောင်းမွန်ရန် လိုအပ် ခြင်း၊ တည်းခိုခန်းနှင့် ဟိုတယ် မရှိသေးခြင်း၊ Express ကားကြီးများ ကမ်းခြေ အနီးနား အထိ ဝင်ရန် အဆင်မပြေခြင်း တို့ကို အဓိ က လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ဒေါ်စန္ဒီဝိုင်း က ပြောသည်။

”ဒီနေရာကြီး ဝင်ရတာ တော်တော် ခက်ခဲတယ်။ တစ်ရက် ခရီးစဉ် ဆိုတော့ အမြန်ပြန်ရမှာ။ လမ်းခရီး ကောင်းသွား ရင်တော့ တစ် မျိုးပေါ့နော်။ ဒီလောက်က အဖြစ်ကလေး လုပ်ထားသလို ဖြစ်နေ တယ်” ဟု ၄င်းက ပြောသည်။

အမှန်တကယ်သာ လုပ်ဆောင်နိုင် ပါက ချောင်းသာ ကမ်းခြေကဲ့သို့ပင် ပြည်တွင်း ခရီးသွားများ အများဆုံး လာ ရောက်ရာ ကမ်းခြေ တစ်ခုဖြစ် လာနိုင်ပြီး ချောင်းသာ တစ်ခုတည်းတွင် ဧည့်သည် များ စုပုံမနေဘဲ ဧည့်အဝင် မျှသွားနိုင် သည်ဟု ၄င်းက မှတ်ချက်ပြုသည်။

ကဗျာဝကျေးရွာ ဒေသခံ တစ်ဦးဖြစ် သူ ရွှေကဗျာ စားသောက်ဆိုင် ပိုင်ရှင် ဦးအောင်ယဉ်ဦး က ”ကဗျာဝက ခရီးသွား ကမ်းခြေဒေသ တစ်ခုဖြစ်လာမယ် လို့ ကျွန်တော်မြင် တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသ ကလည်း စည်း ကမ်းရှိဖို့ လိုတာပေါ့။ ဒေသလည်း အများ ကြီး ငြိမ်း ချမ်းသွားပြီ။ ယခင်က အနည်းအကျဉ်း ရှိတဲ့ လူတွေ ကလည်း အလင်းဝင်ကြပြီလေ” ဟု ပြောသည်။

img_1407ကုန်ကျစရိတ်သက်သာသည့် ကဗျာဝ

လက်ရှိ အချိန် တွင်တော့ ကဗျာဝ ကမ်းခြေသို့ အဝင်လမ်းတွင် ကတ္တရာ လမ်းခင်းနေ သဖြင့် ကားကြီးများ မဝင်နိုင်သေးပေ။ သို့သော် လည်း ကတ္တရာ လမ်း ပြီး သွား ပါက ခရီးသွားများ အဆင်ပြေပြေ လာရောက်နိုင်မည် ဖြစ်ကြောင်း၊ တည်း ခို ခန်း များလည်း ဆောက်လုပ်နေ ပြီဖြစ် ၍ ရက်ရှည်နေထိုင်ကာ အပန်းဖြေ လို သူများ အတွက် အဆင်ပြေနိုင်တော့မည် ဖြစ်ကြောင်း ဦးအောင်ယဉ်ဦး က ဆို သည်။

လက်ရှိ လာရောက် အပန်းဖြေ သူများသည် နေ့ ချင်းပြန် လာရောက်မှု များနေသော် လည်း ညအိပ်နေ ထိုင်လို သူများ အတွက် ကျေး ရွာဒေသခံ အိမ်များတွင် ငှားရမ်းနေ ထိုင်နိုင်မည် ဖြစ်သည်။ တည်းခိုခမှာ တစ်ဦး လျှင်ကျပ် ၂ဝဝဝ မှ ၃ဝဝဝ ဝန်းကျင်သာ ကျသင့်မည် ဖြစ် သည်။ အစားအသောက် မှာလည်း ဒေသခံများ ကိုယ်တိုင် ရောင်းချခြင်းကြောင့် အခြား ကမ်းခြေများကဲ့ သို့ဈေးမကြီးပေ။ ပင်လယ်စာ ကြိုက် သူများ အနေဖြင့် ကမ်းခြေတွင် ရောင်းချသော ဒေသခံ ဆိုင်တွင် အကင်စုံ ဝယ်ယူ စားသောက်နိုင်ပြီး လူငါးယောက်စားလျှင် ကျပ် တစ်သောင်းခန့် သာကျသင့်သည်။ ထို့ပြင် ကမ်း ခြေအနီး ကဗျာဝ ကျေးရွာတွင် လည်း စားသောက်ဆိုင် ၈ ဆိုင်ရှိခြင်းကြောင့် ကြိုက်နှစ်သက်ရာ ဆိုင်များကို ရွေးချယ်ကာ ပင်လယ်စာများ ဝယ်ယူစားသောက်နိုင် ပေသည်။ အိမ်အပြန် လက်ဆောင် အဖြစ် ဒေသ ထွက် ငါးခြောက်၊ မျှင်ငါးပိများကိုလည်း လတ်လတ်ဆတ် ဆတ် ဈေးသက်သက် သာသာဖြင့် ဝယ်ယူနိုင်ပေသည်။

စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံနေကြပြီ

ကဗျာဝ ကမ်းခြေ ဟိုတယ်နှင့် ပင်လယ် ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်း ဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က မွန်ပြည်နယ် လွှတ်တော် တွင် အဆိုပြု တင်သွင်းခဲ့ပြီး ဗကမကာ ကုမ္ပဏီက ကမ်းခြေ အပန်းဖြေစခန်း စီမံကိန်း ဖော်ဆောင် မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေတွင် ခရီးသွား လုပ်ငန်း အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ စင်တာနှင့် ဒေသဖွံ့ဖြိုးရေး လုပ် ငန်းများ လည်း လုပ်ဆောင် သွားရန် ယခင် အစိုးရလက် ထက် ကတည်းက Aurum ကုမ္ပဏီကကြေညာထားသည်။

ထို့ပြင် ရန်ကုန်မှ စီးပွား ရေး လုပ်ငန်းရှင်များ၊ မွန်ပြည် နယ်မှ စီးပွားရေး လုပ်ငန်းရှင် များကလည်း ကဗျာဝ ကမ်းခြေ ဟိုတယ် လုပ်ငန်း တွင် ရင်းနှီး မြှုပ်နှံရန် မြေကွက်များ လာ ရောက် ဝယ်ယူထားကြသည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် သုံးနှစ်ခန့်က သုံးသိန်းခန့် သာ ဈေး ရသော မြေကွက် သည် ၂ဝ၁၆ ခုနှစ်တွင် ကျပ် သိန်း ၂ဝဝ ဝန်းကျင် ခန့် တန် ကြေးရှိနေကြောင်း ဒေသခံများ က ပြောသည်။

”ရန်ကုန်ကနေ ဆင်းလာပြီး လာဝယ်ထားကြတာ ဈေးတွေ တောက်လျှောက် တက်နေတော့တာပဲ။ ရွာခံ အချို့ လည်း ဈေး ရတော့ ရောင်း ကြတာပေါ့။ အခုထိ လည်း အရောင်းအဝယ် ဖြစ် နေဆဲပဲ” ဟု ကဗျာဝကျေးရွာ မှ ဒေါ်ရီက ပြောသည်။

img_1341အခြားလည်ပတ်စရာ နေရာတွေ

ကဗျာဝ ကမ်းခြေမှ အပြန် ရေးမြို့ရှိ ကိုရင်လေး ကျောင်း သို့ သွားရောက်ကာ ဘုရား ဖူး ရင်း ရေးမြို့ရှုခင်း များကို ကြည့်ရှုနိုင်ပေသည်။ အပြန် လမ်းတွင် သံဖြူ ဇရပ်မြို့နယ် ရှိ ဝဲကလိ သဘာဝ ရေပူစမ်း အပန်းဖြေ စခန်းသို့ ဝင်ရောက် ကာ ရေပူ စိမ်ရင်း အညောင်းအ ညာ ဖြေနိုင်ပေ သည်။

အချိန် ရပါက  သံဖြူဇရပ် မြို့နယ်ရှိ နာမည်ကျော် ”သေမင်းတမန် ရထား လမ်းပြ တိုက်” သို့ လည်း သွား ရောက် လေ့လာနိုင်သေးသည်။

ကဗျာဝ ကျေးရွာဒေသခံ များကတော့ သူတို့၏ ကမ်းခြေခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး အတွက် ပြည် နယ် အစိုးရ အနေဖြင့် အထူး အလေး ထား လုပ်ဆောင် ပေးစေ လိုကြ သည်။ အသစ်ဖြစ်သော၊ ပျက်စီးမှု မရှိ သေးသော၊ သဘာဝဆန်လွန်းသော ကဗျာဝကမ်းခြေ သည် အခြေခံ အဆောက်အအုံများ လုံလောက်စွာ ဖြည့်ဆည်းနိုင်ပါက ချောင်းသာ၊ ငွေဆောင် တို့ကဲ့သို့ပင် ပြည်တွင်း ခရီးသွားများ အဓိက သွားရောက်ရာ ကမ်း ခြေဒေသ တစ်ခု ဖြစ်လာမည်မှာ အသေအချာပင်ဖြစ် သည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*