စောင့်ကြည့်ရန်မှတစ်ပါး အခြားမရှိ

စောင့်ကြည့်ရန်မှတစ်ပါး အခြားမရှိ
November 25, 2016 Asian Fame

4:54 am
စောင့်ကြည့်ရန်မှတစ်ပါး အခြားမရှိ
In Articles

mg-doon-article

ပြီးခဲ့သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးရက်များ၊ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီး ရက်များတွင် facebook လူမှုကွန်ရက်ပေါ်ဝယ် သတင်းမှားများသည် သတင်းမှန်များထက် ပိုမို ပျံ့နှံ့ခဲ့သည်။ အဆိုပါ သတင်းမှားများ သတင်းအတုများသည် သတင်းမှန်များထက်ပင် ပိုမိုလူကြည့် များနေပြီး ထိပ်တန်း သတင်းအတု ၂ဝ ဆိုလျှင် မဲဆွယ်ကာလများမှ ရွေးကောက်ပွဲ ပြီးသည့်ရက်များ အထိပင် ကြည့်သူ၊ မျှဝေသူတို့ အထူးများပြားနေဆဲဖြစ်ပြီး ကြည့် ရှုသူ ၇ ဒသမ ၃ သန်းအထိပင် ရှိနေသည်ကို တွေ့ရသည်။ အခြား သတင်းမှားများ သတင်းအတုများမှာလည်း နှစ်သက်သူ အနည်းဆုံး ၃ သန်းမျှ ရှိနေကာ နောက်ဆုံးရွေးကောက် ပွဲနေ့တွင် သတင်းမှန်များကို နှစ်သက်သူ၊ မျှဝေသူတို့မှ ၇ ဒသမ ၃ သန်းအထိ ကျဆင်းလာပြီး၊ သတင်းအမှားများကို နှစ်သက်သူ၊ မျှဝေသူတို့မှာမူ ၈ ဒသမ ၇ သန်း ခန့်အထိမြင့်တက်လာကာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရပါသည်။

ယခုလတ်တလော ကာလများတွင်လည်း facebook သည် သတင်းအတုများ အထူးတိုးတက်များပြားလျက်ရှိနေပြီး သတင်းအစစ်များနှင့် ရောထွေးကာ ဖတ်ရှုသူများအတွက် အတုအစစ် ခွဲခြားရခက်ကာ အမှတ်မှား အထင်မှား ပိုမိုဖြစ်လာနေလျက် ရှိသည်။ ”ခုဆိုရင် အဲဒီသတင်းအတုတွေ အများပြည်သူကြားထဲ ပျံ့နှံ့မှုကို လျှော့ချဖို့အတွက် ကျွန်တော်တို့ အချိန်အများကြီးပေး ပြီးလုပ်နေကြပါတယ်” ဟု facebook ၏ News Feed ထိန်းသိမ်းရေးအဖွဲ့ခေါင်းဆောင် အဒမ် မိုဆာရီက ပြောသည်။

facebook အနေနဲ့လည်း သတင်းအတုတွေ တိုးတက်ပွားများလာနေတဲ့အပေါ်မှာ တကယ်ကိုပဲ ကြီးမားတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်” ဟုလည်း ကျွမ်းကျင် သူတွေက ပြောကြသည်။ မည်သို့ပင်ဖြစ်စေ လူမှုကွန်ရက်များအနက် အကြီးမားဆုံးနှင့် အဖွဲ့ဝင် အများဆုံးဖြစ်နေသော facebook ၏ အကျိုးသက်ရောက် မှုသည် နိုင်ငံတိုင်းတွင်ရှိနေသည်။ နိုင်ငံငယ်များတွင်လည်း နိုင်ငံငယ် များအလျောက်၊ နိုင်ငံကြီးများတွင်လည်း နိုင်ငံကြီးများအလျောက် အကျိုး သက်ရောက်မှုများကို ကြုံတွေ့နေရသည်။ သို့ရာတွင် ယခုနောက်ပိုင်းဝယ် ကောင်းကျိုး ထက် ဆိုးကျိုးဘက်က ပိုမိုအလေး သာလာသယောင် ထင်နေရ၏။

facebook နှင့် ရင်းနှီးသက် ပိုမိုကြာမြင့်သော အနောက်နိုင်ငံကြီးများအတွက် မဖြစ်လောက်သော ပြဿနာတို့သည် အရှေ့ ဖျားနိုင်ငံများအတွက်မူ အဆန်း တကြယ် ပြဿနာများဖြစ်လာ နေသည်။ facebook သည် အမုန်းစကားများ ဖြန့်ကြက်ရာ နေရာတစ်ခု ဖြစ်မှန်းမသိဖြစ်လာနေသည်။်ခေနဘသသု သည် လိမ်လည်လှည့် ဖျားသူများအတွက် လက်နက် ကောင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာ နေသည်။ facebook သည် အနိုင်ကျင့် အကျပ်ကိုင်သူတို့အတွက် နေရာကောင်းတစ်ခု ဖြစ်လာနေသည်။ facebook ကြောင့် အပြု သဘောဆောင်သော ဖြစ်ရပ်များ ဖြစ်လာရသည်ထက် အမုန်းပွား မှုများ၊ အပျက်သဘောဆောင် သည့် ဖြစ်ရပ်များဖြစ်လာသည်က ပိုများလာသည့် အရိပ်အယောင် တွေ တွေ့နေရ၏။

သို့ရာတွင် facebook အသုံးပြုမှုကို တရုတ်နိုင်ငံမှတစ်ပါး အခြား နိုင်ငံများတွင် ပိတ်ပင်တားဆီးရ ခက်ခဲနေသည်။ စမတ်ဖုန်း ကိုင်ဆောင်သူအားလုံးနီးပါးသည် facebook အဖွဲ့ဝင်များဖြစ်နေကြသည်။ မြန်မာနိုင်ငံတွင်အင်တာနက် အသုံးပြုသူ ၁၁ သန်းကျော်မျှရှိသည့်အနက် Asian Internet Statistics အဖွဲ့၏ သုတေသနပြု ချက်အရမူ ၂ဝ၁၆ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် facebook အသုံးပြု သူ ၁၁ သန်းခန့်အထိရှိနေပြီဖြစ် ကြောင်းသိရသည်။ ယင်းသည် နိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁၉ ဒသမ ၃ ရာခိုင်နှုန်းမျှပင် ဖြစ်လေ၏။

မြန်မာနိုင်ငံရှိ facebook အသုံးပြုသူများ အကြားတွင်လည်း သတင်းမှားသတင်းတုများ၊ ကောလာဟလဖြန့်ချိမှုများ၊ ဝါဒဖြန့်မှုများ၊ အမုန်းစကားများ၊ အသရေ ဖျက်စော်ကားမှုများ အစရှိသဖြင့် အဆိုးဘက်သို့ယိမ်းသော အပြု အမူများမနည်းမနော ရှိလာနေပြီကို အားလုံးအသိပင်ဖြစ်သည်။ နိုင်ငံတကာတွင် သတင်းတု သတင်းမှားများ facebook ပေါ်တွင် တိုးပွားပျံ့နှံ့လာနေခြင်းနှင့် ပတ်သက်၍ facebook ၏ အမှု ဆောင်အရာရှိချုပ်မာ့ခ်ဇူကာဘတ်တွင် အဓိကတာဝန်ရှိနေကြောင်း ဆိုကြသည်။

”အဲဒီ သတင်းတု သတင်းမှား တွေဖြန့်ချိနေတာနဲ့ ပတ်သက်လို့ ထိန်းသိမ်းစိစစ်ဖို့ မာ့ခ်ဇူကာဘတ်အတွက် အရေးအကြီးဆုံးအချိန်ကိုရောက်နေပါပြီ။ အဲဒီ လိုမှမလုပ်တော့ရင် facebook ဟာ သတင်းတုသတင်းမှားတွေ ပျံ့နှံ့ရာနေရာတစ်ခု ဖြစ်လာပါ တော့မယ်” ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် Media Matters for America အဖွဲ့က စတင်ပြောဆိုလာချေပြီ။ ဇူကာဘတ် မည်သို့ဆက်လုပ် မည်နည်း။ ခင်ဗျားလည်းမသိ။ ကျွန်တော်လည်းမသိ။ စောင့် ကြည့်ရန်သာ ရှိတော့၏။

မောင်ဒွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*