ချေးငွေ ၁၂၆ ဘီလီယံနဲ့ “မမ” ပြန်လည်ဦးမော့လာပါဦးမလား ?

ချေးငွေ ၁၂၆ ဘီလီယံနဲ့ “မမ” ပြန်လည်ဦးမော့လာပါဦးမလား ?
December 21, 2018 Asian Fame

11:16 am
ချေးငွေ ၁၂၆ ဘီလီယံနဲ့ “မမ” ပြန်လည်ဦးမော့လာပါဦးမလား ?

အောင်မြင်နေရာကနေ ကျဆုံးသွားခဲ့ရတဲ့ မြန်မာ့မီးရထား ပြန်လည်ဦးမော့လာဖို့ဆိုပြီးလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်မဲဆန္ဒနယ် ၆ အမတ် ဦးဖေတင် ကမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးဖေတင်က “စက်ခေါင်းတွေမကြာခဏပျက်၊ လမ်းတစ်လျှောက်ညိမ့်ညောင်းစွာမစီးရတော့ဘူး။ တွဲတွေမီးပျက်တယ်။ မိုးယိုတယ်။ စတဲ့စိတ်မသက်သာ လူမသက်သာစီးနင်းနေရပါတယ်။ ဒီဒုက္ခကို ခရီးသွားတွေဟာ အလွန်တရာကြောက်ရွံ့လာပါတော့တယ်။ မြန်မာ့မီးရထားကိုမှေးမိန်သွားစေတဲ့အချက်တွေကတော့ မီးရထားအောက်ခြေ၀န်ထမ်းတွေ ရထားလက်မှတ်မှောင်ခိုရောင်းတာ တွဲတွေကောင်းအောင်မပြင်တာတို့ တွဲကို ပစ်စလက်ခတ်ထားတာတို့ အထက်တန်းတွဲမှာသာမန်ခရီးသည်တွေတက်ခိုင်းတာတို့ အစရှိသဖြင့်ရုပ်ပျက်ဆင်းပျက်ဖြစ်လာတာကိုတွေ့ကြုံရပါတယ်” လို့ မေးခွန်းမှာ ထည့်သွင်းဆိုပါတယ်။

ဒါကြောင့် မြန်မာ့မီးရထားကို ပြည်သူတွေ ပြန်လည်နှစ်ခြိုက်လာအောင် အစီအစဉ်ကောင်းတွေ ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိလည်း ဦးဖေတင်က မေးမြန်းပါတယ်။

004

ဒါနဲ့ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ဖြေကြားမှာမှာ ဒီမေးခွန်းအတွက် ၊ ရထားရဲ့လက်ရှိအခြေအနေတိုးတက်အောင်လုပ်မယ်ဆိုရင် ပေးထားချက်တွေကဘာတွေလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း၊ ၂၀၁၄-၁၅ မှာလုပ်တဲ့ အာရှဖွံ့ဖြိုးရေးဘတ်(ADB)ပညာရှင်တွေရဲ့ လေ့လာသုံးသပ်ချက် rail sector ရီပို့အရ ရထားလမ်းအားလုံးဟာ အလျင်အမြန်ပြုပြင်ဖို့လိုနေကြောင်း၊ လမ်းမကြီးမဟုတ်တဲ့ သိပ်ပြီးအရေးမပါသေးတဲ့လမ်းတွေကို rationalized လုပ်ဖို့၊ ပထမဆုံး ရထားပြေးဆွဲမှုအခြေအနေကို စီစစ်တွက်ချက်ဖို့ ၊ နောက်မှ စက်ခေါင်း လမ်းပိုင်း တွဲ အချက်ပြစနစ်တွေကို အကျိုးရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့၊ စီမံခန့်ခွဲမှုမှာလည်း IT နည်းပညာကိုသုံးဖို့၊ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့၊ ဘဏ္ဍာရေးစီမံမှုကိုပြင်ဆင်ဖို့ စတဲ့ လုပ်ငန်း (၅) ချက်ကို ADB က ထောက်ပြထားကြောင်းဆိုပါတယ်။

မြန်မာ့မီးရထားအနေနဲ့ လက်ရှိရှိနေတဲ့ ဘတ်ဂျက်အခြေအနေအရ ရန်ကုန်-မန္တလေးလမ်းပိုင်းကို အရင်အစိုးရလက်ထက်ကတည်းက JICA နဲ့အကောင်အထည်ဖော်နေကြောင်း၊ ဒီလုပ်ငန်းမှာ မြန်မာဘက်ကတာဝန်ယူထားတဲ့ ကွန်ကရစ်ဇလီဖားတုံးတွေနဲ့ လမ်းခင်းကျောက်တွေကိုပြင်ဆင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ဘက်က တာဝန်ယူတဲ့ သံလမ်းတွေ လာမယ့် မတ်လမှာရောက်မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လမ်းပိုင်းမှာ အသုံးပြုမယ့် သံလမ်းတွေဟာ တစ်ခါတည်း ဂဟေဆက်ထားတဲ့ လမ်းတွေကို အသုံးပြုမှာလို့လည်းသိရပါတယ်။

ဒါ့အပြင် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို အဆင့်မြှင့်တင်ရာမှာလည်း ပြဿနာဖြစ်နေတဲ့အပိုင်းဖြစ်ကြောင်း ၊ နမ်းခမ်း-ဘုံချောင်း – မော်ဟန် – ကာဒူ လမ်းပိုင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
“တစ်ကယ့်အကြပ်အတည်းဆက်ရှင်ဖြစ်တယ်။ ဒီဂရီများတဲ့အချိုးအကွေ့တွေ လျှောဇောက်ကြီးတယ်” လို့ ၀န်ကြီးကဆိုပါတယ်။
အဲဒီနေရာတွေကို လုပ်ဖို့ရာ ဆာဗေးလုပ်တဲ့အခါ တစ်ခြားလမ်းတစ်ခုတွေ့ရကြောင်း၊ အဲဒီလမ်းကိုဖောက်ရင် လိုဏ်ဂူတစ်ခု၊ တံတားတစ်စင်း နဲ့ ဘူတာ ၄ ခုတည်ဆောက်ရမှာဖြစ်ကြောင်း ၊ ဒီအတွက် ကုန်ကျစရိတ်ဒေါ်လာ သန်း ၁၀၀ တောင်းလာတဲ့အခါ ပြန်လည်ညှိနှိုင်းခဲ့ရကြောင်း၊ မော်ဟန်-ကာဒူ အပိုင်းထိပါ ဆောင်ရွက်ပေးမှ ဒေါ်လာ သန်း ၁၀၀ ပေးမယ်လို့ ညှိနှိုင်းခဲ့ရာ အခုညှိနှိုင်းတဲ့အဆင့်အဆင်ပြေပြီး စာချုပ်ချု့်/တင်ဒါရွေးရမယ့်အပိုင်းသာကျန်တော့ကြောင်း ၀န်ကြီးကဆိုပါတယ်။

အလားတူ ပဲခူး-မော်လမြိုင်လမ်းပိုင်းနဲ့ပတ်သက်လို့လည်း ပြည်ထောင်စုဝန်ကြီးက အခုလိုပြောခဲ့ပါတယ်။
“ပဲခူး-မော်လမြိုင်က ကိုယ့်ဘတ်ဂျက်နဲ့ကိုယ်လုပ်ပါတယ်။ သူများချေးငွေမပါဘဲနဲ့ ကျွန်တော်တို့ ရှိနေတဲ့ဟာလေးကို ဒီလမ်းပိုင်းကိုတော့ ပုံပြီးတော့အောလိုက်မယ်ဆိုပြီး ကျွန်တော်တို့ ၁၆ ကတည်းကလုပ်လိုက်တာ အခုမော်လမြိုင်အထိရောက်သွားပါပြီ။ အဲဒီမှာလည်း SWR (short welded rail) ။ ဒါဟာ အမှန်ပြောရင်တော့ သိပ်ပြီးတော့အကောင်းဆုံးတော့မဟုတ်ပါဘူး။ သံလမ်းကို ၉ချောင်းဆက်ပြီးတော့ကျောက်အပြည့်နဲ့ လုပ်တာဖြစ်ပါတယ်။ တစ်ကယ်တန်းဆိုရင် မိုင် ၅၀ နှုန်းအထိသွားနိုင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အချက်ပြစနစ်မကောင်းသေးတဲ့အတွက် အရှိန်ကို မမြှင့်ရဲသေးပါဘူး။ အားလုံးကောင်းအောင်စောင့်နေပါတယ်။ ဒီကြားထဲ မနှစ်ကတုန်းက ဘီးလင်းချောင်းရေကြီးတော့ တံတားတစ်လုံးပါသွားပြီးနောက်ထပ် တံတားအသစ်တစ်လုံးထပ်ဆောက်ရမယ့် ဘ၀ရောက်သွားပါတယ်” လို့ ၀န်ကြီးက ဆိုပါတယ်။

003

ရန်-ပြည်ရထားလမ်းပိုင်းနဲ့ပတ်သက်လို့လည်း ADB ဘက်က ၎င်းတို့ကူညီပေးမယ်လို့ လာကမ်းလှမ်းကြောင်း၊အဆိုပါ လမ်းပိုင်းအရှည် မိုင် ၁၆၁ မိုင်အတွင်းမှာ တံတားပေါင်း ၄၃၄ ခုရှိပြီး ယင်းတံတားတွေအထဲက ဘယ်ဟာအသစ်ပြင်မယ်၊ ဘယ်ဟာ အစားထိုးမယ်ဆိုတာကို လေ့လာပြီးဖြစ်ကာ ဆက်လက်ဆောင်ရွက်နေကြောင်းထပ်လောင်းဆိုပါတယ်။

လက်ရှိမှာ မြန်မာ့မီးရထားဟာလွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက ဒီကနေ့အထိရှိနေတဲ့ ပြည်ပချေးငွေ ၁၂၆ ဘီလီယံကြောင့်လည်း မပြေးခင်ကတည်းက ရှုံးနေတဲ့အဖွဲ့အစည်းလည်းဖြစ်နေတယ်လို့ ၀န်ကြီးက လွှတ်တော်မှာပြောပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်းနဲ့ပတ်သက်လို့လည်း ပြန်လည်ပြင်ဆင်တာတွေလုပ်နေပြီး ပြင်တဲ့အခါ ဂျပန်အင်ဂျင်နီယာတွေကကြီးကြပ်ပေးနေကြောင်း၊ ပြန်လည်ပြင်ဆင်တဲ့နေရာမှာ တံတားချဉ်းကပ်တွေဟာ တစ်သက်လုံးစာပဲဖြစ်တယ်လို့ ၀န်ကြီးကဆိုပါတယ်။
ဒါ့အပြင် မူဆယ်-မန္တလေးလမ်းပိုင်းကိုလည်း ရထားလမ်းဖောက်လုပ်နိုင်ရေး ဆောင်ရွက်နေပြီး ပထမအဆင့်ဆာဗေးလုပ်ခြင်းပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ရထားလမ်းပိုင်းမှာ အဓိကအရေးပါဆုံးဖြစ်တဲ့ အချက်ပြစနစ်နဲ့ပတ်သက်လို့တော့ လက်ရှိမြန်မာ့မီးရထားမှာ အသုံးပြုနေတဲ့ အချက်ပြစနစ်ဟာ ရှေးအကျဆုံးအချက်ပြစနစ်နဲ့လုပ်ထားတာဖြစ်တဲ့အတွက် လူပေါ်မူတည်ပြီးလုပ်ငန်းလုပ်တဲ့အခါ save မဖြစ်ကြောင်း၊ ဒါကြောင့် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွေကို fully automatic စနစ်ပြောင်းလဲဖို့ ဆောင်ရွက်လျက်ရှိကြောင်း ဦးသန့်စင်မောင်က ပြောပါတယ်။

002

မြန်မာ့မီးရထားမှာ IT နည်းပညာကိုအသုံးပြုနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ရင်လည်း အချို့သော ဘူတာတွေဟာဒီကနေ့ ထိတိုင်လျှပ်စစ်မီးမရသေးတာရှိကြောင်း၊ ဒါပေမဲ့ ဘူတာတွေမှာရှိနေတဲ့အားလုံးကို ထိန်းချုပ်နိုင်ဖို့ MIS ဆိုတဲ့စနစ်အသုံးပြုဖို့ရာ ပထမအဆင့်ဆာဗေး ကို ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရပါတယ်။ ဒါကိုတော့ သြစတေးလျ ကုမ္ပဏီတစ်ခုဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားရဲ့ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးကိစ္စနဲ့ပတ်သက်ရင်လည်း အတော်ပင်တိုင်ပင်ဆွေးနွေးကြကြောင်း ဦးသန့်စင်မောင်ကဆိုပါတယ်။
“အနည်းငယ်ပြိုင်နိုင်အောင် ရပ်တည်နိုင်အောင် လုပ်ကြဦးစို့ ။ပြီးမှ restructuring reorganization ကို သွားမှာဖြစ်ပါတယ်။ အဲဒီမှာလည်းဝန်ထမ်းတွေရဲ့ စိတ်ဓာတ် ။ ကျွန်တော်တို့ဟာ တစ်ယောက်တည်းအုပ်ချုပ် တစ်ယောက်တည်း စီမံခန့်ခွဲခဲ့တဲ့ position ကနေပြီးတော့ဈေးကွက်စီးပွားရေးစနစ်ကိုပြိုင်တဲ့အခါ ကျွန်တော်တို့ ၀န်ထမ်းတွေဟာဝန်ဆောင်မှုစိတ်ဓာတ်အပြည့်ရှိအောင် မနည်းကို လုပ်နေရပါတယ်။ အခုလည်းကျွန်တော်တို့ ၄ နှစ်သင်တန်းအလကားပေးပါတယ်။ အဲ JICA ကအဖွဲ့တွေ အခုလည်း ဒုတိယနှစ်ရောက်ပါပြီ။ အဲဒီ နှုတ်ဆက်တာကအစ ဦးညွှတ်တာကအစ အားလုံးကိုလေ့ကျင့်သင်ကြားပေးနေပါတယ်။ တစ်ခါတည်း ခုနက သန့်ရှင်းရေးကအစ လေ့ကျင့်သင်ကြား ပေးနေပါတယ် တစ်ခါတည်းမပြောင်းနိုင်ပါဘူး။ သူတို့ corporatization ၁၉၈၇ က ဂျပန်မှာစပါတယ်။ အဲဒီအချိန်ကစပြီး နှစ်အစိတ် ၃၀ ဒါကိုယူခဲ့ရတာပါ လူတွေဟာ service minded က သူတို့လည်းမဖြစ်ပါဘူးဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်” လို့ ဦးသန့်စင်မောင်က ထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် မြန်မာ့မီးရထားဟာ ၀င်ငွေရှာပေးနေတဲ့ အစိတ်အပိုင်းဆိုရင် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ့မီးရထားမှာ လက်ရှိအသုံးပြုနေရတဲ့ကုန်တွဲအရေအတွက်ဟာ ၁၉၄၂ ခုနှစ်ကအသုံးပြုခဲ့တဲ့ကုန်တွဲပမာဏရဲ့ လေးပုံတစ်ပုံသာရှိတယ်လို့ ၀န်ကြီးဌာနကနေပဲသိရပါတယ်။
၁၉၄၂ ခုနှစ်က ကုန်တွဲပေါင်း ၉၀၀၀ ကျော်ရှိခဲ့ပေမယ့် အခုအချိန်ခါမှာ ၂၀၀၀ ကျော်ကိုပဲ အသုံးပြုနေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီပမာဏ ဟာ ၁၉၄၂ ခုနှစ်က ထက် များစွာနည်းပါးနေတာကိုတွေ့ရပါတယ်။
ဝန်ကြီးဦးသန့်စင်မောင်က “စက်ခေါင်းနဲ့တွဲဆိုင်းတွေပြုပြင်တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အရင်အစိုးရလက်ထက်မှာ တရုတ်နိုင်ငံရဲ့ချေးငွေနဲ့စက်ပစ္စည်းတွေဝယ်ပါတယ်။ အဆောက်အဦးကတော့ကျွန်တော်တို့ဘာသာဆောက်ပါတယ်။ ဒါပေမဲ့ စက်ရုံအဆောက်အဦးကိုဆောက်တယ်၊ မနှစ်ကတော့ အမြန်ဆုံးစက်ခေါင်းထုတ်နိုင်အောင် တွဲထုတ်နိုင်အောင်အဓိကထားပြီးစက်ပစ္စည်းတွေ အထိုင်ကိုပဲအဓိကထားပြီးလုပ်လိုက်တဲ့အတွက် ကျွန်တော်တို့လုပ်လိုက်တဲ့အတွက် ၂၁ တွဲပြီးပါတယ်။ ခေါင်း ၁၀ လုံးပြီးမှာဖြစ်ပါတယ်။ ၁၈-၁၉ ဘတ်ဂျက်မှာတော့ ဘတ်ဂျက်အဖြတ်ခံရတော့ တွဲ ၁၅ တွဲပဲရပါတယ်။ ၀ယ်တဲ့အခါမှာပဲ လူစီးတွဲကိုတော့ ၅၀၀ ၀ယ်ပါ ကုန်တွဲကိုတော့ ၈၀၀ ဖြည့်တင်းပါလို့ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကုန်တွဲတွေဟာ စစ်မဖြစ်ခင်တုန်းက တွဲပေါင်း ၉၀၀၀ ကျော်ရှိတယ်။ အခု ၂၀၀၀ ကျော်ပဲသုံးနိုင်ပါတယ် စစ်မဖြစ်ခင် ၁၉၄၂ ကထက်နည်းနေပါတယ်” လို့ ၎င်းကဆိုပါတယ်။
ကုန်ကိုများများသယ်ဆောင်ဖို့ ADB ကလည်းအကြံပြုထားကြောင်း၊ ကုန်သယ်ဆောင်မှုဟာ ၀င်ငွေရရှိစေမှာဖြစ်ကြောင်း၊ လူသယ်ယူပို့ဆောင်ရေးကတော့ အရှုံးခံရပေမယ့် နိုင်ငံ့တာဝန်ဖြစ်တယ်လို့ ခံယူပါကြောင်း ဦးသန့်စင်မောင်က ထပ်လောင်းဆိုပါတယ်။

001

ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် တုန်းက မီးရထားကဏ္ဍဟာ သယ်ယူပို့ဆောင်မှုဈေးကွက်ရဲ့ ၄၄ ရာခိုင်နှုန်းကို အုပ်စိုးထားပေမယ့် ၂၀၁၃ ခုနှစ်မှာ ၁၀ရာခိုင်နှုန်းကိုပဲ အုပ်စိုးနိုင်ပါတော့တယ်။
အခြားသော ကားလမ်းတွေကောင်းလာတာ ပုဂ္ဂလိကကားတွေဖွံဖြိုးလာတာတွေက ၈၆ ရာခိုင်နှုန်းလောက်ကို ယူသွားတာဖြစ်ပါတယ်။
ဒီအတွက် ရေကြောင်း/လေကြောင်းတို့မှာလည်း အကုန်လုံးကျဆင်းသွားခဲ့ပါတယ်။
ဒီအခြေအနေမှာ ဘာမှမလုပ်ဘူးဆိုရင် လာမယ့် ၂၀၂၅ ခုနှစ်ကျရင် မီးရထားကဏ္ဍဟာ သယ်ယူပို့ဆောင်ရေးဈေးကွက်ရဲ့ ၂ရာခိုင်းနှုန်းကိုပဲ ရရှိတော့မှာဖြစ်ပြီး ရေကြောင်းကဏ္ဍဟာမရှိသလောက်ဖြစ်သွားမှာဖြစ်ကြောင်း၊ လေကြောင်းကတော့ ပြန်တက်လာပြီး ၃ ရာခိုင်နှုန်းရှိနိုင်တယ်လို့ ADB က တွက်ချက်ထားတယ်လို့ သိရပါတယ်။

အလားတူ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍမှာလည်း မီးရထားဟာ၂၀၁၃ တုန်းက ၅ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဒီအတိုင်းဘာမှမလုပ်ရင်တော့ ၂၀၃၀ ခုနှစ်ကြရင် ၁.၅ ရာခိုင်နှုန်းပဲ ကုန်စည်းဈေးကွက် ရတော့မှာဖြစ်ကြောင်း၊ ကောင်းအောင်လုပ်မယ်ဆိုရင်တော့ ၂၀၃၀ မှာ ၇ရာခိုင်နှုန်း နဲ့ ၁၅ရာခိုင်နှုန်းကြားပြန်လည်ရရှိလာနိုင်တယ်လို့ ADB က သုံးသပ်ထားပါတယ်။

PN
Photo Credit – မြန်မာ့မီးရထား၊ Ko Zan၊ Nanda Kyaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*