နှာခေါင်း

နှာခေါင်း
July 13, 2016 Asian Fame

5:54 pm
နှာခေါင်း

hacker

ယခင်အပတ်မှအဆက်

ရှေ့မဆက်မီ စာရှုသူများအား ကိုဗာရော့အကြောင်း အနည်းငယ်တော့ ပြောကိုပြောမှဖြစ်မည်။ ကိုဗာရော့ကို ရာဖြတ်ကြီးဟုခေါ်ခြင်းမှာ သူသည် လက်ရှိတွင် လည်း စည်ပင်သာယာကော်မတီတွင်ရာ ဖြတ်ကြီးအဖြစ် တာဝန်ယူနေရ၍လောဆိုသည်ကို သိဖို့လို၏။ ရုရှားနိုင်ငံသည် အံ့စရာဖြစ်သည်။ ရာထူးတစ်ခု ရရှိခဲ့ဖူးလျှင် ယင်းရာထူးဂုဏ်ပုဒ်ကို တစ်သက်လုံးဆက် လက်ခေါ်ဝေါ်သုံးစွဲလေ့ရှိ၏။ ထိုနည်းတူ ပင် ကိုဗာရော့သည်လည်း ကော့ကေးဆပ် ပြည်နယ်တွင် စည်ပင်ကော်မတီဝင် ရာဖြတ် ကြီးတစ်ဦးအဖြစ် ၂ နှစ်မျှလုပ်ခဲ့ဖူးခြင်းကို ယနေ့ထက်တိုင် ဆက်လက်ခေါ်ဝေါ်နေကြ ခြင်းဖြစ်လေ၏။ သို့ရာတွင် ကိုဗာရော့ကမူ သူ့ကိုယ်သူ ရာဖြတ်ကြီးဟု ဘယ်တော့မှ မသုံးနှုန်း။ မေဂျာ(ဗိုလ်မှူး)ဟူ၍သာ သုံးနှုန်းလေ့ရှိ၏။ လမ်းသွားရင်းနှင့် တစ်စုံတစ်ဦးက သူ့ အိမ်ကို မေးလာသည်ဆိုပါစို့။ ကိုဗာရော့က ”ဆာဒိုဗာအီယာ လမ်းထဲကိုသွားပြီး မေဂျာကိုဗာရော့အိမ် ဘယ်အိမ်လဲလို့သာ မေးလိုက်။ ကလေးကအစသိတယ်”ဟု ပြော နေကျပင်ဖြစ်သည်။

ဆိုတော့ကာ ကျွန်ုပ်တို့သည်လည်း သူ့ကို မေဂျာကိုဗာရော့ဟုသာ ခေါ်ကြပါစို့ရဲ့။ သူသည် သူနေထိုင်ရာရပ်ကွက်အတွင်း တွင် နေ့စဉ်လမ်းလျှောက်လေ့ရှိသည်။ သူ့အင်္ကျီကော်လာမှာလည်း အစဉ်ပင် ထူးထူးခြားခြားဖြူဖွေးကာြေ<ွကတိုက်ထားသ ဖြင့် မာတောင့်နေသည်ပင်။ သူ့နှုတ်ခမ်း မွေးမှာလည်း ပြည်နယ်ဘုရင်ခံများ၊ ဆရာဝန်များ၊ ဗိသုကာကြီးများထားလေ့ရှိသော နှုတ်ခမ်းမွေးမျိုးဖြစ်ပြီး ပါးတွေကိုဖြတ်သန်းကာ အပေါ်သို့ကော့တက်နေသည်။ မေဂျာကိုဗာရော့၏ ရင်ဘတ်ဝယ် တံဆိပ်တွေလည်း ချိတ်ဆွဲထားလေ့ရှိသည်။ မျိုးရိုးအမှတ်တံဆိပ်ဟန်လိုလို နိုင်ငံတော် ကချီးမြှင့်သည့်တံဆိပ်တွေလိုလို ထွင်းထုပြု လုပ်ထားသော်လည်း ယင်းတံဆိပ်များပေါ်ဝယ် ‘တနင်္ဂနွေ’၊ ‘တနင်္လာ’၊ ‘အင်္ဂါ’ အစ ရှိသည့် ရက်သတ္တပတ်၏ နေ့အမည်များကို သာ ရေးထားခြင်းဖြစ်လေ၏။ သူ့ကိုယ် သူလည်း ဘုရင်ခံလောက်နီးနီး အရေးပါ အရာရောက်သူတစ်ဦးဖြစ်လေဟန် အမြဲ ဖမ်းလေ့ရှိသည်။ မိန်းမလိုချင်သည်မှာ တစ်ပိုင်းသေနေသော်လည်း သူ့ကို ငွေ နှစ်ထောင်နှင့်တင်တောင်းမည့် မိန်းမတစ် ဦးကို ရှာနေသေး၏။ ထိုထိုသောဟန်ပန် များသူ ကိုဗာရော့အနေဖြင့် သူ့နှုတ်ခမ်း မွေးကားကားအထက်ဝယ် နှာခေါင်းတစ်ခု ရှိနေရမည့်အစား အသားပြင်ပြောင်ချော ကြီးကိုသာ တွေ့လိုက်ရသည်တွင် သူ့စိတ် ထဲဝယ် ဘယ်လိုခံစားရမည်ကို စာဖတ်သူ တို့ကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။

သူ့ကံဆိုးချက်ကတော့ မဆုံးသေး၊ ရဲဌာနသွားရန် လမ်းပေါ်ထွက်လာခဲ့သော် လည်း လမ်းပေါ်တွင် အငှားမြင်းလှည်း တစ်စီးမျှမတွေ့ရသဖြင့် ကိုယ့်ခြေထောက် ကိုယ်သုံးကာ သွားရန်မှလွဲ၍ အခြားမရှိ တော့။ ထို့ကြောင့် ဝတ်ရုံကြီးတစ်ထည်ကို ခြုံကာ မျက်နှာကိုလည်း လက်ကိုင်ပဝါနှင့် အုပ်၍ လမ်းလျှောက်လာရတော့သည်။ ”အမှန်တော့ ငါ့စိတ်ထဲကထင်နေတာပဲ ဖြစ်မှာပါ။ နှာခေါင်းတစ်ခု မျက်နှာပေါ်က လွယ်လွယ်နဲ့ပျောက်သွားဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲ”ဟုလည်း သူ့ကိုယ်သူအား ပေးတွေးလေးတွေးရင်း မှန်ကြည့်ရန် မုန့် ဆိုင်တစ်ဆိုင်ဆီသို့ ဦးတည်လိုက်၏။ ကံကောင်းထောက်မစွာပင် ဆိုင်ထဲ ဝယ် ဝယ်သူတစ်ဦးမျှမရှိ။ စားပွဲကုလား ထိုင်တွေ မညီမညာဖြစ်နေသည်ကို ပြန်တည့်ရင်း ဆိုင်သန့်ရှင်းရေးလုပ်နေသော ကောင်လေးတစ်ယောက်ကိုသာ တွေ့ရ ၏။ မုန့်တွေကို ဖိုထဲမှသယ်ထုတ်လာကြသူ များမှာလည်း အိပ်ငိုက်နေကြသောမျက်လုံးများနှင့်။ စားပွဲတွေ ကုလားထိုင်တွေပေါ် မှာလည်း ကော်ဖီတွေစွန်းနေသော ယမန် နေ့ထုတ် သတင်းစာအဟောင်းများသာ ရှိသည်။

”ဝယ်သူတွေ မရှိ ကြတာ ဘုရားမ တာပဲ။ ခုမှပဲ ကိုယ်ကိုယ်ကိုယ့် အေးအေးဆေးဆေး ကြည့်ရတော့မယ်”ဟု ရေရွတ်ကာ မှန်ဆီ သို့ ခြေဖော့ကာသွား၍ ကြည့်လိုက်လေ၏။ မှန်အတွင်းမှ မျက်နှာကိုတွေ့သော် ”သောက်ကျိုးနဲ ဆိုးရွားတဲ့မျက်နှာပါလား” ဟု အလန့်တကြားရေရွတ်လိုက်မိပြီး စက် ဆုပ်စွာဖြင့် တံတွေးပင်ထွေးလိုက်မိသည်။ ”နှာခေါင်းအစား ဘာမှမရှိဘဲ ပြောင်ချော ကြီးဟ”ဟုလည်း သူ့ကိုယ်သူ ပြောမိလိုက်သည်။ ထို့နောက် စိတ်တိုတိုနှင့် နှုတ်ခမ်းကို ကိုက်ကာ မုန့်ဆိုင်တွင်းမှထွက်လာခဲ့ပြီး လမ်းမှာတွေ့သမျှ ဘယ်သူ့ကိုမှမကြည့်ဘဲ ဆက်လျှောက်လာခဲ့သည်။ သို့ရာတွင် လွန်စွာထူးဆန်းလှသော မြင်ကွင်းတစ်ခုကို တွေ့လိုက်သဖြင့် ရုတ်ချည်းပင် ခြေစုံရပ် လိုက်မိပြန်သည်။ မြင်းရထားတစ်စီးပေါ်မှ လူတစ်ယောက်လှမ်း၍ဆင်းလာခြင်းပင်။ သပ်ရပ်ခန့်ညားသော ယူနီဖောင်းကို ဝတ်ဆင်လာသည့် ထိုလူကြီးမင်းသည် သူ၏ ပျောက်ဆုံးနေသော နှာခေါင်းဖြစ်နေသော ကြောင့်ပင်တည်း။

ထိုအဖြစ်ကို မြင်လိုက်သည့်အခိုက်ဝယ် သူ့ပတ်ဝန်းကျင်ကြီးချာချာလည်သွားသလို ခံစားလိုက်ရပြီးလဲကျမသွားစေရန် ခြေထောက်ကိုပင် မနည်းထောက်ထားရ သည်။ သူကြည့်နေစဉ်တွင်ပင် နှာခေါင်း သည် မြင်းရထားတွင်းသို့ ပြန်ဝင်သွားပြီး ၂ မိနစ်မျှအကြာတွင် ရွှေခြည်ထိုးယူနီ ဖောင်းဝတ်စုံနှင့် တောင်ဆိတ်ရေဘောင်း ဘီနှင့် ပြန်ထွက်လာ၏။ ခါးတွင် ဓားရှည်တစ်ချောင်းချိတ်ထားသေးသည်။ ဝတ်စုံဝယ်ဆင်ယင်ထားသည်တို့အရ နိုင်ငံတော် ကောင်စီဝင်အဆင့်ဖြစ်ကြောင်း မြင်ရုံနှင့် သိနိုင်၏။ တာဝန်အရ တစ်နေရာသို့သွား ရန်ဖြစ်ကြောင်း သိသာလှသည်။ နှာခေါင်း သည် ဘေးဘီသို့ တစ်ချက်ကြည့်လိုက်ပြီး နောက် မြင်းရထားမောင်းသူအား ”မောင်း တော့”ဟုပြောလိုက်ပြီး သူကိုယ်တိုင် လည်း မြင်းရထားထဲသို့ ပြန်ဝင်လိုက်လေရာ မြင်းရထားသည် ခပ်သွက်သွက်မောင်းထွက် သွားလေတော့သည်။ သနားစရာ ကိုဗာ ရော့ခမျာ ရူးမတတ်ဖြစ်ရ ရှာတော့သည်။ ဘယ်လို ယုံကြည်ရမှန်းမသိ။ ဘယ်လိုမှတ် ယူရမှန်းမသိ။ မနေ့ကအထိ သူ့မျက် နှာပေါ်မှာရှိနေတုန်းဖြစ်ခဲ့သော နှာခေါင်းသည် နေ့ချင်းညချင်းယူနီဖောင်းတွေဘာတွေဝတ်ကာ ယခုလို ဖြစ်သွားရခြင်းကို လုံးလုံးနားမလည်နိုင်။ ထို့ကြောင့် မြင်းရထားနောက်သို့ ပြေးလိုက်သွားမိ၏။ ကံကောင်းထောက်မစွာပင် မြင်း ရထားသည် မလှမ်းမကမ်းရှိ မော်စကိုဈေး ကြီး နားတွင်ရပ်သွားသည်။ ကိုဗာရော့ သည်လည်း မြင်းရထားဆီသို့ အလောတကြီး ပြေးသွားရာ သူတောင်းစားအမယ်အို အုပ်စုကြီးကိုပင် တွန်းတိုက်ကာကျော်ဖြတ်ခဲ့သည်။

ဈေးကြီးရှေ့တွင်မူ လူအနည်းငယ်သာ ရှိ၏။ ကိုဗာရော့မှာ တုန်လှုပ်ချောက်ချား စွာဖြင့် ရထားနောက်သို့ ကယောင်ကတန်း ပြေးလိုက်မိခြင်းသာဖြစ်လေရကား ဘာလုပ်မည် ညာလုပ်မည်ဟု ရည်ရွယ်ချက် မည်မည်ရရမရှိ။ နှာခေါင်းကိုသာ တစ်နေရာရာမှာ တွေ့လိုတွေ့ငြား ရှာကြည့်မိသည်။ နောက်ဆုံးတွင်မူ ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ် နေသော နှာခေါင်းကို သူတွေ့လေတော့၏။ နှာခေါင်းသည် သူ့ဝတ်ရုံ၏ စတစ်ကော် လာအောက်ဝယ် မြုပ်ဝင်နေပြီး ဆိုင်တွင် ခင်းကျင်းထားသည်တို့ကို စိတ်ဝင်စားစွာ ကြည့်နေပုံရသည်။ ”ကိုင်း ငါဘယ့်နှယ်လုပ်ရပါ့။ ဆင် ယင်ထားတွေအရတော့ ဒင်းဟာ နိုင်ငံ တော်ကောင်စီဝင်တစ်ယောက်ပဲ။ ဘယ်လို ဖြစ်တယ်ဆိုတာတော့ မကောင်းဆိုးရွား တွေမှပဲသိတော့မယ်”ဟု ကိုဗာရော့တွေး မိသည်။ သူက နှာခေါင်းအနီးဝယ် ချောင်းတစ် ချက်ဟန့်လိုက်သော်လည်း နှာခေါင်းက တော့ သူ့အပေါ် နည်းနည်းကလေးမျှပင်ဂရုမစိုက်။ နောက်ဆုံးတွင်မူ ကိုဗာရော့သည် သတ္တိမွေး၍ ”ဂုဏ်သရေရှိလူကြီးမင်းခင် ဗျား”ဟု စကားစလိုက်၏။ နှာခေါင်းက သူ့ဘက်လှည့်လာပြီး ”ဘာလိုချင်လို့လဲ”ဟု ပြန်မေး၏။

”ဖြစ်နေတာတွေဟာ ကျွန်တော့်အ တွက် ဆန်းကြယ်လွန်းနေလို့ပါ။ လူကြီး မင်းအနေနဲ့ ခင်ဗျားရဲ့မူရင်းဌာနေကို သိ သင့်ပါတယ်ခင်ဗျ။ ကျွန်တော့်မှာဖြင့် ရှာ လိုက်ရတာ။ အဲဒါကို လူကြီးမင်းပဲ ကိုယ့် ဘာသာကိုယ် ဆုံးဖြတ်ပါခင်ဗျ”ဟု ကိုဗာ ရော့ပြန်ပြောလိုက်သည်။ ”စိတ်မရှိပါနဲ့။ ခင်ဗျားဘာတွေပြော နေသလဲဆိုတာ ကျုပ်နားကိုမလည်လို့ပါ။ ခင်ဗျားဘယ်သူဆိုတာ သေသေချာချာ ပြောပြပါဦး”ဟု နှာခေါင်းက ပြောပြန်သည်။

အဖြစ်မှန်တွေ သူ့ကိုဘယ်လိုဖွင့်ပြော ရမှာပါလိမ့်ဟု ကိုဗာရော့တွေးလျက် ရှိရှိ သမျှသတ္တိတွေကို ထပ်မံစုစည်းလိုက်ကာ ”ကျွန်တော်ကတော့ မေဂျာတစ်ယောက် ပါ။ ဒီတော့ကာ နှာခေါင်းမရှိဘဲနေနေရတဲ့ ကျွန်တော့်အဖြစ်ကို လူကြီးမင်းအ နေနဲ့ အဆင်ပြေအောင် လုပ်ပေးစေချင်ပါတယ်။ လမ်းဘေး က အနုညာတဈေးသည်တစ် ယောက်အနေနဲ့ သူ့မျက်နှာမှာ နှာခေါင်းမရှိတာဟာ မထောင်းတာလှပေမယ့် ကျွန်တော့်အနေနဲ့ ကတော့ နိုင်ငံတော်ကောင်စီဝင်တစ် ယောက်ရဲ့ဇနီးလို လူကြီးလူကောင်း တွေနဲ့ မကြာခဏ တွေ့ရတဲ့အခါ မျက်နှာပေါ်မှာ နှာခေါင်းရှိမနေတာဟာ ဘယ်လိုနေမယ်ဆိုတာ လူကြီးမင်းဘာသာပဲ စဉ်းစားဆုံးဖြတ်ပါ တော့”ဟုပြောလိုက်ပြီး ပခုံး တစ်ချက်တွန့်လိုက်မိ၏။ သို့ရာတွင် နှာခေါင်းက ”ခင်ဗျား ဘာတွေလာပြောနေ တယ်ဆိုတာ ကျုပ်ဖြင့် နားကို မလည်နိုင် သေးပါဘူး။ ခင်ဗျားကိစ္စကို ဒိထက်ပိုပြီး ရှင်းရှင်းလင်းလင်းပြောစမ်းပါဦး”ဟု ပြော ပြန်လေ၏။ ထို့ကြောင့် ကိုဗာရော့က ”ဂုဏ်သရေ ရှိလူကြီးမင်းရယ် ခင်ဗျားကို ကျုပ်ဘယ်လို နားလည်ရမှန်းကို မသိတော့ပါဘူး။ အ ရှင်းဆုံးပြောရရင်တော့ ခင်ဗျားဟာ ကျုပ် ရဲ့ နှာခေါင်းပဲဗျ”ဟု ပြောချလိုက်လေတော့ သည်။

နှာခေါင်းကမူ ကိုဗာရော့ကို သေချာ စွာကြည့်ပြီး ”ခင်ဗျားတစ်ခုခုတော့မှားနေ ပြီကိုယ့်လူ။ ကျုပ်တို့နှစ်ယောက်ဟာ ဘယ် လိုမှသွေးသားမတော်စပ်နိုင်ဘူးဗျ။ ခင် ဗျား ပြီးစလွယ်ဝတ်လာတဲ့ ယူနီဖောင်းက ကြယ်သီးတွေကိုကြည့်ခြင်းအားဖြင့်တော့ ခင်ဗျားဟာ ကျုပ်ရဲ့လက်အောက်ဌာနက လည်း မဟုတ်လောက်ဘူး”ဟုဆိုကာ သူ့ အနားမှ လှည့်ထွက်သွားလေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
ဟက်ကာ

မှတ်ချက် – ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရသည့် ယူလ်ဘရိုင်းနားနှင့် တိုနီ ကားတစ်တို့ပါဝင်သော Taras Bulba ရုပ်ရှင်ဇာတ်ကား၏
မူရင်းဝတ္ထုကိုရေးသားသူ၊ ဆရာလင်းဝေမြိုင် မြန်မာပြန်ခဲ့သော Over Coat သရော်စာ ဝတ္ထုတိုကို ရေးသားသူ ယူကရိန်းဇာတိ စာရေးဆရာကြီး နီကိုလိုင် ဂိုဂိုးလ် Nikolai Gogol(1819-1898) ၏ သရော်စာအမျိုးအစားဝင် The Nose ဝတ္ထု ကို ဆီလျော်အောင်မြန်မာပြန်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*