မျှဝေသူ နဲ့ သင်ယူသူများ

မျှဝေသူ နဲ့ သင်ယူသူများ
August 12, 2016 Asian Fame

5:53 pm
မျှဝေသူ နဲ့ သင်ယူသူများ

skp

လတ်တလော စာမရေးခင် Facebook စာမျက်နှာကို အပြေးအလွှား ဖတ်ကြည့်မိတယ်။ ကျွန်မ မျက်လုံးထဲတန်းဝင်သွားတာက စကားတွေအများကြီးပြောနေတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာလေးပါ။ ရင်ထဲမကောင်းဘူးဖြစ်သွားတယ်။ စဉ်းစားကြည့်ပါ စာဖတ်သူရေ။ ငိုမဲ့မဲ့ မျက်နှာနဲ့ သစ်ပင်မှာ ကြိုးတုပ်ထားပုံရပါ တယ်။ ရင်ဘတ်မှာ “ကျွန်တော် သူခိုးပါ” လို့ စာတန်းချိတ်ဆွဲထားတဲ့ ကတ်ပြားတစ်ခုနဲ့ ဒီကလေးမျက်နှာ ကို သေသေချာချာ ကြည့်မိတယ်။ ညစ်ပတ်ပေတူးပြီး ငိုမဲ့နေတဲ့ သူ့မျက်နှာလေးဟာ မျှော်လင့်ချက်မဲ့နေတဲ့ပုံလေးပါပဲ။ လူတွေကို အားကိုးတကြီး ကြည့်နေတဲ့ သူ့မျက်ဝန်းတွေထဲမှာ စိတ်ဒဏ်ရာတွေရှိနေမှာ ကျိန်းသေပဲလေ။

မိန်းမဝဝကြီးတစ်ယောက်က သူ့ကို ခါးထောက်ကြည့်နေတယ်။ အနောက်ဘက်ကရိုက်ထားလို့ မျက်နှာကို မမြင်ရပေမယ့် ဒီအမျိုးသမီး ကြီးမျက်နှာဟာ ချိုသာနူးညံ့မှုတို့ရှိ နေနိုင်တာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လူအုပ်ကလည်း ဝိုင်းကြည့် နေကြတယ်။ သူနဲ့ရွယ်တူ ကလေးတွေကလည်း အနားမှာပြည့်လို့။ ဒီ ကလေး ဘာအပြစ်လုပ်မိသလဲဆို တော့ သူတစ်ပါးပစ္စည်းကို ခိုးမိနေ ပါပြီ။ အစားအစာသော်လည်း ကောင်း၊ ဥစ္စာပစ္စည်းသော်လည်း ကောင်းတစ်ခုခုကို သူယူမိသွားပါပြီ။

လက်ဆုပ်လက်ကိုင်မိလို့သာ ဒီလိုလုပ်တာခံရတာပေါ့လေ။ ကျွန်မလည်း စဉ်းစားကြည့်ပါတယ်။ အပြစ်လုပ်လို့ ထိုက်သင့်ပြစ်ဒဏ်ခံရတာဟာ လက်ခံထိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးတော့ အပြစ်မပေးသင့်ပါဘူး။ မကျေနပ်ရင်၊ အပြစ်ထင်ရှားရင် ရဲစခန်းကိုခေါ်သွားပါ။ အရွယ်ငယ်သေးရင် (ဒီကလေး ဆယ့်သုံး၊ ဆယ့်လေးအရွယ်ပါ) ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဂေဟာကို ပို့ ပေါ့နော်။ သူခိုးဆိုတဲ့အတွက် သူ အိမ်တစ်အိမ် သို့မဟုတ် ဆိုင်တစ်ခုက နေ တစ်စုံတစ်ရာကို သယ်ယူလာတာ ပါပဲ။ တကယ်လို့ ဂေဟာကိုမပို့ တောင် စာနာတတ်သူတစ်ယောက်က တာဝန်ယူပြီး အဆင်ပြေအောင် လုပ်ပေးနိုင်ရင် သင့်တော်မှာပါ။

ဒီကလေးကျောင်းနေသလား တွေးကြည့်မိတယ်။ ပုံစံကတော့ ရပ်တကာရွာလည်သွားလာနေပုံပါပဲ။ မိဘတွေကလည်း ဆင်းရဲမှာ သေချာ ပါတယ်။ သူတို့ဟာသူတို့ ထမင်းနပ် မှန်အောင်စားဖို့ အနိုင်နိုင်ဆိုတော့ သားသမီးကို လိမ္မာယဉ် ကျေးအောင်၊ မခိုးမဝှက်အောင် သင်ပေးနိုင်စွမ်း ရှိခဲ့ပုံမပေါ်ပါဘူး။ တစ်နည်းတွေးရင် မိဘမဲ့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်လေ ဒီကလေးကို ဒီလိုတော့ ဒဏ်မပေးသင့်ဘူးထင်တာပါပဲ။ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ဒီကလေးဟာ သူ့ကိုယ်သူ မယုံ ကြည်နိုင်တော့ပါဘူး။ ရှေ့ဆက်ရမယ့် လမ်းခရီးကို ရိုးသားစွာဆောက် တည်နိုင်ဖို့ သူ့ကိုယ်သူ မယုံရဲတော့ ပါဘူး။ နောက်ပိုင်း ဒီ့ထက်ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဘယ်သူမှမယုံမယ့်အတူ တူ ဆက်ဆိုးသွမ်းမှာ သေချာပါတယ်။ တစ်ဖက်ကတွေးပြန်တော့ဒီ ကလေး တကယ်ခိုးသူမဟုတ်ရင် ဆင်းရဲလို့ အထင်လွဲခံရတာဆိုရင် သွားပြီပဲ။ ဘဝမှာ လူတွေကိုနာကြည်း တော့မယ်လေ။

ကျွန်မတို့နိုင်ငံမှာ ဒီလောက် မကြားရသေးပေမယ့် တခြားနိုင်ငံတွေ၊ နိုင်ငံကြီးတွေမှာတောင်လေလွင့် ငှက်ငယ်တွေ အများကြီးပါ။ သေမ ထူး၊ နေမထူးတွေဖြစ်ပြီး လူတွေကို ဒုက္ခပေးနေတာ အများကြီးပါ။ သူတို့ ဆီက အသက်ဆယ့်ရှစ်နှစ်ပြည့်ရင် ခွဲထွက်ပြီ ဆိုတော့လုပ်ချင်ရာလုပ်၊ ကိုယ့်ဘာသာကိုယ် တာဝန်ယူစနစ် ပေါ့ရှင်။ လက်နက်တွေဆိုတာက လည်းအထိန်းအကွပ်မဲ့ဆိုတော့ ထစ်ခနဲရှိ ပြဿနာ တွေဖြစ်ကြတော့တာပါပဲ။ ကျွန်မတို့နိုင်ငံက တော် သေးတယ်ဆိုရမယ်။ မိဘနဲ့ခွဲထွက်တဲ့ အကျင့်လည်း သိပ်မရှိသေးတော့ တော်ပါသေးတယ်။ အခု Facebook ထဲက ကလေးလေး ပုံကိုတွေ့ပြီး အတွေးမျှင် ဇာချဲ့မိပါတယ်။ ကလေး တွေကို ငယ်ဘဝကတည်းက ဒီလိုမျိုး အပြစ်တွေပေးခဲ့ရင်တော့ နောင် တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေလို ဖြစ်မလာဘူး မပြောနိုင်ဘူး။ အခု တောင် “ဓားကိုင်တဲ့ခေတ်” ဖြစ်နေတာလေ။ ထစ်ခနဲရှိ ထိုးခုတ်နေကြတာ။ ကလေးဆိုတာမျိုးကအနားမှာ ရှိတဲ့သူတွေဆီက အကျင့်ကောင်း၊ အကျင့်ဆိုးကို ကူးစက်တာခံရမှာပါပဲ။ ကောင်းတဲ့အမူအကျင့်ရှိသူနဲ့ နီးရင် ကောင်းမှာပဲ။ မကောင်းတဲ့အမူအကျင့်ရှိရင်လည်း မကောင်းတာတွေကို အဲဒီမကောင်းသူဆီကရမှာပါပဲ။

ကျွန်မမြေးမလေး ခေတ်သခင် အကြောင်းပြောချင်ပါသေးတယ်။ နယ်ကအဘွားကြီးတစ်ယောက်နဲ့ပါလာတဲ့ ကောင်မလေးတစ်ယောက်ကို ခေတ်နဲ့ကစားရအောင်၊ အဖော်ရအောင်ဆိုပြီး ကျွန်မ ခေါ်ထားမိပါတယ်။ ခေတ်က အင်မတန်ဥာဏ် ကောင်းပါတယ်။ ဘာမဆိုသိလွယ်၊ သင်လွယ်၊ တတ်လွယ်ပါတယ်။ (ကျောင်းစာကိုတော့ အခုထိ စိတ်မဝင်စားသေးပါဘူး။ မနည်း ကြပ်မတ်နေရတယ်)အိမ်မှာနေတဲ့ ကောင်မလေးတွေရဲ့အမူအကျင့်တွေကို သူထပ်တူပုံတူကူးတယ်။ လာသမျှ ကောင်မလေးတွေရဲ့ ပုံရိပ်ကို ထပ်တူ နီးပါး သူအတုခိုးနိုင်တယ်။ ခုနကခေါ်ထားတဲ့ ကောင်မလေးက နယ်မှာနေပေမယ့် အတတ်မျိုးစုံတတ်တယ်။ လိမ်ပြောတတ်တယ်၊ ထစ်ခနဲဆို ငိုပြတတ်တယ်။ ခိုးစားတတ်တယ်။ အဲဒီမှာ ခေတ်နဲ့တွေ့ တော့တာပါပဲ။ တစ်ရက်မှာ အိမ်က ကောင်မလေးတွေက ခေတ် အိမ်ဘေးချောင်ထဲသွားပြီး တစ်ခုခုထိုးထည့်လိုက်တာမြင်လိုက်တယ်။ သူ့ အလစ်မှာ သွားယူကြည့်တော့ ကော်ဖီ မစ်မှုန့်တစ်ထုပ်ဖြစ်နေတယ်။ အထုပ်ကိုလည်း ကိုက်ဖြဲထားတယ်။ မြေးခေတ်ကိုခေါ်မေးတော့ ပေါ်တာပါပဲ။ သူအရင်လုပ်တာဆိုပြီး လက်ညှိုးထိုးပြမှ ခုနကခေါ်ထားတဲ့ ကလေး မလေးမှန်းသိရတယ်။ ကျွန်မကဖြင့် သနားလိုက်ရတာ။ မိဘမရှိဘူးဆိုပြီး (သူ့အဘွားက ရပ်ကွက်ထဲ အလုပ်လုပ်နေရရှာပါတယ်) တော့လေ။ သူက ကော်ဖီထုပ်ကိုခိုးလာပြီး ခေတ်ရှေ့မှာ ဖောက်ပြီး အမှုန့်တွေကို လျက်ပြတယ်။ ခေတ်ကပါ ဒီ အတိုင်းတစ်သဝေမတိမ်းလုပ်တော့တယ်။ နောက်ပိုင်းမှာ ဆုံးမရင်တောင် ပေကတ်ကတ်၊ ညစ်တစ်တစ်ဇာတိလေးတွေ ပြလာတော့ သူ့အဘွားဆီ ပြန်ပို့ပေးလိုက်ရတယ်။ စိတ်တော့မကောင်းဘူးပေါ့နော်။

သူ့ထက်တစ်နှစ်ကြီးတဲ့ သူ့ အစ်ကို ကိုးနှစ်သားလောက်ကလေးကိုတော့ ဘုန်းကြီးဝတ်ချင်ပါတယ်ဆိုလို့ ကိုးမိုင် ရွှေနှင်းဆီဆရာတော် ဘုရားဆီသွားပို့လိုက်တယ်။ မိဘ မရှိရှာဘူးလေဆိုပြီး သနားတာမှ အသစ်ကျပ်ချွတ်ဖျာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ ရေခွက်၊ ဆပ်ပြာခွက်၊ ဆပ်ပြာ၊ တဘက်၊ ကိုရင် အတွက် သင်္ကန်း၊ ဖိနပ် ဘာမှလို လေသေးမရှိ ထည့်ပေးပါတယ်။ အိမ်ကို နေ့တိုင်း ဆွမ်းခြံ<ွကပင့်တယ်။ ကျွန်မလည်း သူတော်ကောင်းအလုပ်ကို လုပ်ရတယ်ဆိုပြီး ဝမ်းသာပီတိ တွေဖြစ်နေလိုက်တာလေ။ နှစ်လ လောက်တော့ ဘုန်းကြီးအနားမှာ အဟုတ်သား။ အိမ်ကို ကိုရင်လေးြ<ွကလာရင်လည်း ကျွန်မမှာ သူ့ကို ကန်တော့ပြီး ဟင်းတွေသေသေချာချာ ထည့်ပေးပါတယ်။ ဒါပေမဲ့ နှစ်လလောက်ကြာတော့ အိမ်ပြန်ချင်ပြီ ဖြစ်လာရော။ ဘယ်လိုမှတားမရ တော့လည်း ပြန်ပို့ရတာပေါ့။ သူ့ ညီမလေးကလည်း ပြန်လိုက်ချင်တယ်ဆိုလို့ ကဲ..ပြန်ကြလို့ပဲပြော ပြီး ပြန်ပို့လိုက်ပါတယ်။

ကောင်လေးကိုလည်း ညဘက် ဘုန်းကြီးကျောင်းအပြင်ကို ဝင်းထရံ ကျော်ပြီး ထွက်တတ်တယ်လို့ ဘုန်းကြီးကျောင်းကလည်း တိုင်ကြပါတယ်။ ဒီအရွယ်လေးနဲ့ လူကြီးတွေလို လုပ်တတ်နေတာ ရှေ့မှာ သူနေတဲ့ဝန်းကျင်မှာ အတုမြင်ပြီး အတတ်သင်ခဲ့ရလို့ပါ။ ဘုန်းကြီးကလည်း နေ့တိုင်းလိုလို ပြောမရ၊ နားမထောင် ဆိုတော့ ကျောင်းမှာ လက်ခံချင်ပုံ မပေါ်တော့ပါဘူး။ ကောင်လေးကလည်း ဘုန်းကြီးကျောင်းမှာ မချောင်တော့ ပြန်ချင်ပါတယ်။ ဒါနဲ့ပဲ သူတို့ မောင်နှမနှစ်ယောက်လုံး သူ့အဘွား ရှိရာနယ်ကို ပြန်ပို့လိုက်ရပါတယ်။

ဒီမောင်နှမပြန်သွားပြီး ခြောက်လလောက်ကြာတော့ မြေးခေတ်ရဲ့ ကျောင်းကဖုန်းဆက်ပါတယ်။ အကျိုးအကြောင်း စုံစမ်းကြည့်တော့ မြေးခေတ်တစ်ယောက် ကော်ဖီမှုန့်ထုပ်တွေဖောက်ပြီး ပါးစပ်ထဲကို လျက်ပြီးစားနေတာတွေ့လို့တဲ့။ သူက အိမ်မှာမကြိုက်မှန်းသိတော့ ကျောင်း မှာလုပ်ကြည့်တာဖြစ်မယ်။ ကျောင်းကလည်း မြေးခေတ်လုပ်ရပ်ကို ထူးဆန်းအံ့သြပြီး ကျောင်းမှာရှိတဲ့ ဆေးခန်းဆရာဝန်ဆီကို ခေါ်သွားတာပေါ့။ ပြီးတော့ ကျွန်မတို့ကိုပြောပြတာပါ။ ဒီကော်ဖီမှုန့်တွေက အာခေါင်မှာကပ်ပြီး အသက်ရှူလမ်းကြောင်း ပိတ်နိုင်တယ်ဆိုပြီး တိုင်တာပါ။ မြေးခေတ်ကိုလည်း နောက်ထပ် ဒီလိုမျိုးမလုပ်ဖို့ ဆုံးမပါတယ်။ ကျွန်မတို့လည်း တစ်မိသားစုလုံး သူ့ကို ပြင်းပြင်းထန်ထန် ချော့တစ်ခါ၊ ခြောက်တစ်လှည့် ပညာပေးဆုံးမရပါတယ်။ အခုတော့ မြေးခေတ် ဒီလုပ်ရပ်ကို မေ့သွားပါပြီ။

တစ်လောကတော့ ပြန်ပို့လိုက်တဲ့ ကောင်မလေးရဲ့အဘွားက အိမ်ကို ပြန်ပို့ပါရစေလို့ ခွင့်လှမ်းတောင်းတယ်။ ကျွန်မတို့လည်း မနည်းကို ငြင်းဆန်ရပါတော့တယ်။ နောက်တစ်ခါ ဒူနာတေး၊ ကြောက်လှချည်ရဲ့ လေးပေါ့ရှင်။ ကလေးတွေကို ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းပေးဖို့ မှာလိုက်ရပါသေးတယ်ရှင်။ ဟိုယောက်ျားလေးကိုတော့ ဆယ်တန်း အောင်ရင်ပြော၊ တပ်ထဲသွင်းပေး မယ်လို့ပြောထားတယ်။ ဟုတ်တယ်လေ။ သူတို့လို အကြောတင်းတဲ့ ကလေးမျိုးကျတော့ စစ်တပ်ကပဲ အပိုးကျိုးအောင်၊ စည်းကမ်းတကျ ဖြစ်အောင် သင်ကြားနိုင်မှာပါ။

အိမ်မှာ ကျွန်မမြေးမောင်က အေးတယ်ရှင့်။ အမှတ်မရှိတဲ့ ကျွန်မက မြေးမောင်နဲ့ဆော့ဖို့ ကောင်လေး တစ်ယောက် ခေါ်ထားမိတယ်။ မြေးမောင်က သူ့ဘာသာ ပုံမှန်လောက်ပဲပေါင်းပြီး ဆော့တယ်။ မြေးခေတ်က အပေါင်းအသင်းမက်တယ်။ အဲဒီကလေးကို ကျွန်မက လှမ်းပြောတယ်။ ဟိုရှေ့ကစာအုပ်ကလေး ယူလာပေး ပါပေါ့လေ။ ဥပမာပေါ့ရှင်။ ယူလာပေးသူက မြေးခေတ်ပါ။ ပြီးရင် အိမ်ရှေ့မှာ သူခေါ်ဆော့တော့တာ လေ။ ကျွန်မစမ်းကြည့်တယ်။ ဘာ ခိုင်းခိုင်း မြေးခေတ်က အကုန်လုပ်ပေးတယ်။ ဟိုကောင်လေးက အေးဆေးပဲ။ မြေးခေတ်က အချိန်ပြည့် ဆော့ချင်တော့ ဟိုကလေး ကိုခိုင်းတာကို မကြိုက်ဘူး။ ဒီတော့ သူက မြန်မြန်လုပ်ပေးပြီးဆော့တာ။ သူ့ကိုပဲ ခိုင်းပါပေါ့လေ။

တစ်ရက်မှာတော့ သူတို့ သုံးယောက် ဆော့နေတာကြည့်ရင်း ကျွန်မအိပ်ငိုက်နေတာနဲ့ အခန်းထဲဝင်လှဲနေရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်သွားပါလေရော။ ခါတိုင်း ကျွန်မ နေ့ခင်းမအိပ်တတ်ဘူးရှင့်။ ဒါနဲ့ နိုးလာတော့ ဟိုကောင်လေးလည်း အိမ်ပြန်သွားပြီ။ ကလေးနှစ်ယောက် ရေမိုးချိုးခိုင်းပြီး ကျွန်မအခန်းထဲဝင်ပြီး ပိုက်ဆံအိတ်ကို ဖွင့်တယ်။ ကျွန်မမျက်စိမှားလေသလား။ ခုနလေးကမှထည့်ထားတဲ့ ငွေနှစ်သိန်းလုံးဝမရှိတော့ဘူး။ တစ်ထောင်တန် နှစ်အုပ်ပါ။ အိမ်ရှိ လူကုန်အကုန်မေးလည်း သိတောင် မသိကြဘူး။ ကျွန်မလည်း အိမ်က ကောင်မလေးတွေလည်း မဟုတ်မှန်းသိတော့ မြေးခေတ်ကို တန်းမေးရ တော့တယ်။ သမီးယူလားပေါ့။ အမေးရှိတော့မှဖြင့် အဖြေရှိပြီပေါ့။

” ခေတ် ယူလားသမီး၊ ဘွားဘွားကြီးပိုက်ဆံ”
” ခေတ်ခေတ် အမှန်ပြောမယ်နော်” (ရိပ်မိပြီ)
” ခေတ် ယူတယ် ”
” ခေတ် ဘာလို့ယူလဲသမီး ”
” ဟိုကောင်လေးက ပြန်မယ်ဆိုတော့ ပိုက်ဆံမရှိဘူးလို့ ပြောတယ်”
” ဒီတော့..” ကျွန်မကစကားထောက်ရတယ်။

” ကောင်လေးက သူ့အမေကို ပိုက်ဆံပြန်ပေးချင်တယ်တဲ့” (တစ်နေ့ သုံးထောင်နဲ့ တစ်လကိုးသောင်း မုန့်ဖိုးပေးပြီး ကလေးတွေနဲ့ အဖော် လုပ်ခိုင်းတာပါ)
“သမီး ဘယ်လိုယူပေးလဲ”
” ခေတ်က ဘွားဘွားကြီးကို ပြောမလို့ အခန်းထဲကိုဝင်လာတာ ဘွားဘွားကြီးက အိပ်နေတာကိုး” (ကိုယ့်အပြစ်တောင် ဖြစ်သေးနော်)
” ဒီတော့ ဘာဆက်လုပ်လဲ မှန်မှန်ပြော”
” ဘွားဘွားကြီးက ခုတင်ပေါ်မှာ ဟိုဘက်လှည့်ပြီး ဒီလိုဒီလို တခေါခေါနဲ့ ဟောက်နေသေးတယ်လေ”
” ကဲပါ၊ ပြောပါဆို။ ဘွား ဒေါသ ဖြစ်လာပြီနော်” ဒီတော့မှ ဒင်းကလေး ဖြောင့် ချက်ပေးပါတော့တယ်။

” ခေတ်က ဘွားဘွားကြီးအိပ် နေတော့ ဘွားဘွားကြီးပိုက်ဆံအိတ်ကို တွေ့တယ်။ ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံနှစ်ထုပ်တွေ့တယ်”
” ဘုရား..ဘုရား”
” ဒီတော့ ဘယ်နှရွက်ယူပေးလိုက်လဲ။ ကျန်တဲ့ပိုက်ဆံတွေ ဘယ် နားထားလိုက်လဲသမီး”
” အကုန်ပေးလိုက်တယ်။ တစ်ရွက်မှ မယူထားဘူး”
” ဘာ..၊ ဘာကြောင့်ပေးလိုက်တာလဲ ပြောစမ်းအေ” (သူ့အတွက် မုန့်ဖိုးလည်း ထုတ်ပေးပြီးသား)
” သူတို့မှာ ပိုက်ဆံမရှိဘူးလို့ ဟိုကောင်လေးက ပြောတယ်လေ။ သနားလို့ပါ” (သွား ပြီဆိုတာ သိလိုက်ပြီ)
” ကိုကိုကြီးကော၊ သားရေ.. မင်းမသိဘူးလား” မြေးမောင်ကို လှမ်းမေးမိတယ်။
” သူတို့နှစ်ယောက် အပေါ်ထပ်တက်သွားတာပဲ။ ပြန်ခါနီးတော့ ဟိုကောင်လေး ဘောင်းဘီအိတ် နှစ်ဖက်က ဖောင်းနေတာပဲသိလား ဘွားဘွားကြီး” (အိုဗာအိုက် တင်နဲ့မောင်)

တော်ပါပြီ။ အခုမှ ပြူးတူးပြဲတဲ ပြောတယ်။ ငါအိပ်မိလို့ပါ။ ငါ့အပြစ်။ ကိုယ့်ဘာသာပဲ အပြစ်တင်မိတယ်။ ဘိုးဘိုးကြီး အပြင်သွားတာနဲ့လည်း ကြုံလို့ပါ။ အပြီးသတ် ဇာတ်ပေါင်းတော့ ပိုက်ဆံတွေ ပြန်တောင်းလို့မရတော့ပါဘူး။ နိဋ္ဌိတံသွားပါပြီ။ ဆုံးပြီဆိုတော့ အလှူပေါ့လေ။ ဟိုကောင်လေးလည်း မလာတော့ပါဘူး။ အခုတော့ သူတို့တစ်တွေ ကျောင်းက သူငယ်ချင်းတွေနဲ့ ပေါင်းတတ်လာပြီဆို တော့ သူငယ်ချင်းမရှိတဲ့ရောဂါ မတက်တော့ပါဘူး။ ကျွန်မလည်း တစ်ယောက်မှ မခေါ် ပေးတော့ပါဘူး။ သေသေချာချာတွေးကြည့်တဲ့အခါမှာ ကလေးတွေဟာ မိမိတို့အနီးအနားမှာ ရှိတဲ့သူတွေ၊ အပေါင်းအသင်းတွေရဲ့ စရိုက်ကို အင်မတန် အတုယူတတ်ပါတယ်။ လောကကြီးကို သင်ယူစအချိန်မှာ ဘယ်ဟာကိုမှ အပြစ်လို့မထင်ကြရှာပါဘူး။ ဒါလုပ် ရင် ဒါဖြစ်မယ်လို့လည်း မသိသေးပါဘူး။ အဲဒီသင်ယူမှုတွေဟာ အပြစ်ကင်း သော အမူအကျင့်တွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်မအစောပိုင်းကရေးခဲ့တဲ့ ကလေးဆို ရင်လည်း သူ့ရဲ့ပတ်ဝန်းကျင်က သင်ယူမှုတွေရယ်၊ အရွယ်နဲ့မလိုက်အောင် လိုအပ် ချက်တွေ ရှိရတာတွေကြောင့် အပြစ်တွေ ဖြစ်ရပါတယ်။ ဒီလိုကလေးတွေကို အုပ် ထိန်းသူတွေက ထိထိရောက်ရောက် ဆုံးမနိုင်မှသာ သူတို့အနာဂတ်မပျောက် ကွယ်မှာပါ။ ဒါမှမဟုတ်ရင်တော့ အခုမှ ဖွံ့ဖြိုးဖို့ အရှိန်ယူဆဲ ကျွန်မတို့နိုင်ငံ အတွက် လူငယ်ဆိုတဲ့ အရင်းအနှီးတွေ လျော့ပါးနိုင်တာ မြေကြီးလက်ခတ်မလွဲနိုင်ပါဘူးရှင်။

အခုစာရေးနေတုန်းမှာပဲ Facebook ပေါ်မှာ ပထမဆုံးရေးတဲ့ ကလေး အကြောင်း ပါလာတယ်။ မေမြို့က ဒေါ်စန်းစန်းမူဆိုသူက မွေးစားချင်လို့ ဆက်သွယ် ပါတဲ့။ ဖုန်းနံပါတ်တွေလည်း ပေးထားတယ်။ ကျွန်မကတော့ အတော်လေး ဝမ်းသာ သွားပါတယ်။ ဒီကလေးရဲ့ စိတ်ကိုသေသေချာချာဖတ်နိုင်မယ့်သူ၊ ပဲ့ကိုင်နိုင်မယ့် သူ တော်ကောင်းနဲ့ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

စိုးကြည်ဖြူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*