IT နည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြပ် ကြည့်ရှုဖော်ထုတ် အရေးယူမှုများ လုပ်ဆောင်နိုင်ရေး အစိုးရက ကော်မတီ တစ်ရပ်ဖွဲ့ရန် စီစဉ်နေ

IT နည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြပ် ကြည့်ရှုဖော်ထုတ် အရေးယူမှုများ လုပ်ဆောင်နိုင်ရေး အစိုးရက ကော်မတီ တစ်ရပ်ဖွဲ့ရန် စီစဉ်နေ
November 8, 2017 Asian Fame

4:58 pm
IT နည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြပ် ကြည့်ရှုဖော်ထုတ် အရေးယူမှုများ လုပ်ဆောင်နိုင်ရေး အစိုးရက ကော်မတီ တစ်ရပ်ဖွဲ့ရန် စီစဉ်နေ

fb(နေပြည်တော် ၊နိုဝင်ဘာ၈)

အင်တာနက်ကိုအသုံးပြုပြီး ပြစ်မှုများကျူးလွန်ခြင်းကိုထိထိရောက်ရောက်အရေးယူနိုင်ရန် နိုင်ငံတကာစံနှုန်းများနှင့်ညီသည့် Cyber Law တစ်ရပ်ပေါ်ထွန်းလာရေး အတွက် ကော်မတီဖွဲ့ဆောင်ရွက်လျှက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးက အင်တာနက်ကို အသုံးပြုပြီး ပြစ်မှုများကျူးလွန်ခြင်းကိုထိထိရောက်ရောက်အရေးယူနိုင်ရန် နိုင်ငံတကာစံနှုန်းများနှင့်ညီသည့် Cyber Law တစ်ရပ်ပေါ်ထွန်းလာရေးဆောင်ရွက်နေရာတွင် ၂၀၀၄ခုနှစ်က ပြဌာန်းထားပြီးဖြစ်သော အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ကို ပြုပြင်မလား၊ အသစ်ရေးဆွဲမလားဆိုသည်ကို ညှိနှိုင်းဆောင်ရွက်နေကြောင်းကိုလည်းဝန်ကြီးက ထည့်သွင်းပြောကြားသွားသည်။

လက်ရှိတွင် IT နည်းပညာအလွဲသုံးစွဲမှုကို သက်ဆိုင်ရာအဖွဲ့အစည်းက စောင့်ကြပ်ကြည့်ရှုဖော်ထုတ်အရေးယူမှုများလုပ်ဆောင်နိုင်ရန်အတွက်လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံး၊ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် ပူးပေါင်းကာကော်မတီဖွဲ့ပြီး ဆောင်ရွက်ရန်ရှိကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုဂ္ဂလိက လွတ်လပ်ခွင့်၊ဖွဲ့စည်းပုံအခြေခံဥပဒေ စသည်တို့နှင့် မထိခိုက်စေဘဲ ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။

နိုင်ငံတွင် ဆက်သွယ်ရေးဥပဒေ ကို ၂၀၁၃ခုနှစ်က ပြဌာန်းခဲ့ပြီး၊ ထိုဥပဒေ၏ ပုဒ်မ၆၈(ဃ) ၌ ဆက်သွယ်ရေးအသုံးပြုပြီး မည်သူမဆိုမမှန်ကန်သောသတင်းအချက်အလက်များအား မရိုးဖြောင့်သောနည်းလမ်းဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ထုတ်လွှင့်ခြင်း၊ဖြန့်ဝေခြင်း၊ပို့လွှတ်ခြင်း၊ပေးဝေခြင်း၊ပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြောင်း ထင်ရှားလျှင်ထောင်ဒဏ် ၁နှစ်ထက်မပိုသော ပြစ်ဒဏ်၊ငွေဒဏ်များကို ချမှတ်မည်ဟု ဖော်ပြထားပြီး ဖြစ်သည်။

အစိုးရအဖွဲ့နှင့် facebook မှ တာဝန်ရှိသူများ တွေ့ဆုံမှု ၂ကြိမ်ရှိခဲ့ကြောင်း၊ထိုသို့တွေ့စဉ် ”ကွပ်ကဲမပေးဘူးလား၊ထိန်းကျောင်းမပေးနိုင်ဘူးလား”ဆိုသည့် မေးခွန်းနှင့်”facebook သုံးစွဲမှုကိုစောင့်ကြည့်ထိန်းကျောင်းလျှင် နိုင်ငံတကာက ဘယ်လိုများသဘောထားပါသလဲ”ဆိုသည့် မေးခွန်းတို့မေးခဲ့ကြောင်းပါ ၀န်ကြီးက လွှတ်တော်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

facebook တာဝန်ရှိသူများက မြန်မာလူထုသည် facebook မသုံးစွဲခင် sing-in မလုပ်ခင်တွင် သိထားသင့်သည့် အချက်အလက်များကို မဖတ်ဘဲနှင့်သုံးစွဲနေကြကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် facebook သုံးစွဲမှုကို ၀င်ရောက်ကြည့်ရှုခွင့်ရှိကြောင်း၊ privacyရှိထားသော limited groupများကိုဝင်ခွင့်မရှိကြောင်း၊ အားလုံးသိအောင် မျှဝေထားသည့် အကောင့်များကိုဝင်ရောက်ကြည့်ရှုခွင့်ရှိသည်ဟုပြန်လည်ဖြေကြားကြောင်း၊ ထို့ကြောင့် ဆောင်ရွက်မည်ဆိုလျှင်လည်း ဥပဒေနှင့်အညီသာဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကိုပါ ၀န်ကြီးက ပြောခဲ့သည်။

PN / စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*