နှာခေါင်း

နှာခေါင်း
July 20, 2016 Asian Fame

12:39 pm
နှာခေါင်း

nouse

(ယခင်အပတ်မှအဆက်)

ကိုဗာရော့ လုံးလုံးလျားလျားပင် နားမလည်နိုင်အောင်ဖြစ်ရသည်။ သူဘာဆက်လုပ်ရမည် မသိတော့။ ထိုအခိုက်တွင်ပင်အမျိုး သမီးတစ်ဦး၏ ဝတ်စုံမှ တရွှမ်းရွှမ်း အသံကိုကြားလိုက်ရ၏။ အသက် ကြီးကြီး အမျိုးသမီးတစ်ဦးသည် ဇာဝတ်စုံကိုဝတ်ဆင်၍ သွယ်လျလှပသော သူ့သမီးနှင့်အတူလျှောက် လာနေသည်။ အမျိုးသမီးနှစ်ဦး အနောက်တွင်မူ ထောင်ထောင် မောင်းမောင်း နှုတ်ခမ်းမွေးကား ကားနှင့် လက်ပါးစေတစ်ဦးကကပ်၍ပါလာ၏။

ကိုဗာရော့သည် သူ့အင်္ကျီကော်လာကို သေသေချာချာထောင်၊ အိတ်ဆောင်နာရီရွှေကြိုးလေးနှင့် ချိတ်ထားသော သူ့ရင်ဘတ်တံဆိပ် များကို တည့်တည့်မတ်မတ်ဖြစ်စေ ရန် ပြန်ညှိကာ နွေဦးတွင် ပွင့်သော ပန်းလေးကဲ့သို့ လှနေသည့် အမျိုး သမီးငယ်ကို ရွှန်းရွှန်းစားစားကြည့် ပြီး ပြုံးနေသောမျက်နှာပေးဖြင့် ရှေ့ သို့ ခြေလှမ်းအနည်းငယ် လျှောက် သွားလိုက်သည်။ ကောင်မလေးနား ရောက်လေလေ သူ့မျက်နှာကြီးပို ပြုံးလာလေလေဖြစ်၏။ သို့ရာတွင် သူ့မျက်နှာဝယ် နှာခေါင်းမရှိဘဲ ပြောင်ချောကြီး ဖြစ်နေသည်ကို ရုတ်ချည်းပင် သတိရလိုက်မိကာ မျက်ရည်များတွေတွေ စီးကျလာလေ တော့သည်။ ထို့ကြောင့် နိုင်ငံတော် ကောင်စီဝင်တစ်ဖြစ်လဲ သူ့နှာ ခေါင်းနှင့် ပြတ်ပြတ်သားသားရှင်းမှ ဖြစ်တော့မည်ဟုတွေးကာ နောက် ပြန်လှည့်လိုက်သော်လည်း နှာခေါင်း ကား မူလနေရာတွင် မရှိတော့ပြန်ချေ။

နှာခေါင်း ပျောက်သွားသည်က ကိုဗာရော့၏စိတ်ပျက်မှုကို အထွတ် အထိပ်သို့ ရောက်စေလေတော့၏။ ထို့ကြောင့်သူသည် အဆောက် အအုံကြီးတစ်ခု၏ ဆင်ဝင်အောက် ဝယ် မတ်တတ်ရပ်ကာ နှာခေါင်းကို များ ပြန်တွေ့လေမလားဟူ၍ဘေး ဘယ်ညာကို လှည့်ပတ်ကြည့်နေမိ ၏။ နှာခေါင်းဝတ်စားထားသည်ကို သူကောင်းစွာ မှတ်မိနေပါသည်။ ငှက်မွေးတပ်ဦးထုပ်နှင့် ရွှေနားကွပ် ယူနီဖောင်းတို့ကို သေသေချာချာ မှတ်မိသော်လည်း ခြုံထည်၏ ပုံ ပန်းသဏ္ဌာန်ကိုမူ သတိမထားမိ လိုက်သလို၊ နှာခေါင်းစီးလာသော မြင်းရထား၏ အရောင်၊ မြင်းတွေ ၏ အရောင်၊ မြင်းရထားမောင်း သမား၏ အဝတ်အစားတို့ကိုလည်း သတိမထားမိပြန်။ ထို့ကြောင့်ဖြတ် သန်းသွားလာနေကြသည့် မြင်းရ ထားများအနက် မည်သည့်မြင်းရ ထားသည် နှာခေါင်း၏ မြင်းရထား ဖြစ်သည်ကို သူမသိနိုင်တော့ချေ။ အကယ်၍များ သူ့အနားကဖြတ် သွားသော မြင်းရထားတစ်စီးတွင် နှာခေါင်းပါသွားသည် ဆိုလျှင် တောင်မှ သူတားပြီး ရပ်ခိုင်းရန် မဖြစ်နိုင်တော့။

နေသာသောနေ့ ဖြစ်သည်နှင့် အညီ လူသွားလူလာကလည်းများ ၏။ အရောင်အသွေးမျိုးစုံ အဝတ် အစားမျိုးစုံကို ဝတ်စားထားကြ သော အမျိုးသမီးတို့သည်လည်း ရဲဌာနချုပ်မှ တံတားတစ်လျှောက် လူသွားပလက်ဖောင်းပေါ်တွင် ပျား ပန်းခပ်မျှပင်။ ထိုသူတွေကြားထဲ တွင် သူနှင့်ရင်းနှီးသော ဘုရင့်အကြံ ပေးကောင်စီဝင်ကို တွေ့လိုက်လေ ၏။ သူ့ကိုတွေ့တိုင်း ကိုဗာရော့က ‘ဗိုလ်ချုပ်ကြီး’ ဟု ခေါ်ဝေါ်နှုတ် ဆက်ခဲ့သည်ချည်း ဖြစ်၏။ အထူး သဖြင့် ဘေးဘီဝယ် လူထူလျှင် ခါတိုင်းထက် ပိုခေါ်ပေးလေ့ရှိ သည်။ ထို့နောက် လွှတ်တော်ရုံး အုပ်ကြီး၊ ထို့နောက် ကိုဗာရော့ကဲ့ သို့သော ဗိုလ်မှူးအခေါ်ခံ စည်ပင် ကော်မတီဝင်တစ်ဦးတို့ကိုလည်း လူတွေကြားထဲတွင် တွေ့ရသေး၏။ အနှီစည်ပင်ဗိုလ်မှူးကလည်း ကိုဗာ ရော့ကိုတွေ့သွားကာ လက်ချောင်း လေးကွေးလိုက်ဆန့်လိုက်ဖြင့် လက်ယပ်ခေါ်နေသေးသည်။

ထို့ကြောင့် ကိုဗာရော့က မြင်း ရထားသမားအား ”ရဲမှူးကြီးရုံးကို သာ တိုက်ရိုက်မောင်းကွာ။ မြန်မြန် မောင်း” ဟုပြောလိုက် လေတော့သည်။ ရဲမှူးကြီးကား အပြင်ထွက်သွားသည်ဆို၏။ ”ဆရာမလာခင် ကလေးကတင် အပြင်ကိုထွက်သွား တာပါ”ဟု ရုံးလုလင်က ပြောလေသည်။ကိုဗာရော့သည် သူ့မျက်နှာကို လက်ကိုင်ပဝါနှင့် အုပ်ထားလျက်ကပင်လျှင် မြင်းရထားတွင်းသို့ပြန် ဝင်လိုက်ကာ ”မောင်းတော့ဟေ့” ဟု ပြောလိုက်ရာ မြင်းရထားသမားက ”ဘယ်ကိုလဲဆရာ”ဟု ပြန်မေးသဖြင့် ”တည့်တည့်သာမောင်း” ဟု ပြန်ဖြေလိုက်၏။ သို့သော် ” ရှေ့မှာက လမ်းဆုံကြီးဆရာ။ ဘယ်ကိုသွားရ မှာလဲ” ဟု မြင်းရထားသမားက ပြန်မေးလေသည်။

ထိုမေးခွန်းက ကိုဗာရော့ကို သတိပေးလိုက်သလို ဖြစ်သွားသည်။ လက်ရှိ သူ့အခြေအနေအရ ရဲကို အားကိုးမည့်အစား သတင်းစာ တိုက်တစ်ခုခုသို့သာ တိုက်ရိုက်သွား သည်က ပိုကောင်းလိမ့်မည်ဟု သူ တွေးမိလိုက်သည်။ နှာခေါင်းပျောက် သွားသည်ကို ကြော်ငြာထည့်ရ မည်။ အချက်အလက် အသေးစိတ် ကို ပြည့်စုံအောင် ထည့်ရေးရမည်။ သို့ပါမှ နှာခေါင်းကို တွေ့သူက သူ့ ကိုချက်ချင်း အကြောင်းကြားနိုင် မည်။ ရဲကမှ အာဏာပိုင်အဆင့်ဆင့် လုပ်ကိုင်နေရဦးမည် သတင်းစာမှာ ကြော်ငြာတာ ထိုသို့လုပ်စရာမလို။ ထို့ကြောင့် မြင်းရထားသမားအား စောင်ရေအများဆုံး သတင်းစာ တိုက်ဆီသို့ အမြန်မောင်းခိုင်းလိုက် လေတော့၏။ သတင်းစာတိုက်သို့ ရောက်လေ သော် ကြော်ငြာဌာနရုံးခန်းတွင်းသို့ အမောတကော အလောတကြီးနှင့် ပြေးဝင်လိုက်ရာ ခေါင်းဖြူစွယ်ကျိုး အဘိုးကြီးတစ်ယောက်နှင့် တွေ့ လေ၏။ နှာခေါင်းပေါ်ဝယ်မျက်မှန် ချိတ်ထားပြီး ကလောင်ကိုပါးစပ်နှင့် ကိုက်ထားလျက်က ပိုက်ဆံတွေ ရေတွက်နေ၏။

”ကြော်ငြာ ဘယ်သူလက်ခံတာလဲခင်ဗျာ” ဟု ကိုဗာရော့က မေးလိုက်၏။ အဘိုးကြီးက သူ့ရှေ့ရှိ ပိုက်ဆံ အြေ<ွကပုံကြီးကို စိတ်မချသလို
တစ်ချက်ကြည့်လိုက်ရင်း ”ပြောပါခင်ဗျာ” ဟု ပြန်ပြောလေ၏။ ”ခင်ဗျားတို့ သတင်းစာမှာ ကြော်ငြာထည့်ချင်လို့…” ”တစ် မိနစ်လောက်စောင့်ပါ ခင်ဗျာ” ဟု အဘိုးကြီးကပြန်ဖြေရင်းက လက်တစ်ဖက်ကလည်း ပေသီးခုံပေါ် လက်တင်ကာ ပိုက်ဆံတွေကိုဆက် ရေတွက်နေပြန်သည်။ အဘိုးကြီး၏ စားပွဲနံဘေးတွင် ရပ်နေသူများအနက် တစ်ဦးက လက်ထဲတွင် ငွေစက္ကူတစ်ရွက်ကို ကိုင်ထားလျက် အဘိုးကြီးကိုစကားတွေပြောနေပြန်သေးသည်။ ”ကျွန် တော်ပြောတာကို ယုံပါဗျာ။ ဒီခွေး ဟာ ကျွန်တော့်အတွက်တော့ ငွေ အစိတ်လောက်တောင်မှ မတန်ပေမယ့် ကျွန်တော့်သခင်မကတော့ ခွေးကိုပြန်တွေ့ရင် ငွေတစ်ရာမက ဆုငွေပေးပါမယ်တဲ့။ ကျွန်တော်တို့ နဲ့ သူတို့ ခံစားမှုချင်းမတူဘူးလေ။ သူတို့ကတော့ ငွေငါးရာမကလို့တစ် ထောင်လောက် ပေးလိုက်ရလည်း ကိစ္စမရှိဘူးပေါ့”ဟု ပြောနေသည်။

ကြော်ငြာစာရေး အဘိုးကြီးကတော့ ငွေတွေကိုသာ မြင်နေပုံရ သည်။ ထိုခွေးပျောက်ကြော်ငြာထည့်မည့် သူ၏နောက်တွင်လည်း ကြော်ငြာစာရေးထားသည့် စာရွက် နှင့်အတူ ငွေစက္ကူတွေကိုတွဲ၍လက် က ကိုင်ထားသူတွေ တန်းစီစောင့် နေကြ၏။ သူတို့ထည့်ချင်သည့် ကြော်ငြာတွေ အကြောင်းတွေကို တစ်ယောက်တစ်ပေါက် ပြောနေ ကြပြန်သည်။ ပြင်သစ်က ဝယ်လာ သည့် မြင်းလှည်းရောင်းချင်သူ၊ အဝတ်လျှော်တတ်ကြောင်း ကြော် ငြာထည့်ချင်သူ၊ မြင်းရောင်းချင်သူ၊ လန်ဒန်မှရသည့် မုန်လာမျိုးစေ့တွေ ရောင်းချင်သူ၊ အိမ်ရောင်းချင်သူ အစရှိသဖြင့် အမျိုးစုံပင်။ အခန်း က အသံစုံသလို အနံ့အသက်က လည်း စုံနေသည်။ သို့ရာတွင် ထို အနံ့အသက်တို့သည် ကိုဗာရော့အတွက် ဘာမှမဖြစ်။ အဘယ်ကြောင့် ဆိုသော် သူ့နှာခေါင်းသည် သူ့ မျက်နှာပေါ်တွင်မရှိဘဲ ဘယ်သောင် ဘယ်ကမ်းသို့ ဆိုက်နေပြီမသိသော ကြောင့်ပင်တည်း။ သို့သော် ကိုဗာရော့ စိတ်မရှည်တော့။

ထို့ကြောင့် ”ဒီမှာဗျ ကျွန်တော့် မှာ အရေးကြီးနေလို့ပါ။ ကျွန်တော် ပြောတာလေး တဆိတ်လောက်နား ထောင်ပါဦး” ဟုပြောလိုက်တော့ သည်။အဘိုးကြီးကတော့ ”ခဏလေးဗျာ ခဏလေး။ နှစ်ကျပ်တစ်မတ်…။ တစ်မိနစ်လောက်ဗျာ။ တစ်ကျပ်ခွဲကျပါတယ်” အစရှိ သဖြင့် နှုတ်မှရေရွတ်လျက် ကြော် ငြာခများကိုသာ ပြောဆိုရေတွက်နေလေ၏။ ထို့နောက်တွင်မှ ကိုဗာရော့ဘက်လှည့်ကာ ”..ဆိုဗျား။ ခင်ဗျားက ဘာကြော်ငြာချင်တာလဲ” ဟု မေးလေတော့သည်။ ”ကျွန်တော် ကြော်ငြာချင်တာ က…” ဟုပြောလိုက်ပြီးမှ ”ဒီလို ဗျ။ ကျွန်တော်ဟာ အလိမ်ခံရ တယ်။ လိမ်သွားတဲ့သူကို ရှာမတွေ့ နိုင်ဘူးဖြစ်နေတယ်။ အဲဒါကို ဆု ငွေပေးပြီး ရှာခိုင်းမယ့် ကြော်ငြာ ထည့်ချင်တာပဲဗျို့” ဟု ပြောလိုက်လေ၏။

”နာမည်လေး တဆိတ်လောက်” ကျွန်တော့် နာမည်ပြောစရာလိုလို့ လားဗျာ။ ခင်ဗျားက ကျွန်တော့် နာမည်ဘာကြောင့် လိုချင်ရတာ လဲ။ ကျုပ်ဟာ လူကြီးတွေအများ ကြီးနဲ့ခင်တယ်။ သူတို့ရဲ့ဇနီးတွေနဲ့ လည်းသိတယ်။ ကျွန်တော့်နာမည် ကို သူတို့ကြားသွားမှာကို ကောင်း ကင်ဘုံကလည်း တားမြစ်မှာပါ။ ဒီတော့ကာ ကျွန်တော့်ကိုကော်မတီ လူကြီး ဒါမှမဟုတ် ဗိုလ်မှူးလို့ပဲ ခင်ဗျားရေးတာက ပိုကောင်းပါ လိမ့်မယ်” ဟု ကိုဗာရော့ကပြန်ဖြေလိုက်သည်။

”ဆိုတော့ကာ…ခင်ဗျားရဲ့ အစေခံ ထွက်ပြေးသွားတာလား”
”အစေခံ..။ အင်း..ခင်ဗျား ပြောတာလည်း ဟုတ်တုတ်တုတ်ပဲဗျ။ နှာခေါင်းဟာ ကျုပ်ဆီကနေ ထွက်ပြေးသွားတယ်”
”ဟမ်…။ ထူးဆန်းလိုက်တဲ့ နာမည်ပါလား။ အဲဒီ ကိုနှာခေါင်းဟာ ခင်ဗျားဆီက ပိုက်ဆံတွေ ဘာတွေ ယူသွားသေးသလား”
”ဘာဗျ…။ ကိုနှာခေါင်း ..။ အင်း…ခင်ဗျားကျုပ်ဆိုလိုတာကို နားမလည်သေးပဲကိုး။ ကိုနှာခေါင်းမဟုတ်ဘူး ကျုပ်ရဲ့ နှာခေါင်းဗျ။ အဲဒီနှာခေါင်း မရှိ တော့တာ။
ဘယ်ရောက်နေလဲကျုပ် မသိဘူး။ မကောင်းဆိုးရွားတွေက ကျုပ်ကိုလုပ်သွားတယ်ထင်တာပဲ”
”ဟင် ဘယ်လိုလုပ်ပျောက်သွားသတုန်း။ ကျုပ်ဖြင့် နားကို မလည်တော့ဘူး”

”ဘယ်လိုဆိုတာတော့ ကျုပ် လည်း ခင်ဗျားကို သေချာမပြော နိုင်ဘူးဗျာ။ အရေးကြီးတဲ့ အချက် ကတော့ အဲဒီနှာခေါင်းဟာ မြို့ထဲမှာ လမ်းသလားနေတယ်။ သူ့ ကိုယ်သူ နိုင်ငံတော် ကောင်စီဝင် လိုလို ဘာလိုလိုပဲ။ အဲဒါကို ကြော်ငြာထည့်ချင်တာပဲ။ သူ့ကို တွေ့တဲ့သူတွေက ကျုပ်ကို ပြန် အကြောင်းကြားကြရင် ဆုငွေပေး မယ်ဗျာ။ မြန်နိုင်သမျှ အမြန်ဆုံး ကြော်ငြာပါစေချင်တယ်။ ခင်ဗျား စဉ်းစားကြည့်ဗျာ။ ကျုပ်ရဲ့ခန္ဓာ ကိုယ်က အရေးပါတဲ့အစိတ်အပိုင်း တစ်ခုမရှိဘဲ ကျုပ်ဘယ်လိုနေရ မလဲ။ ဖိနပ်ထဲမှာ လူမမြင်သူမမြင် ရှိနေတဲ့ခြေချောင်းလေးတစ်ချောင်း မဟုတ်ဘူးဗျ။ မျက်နှာပေါ်က နှာ ခေါင်းဗျ နှာခေါင်း။ ကြာသပတေး နေ့တိုင်း လူကြီးတွေက ကျုပ်ကို ခေါ်တွေ့လေ့ရှိကြတယ်။ ဗိုလ်မှူး ကြီးတစ်ယောက်ဆို သူ့သမီးလေး က ချောမှချောဗျို့။ ကျုပ်နဲ့ အင်မတန်ခင်တာ။ ခုတော့ ကျုပ် ဘယ့်နှယ်လုပ်ရမတုန်း။ သူတို့ကို ဘယ့်နှယ်မျက်နှာပြရမတုန်း”

”မဖြစ်နိုင်ဘူးဗျာ။ အဲသလို ကြော်ငြာမျိုး ကျုပ်ထည့်ပေးလို့မရ နိုင်ဘူး”
”ဘယ်လို… ဘာကြောင့် တုန်းဗျ”
”ဘယ့်နှယ်ဗျာ။ မဖြစ်နိုင်တာ ကြီးပဲ။ ခင်ဗျားကြော်ငြာကိုထည့် ပေးလိုက်လို့ တခြားသူတွေကပါ ခုလို မဟုတ်တမ်းတရားတွေ လာ ပြောပြီး လိမ်ညာကြော်ငြာထည့်
ကြရင် ဘယ့်နှယ်လုပ်မတုန်း”
”ဒါ မဟုတ်တမ်းတရား မဟုတ်ဘူးဗျ။ ဒါကျုပ် တကယ် ဖြစ်နေတာ”

”ဒါကတော့ ခင်ဗျားအထင် ကိုးဗျ။ တစ်ချက်ကလေး နား ထောင်။ ပြီးခဲ့တဲ့အပတ်က ခင်ဗျား ခုဖြစ်သလိုနဲ့ အတော်ဆင်တူတာ တစ်ခုဖြစ်ခဲ့တယ်။ အရာရှိတစ် ယောက်ပေါက်ချလာပြီး သူ့ရဲ့ အမွေးနက်နဲ့ ခွေးစုပ်ဖွားလေး တစ်ကောင်ပျောက်သွားလို့ဆိုပြီး ကြော်ငြာလာထည့်တယ်။ ပုံမှန်လို ထင်စရာပေမယ့် အဲဒါဟာအမှန်မ တော့ သက်သက်မဲ့သရော်တာဗျ။ တချို့ဌာနတွေမှာ ငွေကိုင်ကို ခွေးစုပ်ဖွားလို့ခေါ်ကြတယ်လေ” ”ကျုပ်က ခွေးစုပ်ဖွားပျောက် တာလည်း မဟုတ်ဘူး။ ငွေကိုင် ပျောက်တာလည်း မဟုတ်ဘူး။ နှာခေါင်းပျောက်တာလေ။ ကျုပ် မျက်နှာပေါ်ကနှာခေါင်းပျောက် သွားတာလေ။ ဘယ်သူနဲ့မှ မပတ် သက်ဘူး။ ဘယ်သူ့မှလည်း မထိခိုက်ဘူး” ”ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ကြော်ငြာကို ထည့်မပေးနိုင်ဘူးဗျာ” ”ဒါပေမယ့် ကျုပ်ရဲ့ နှာခေါင်းက တကယ်ကို မရှိတော့တာဗျ” ”ဒါက ဆရာဝန်နဲ့ဆိုင်တဲ့ ကိစ္စ ပဲလေ။ ခင်ဗျားလိုချင်တဲ့နှာခေါင်း ပြန်တပ်ပေးနိုင်တဲ့သူကို သွားပြော ပေါ့။ လာနောက်မနေပါနဲ့ဗျာ” ”ကျပ် နောက်တာမဟုတ်ဘူး ဗျာ။ ကျိန်ဆို ကျိန်ရဲတယ်။ ကျုပ် မျက်နှာကို ခင်ဗျားကိုယ်တိုင်ပဲ ကြည့်ပေတော့” ဟုပြောကာ ကိုဗာရော့ကသူ့မျက်နှာပေါ်မှ လက်ကိုင်ပုဝါကိုဖယ်ကာ ပြလိုက် လေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
ဟက်ကာ

မှတ်ချက် – စာရေးဆရာကြီး နီကိုလိုင် ဂိုဂိုးလ် Nikolai Gogol (၁၈၁၉–၁၈၉၈)၏ သရော်စာ အမျိုးအစားဝင် The Nose ဝတ္ထုကို
ဆီလျော်အောင် မြန်မာပြန်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*