တနိုင်းမှာ ဆန်ဈေးကြီးနေပြီး လိုသလောက်ဝယ်မရ ဖြစ်နေ

တနိုင်းမှာ ဆန်ဈေးကြီးနေပြီး လိုသလောက်ဝယ်မရ ဖြစ်နေ
October 23, 2017 Fame Asian

5:20 pm
တနိုင်းမှာ ဆန်ဈေးကြီးနေပြီး လိုသလောက်ဝယ်မရ ဖြစ်နေ

1

တနိုင်း ၊ အောက်တိုဘာ ၂၃

တနိုင်းမြို့မှာ ဆန်နို့ဆီဗူးဆယ်လုံးကို ငွေ ၃၀၀၀ ကျပ် အထိ ပေးဝယ်နေရပေမယ့် လိုသလောက် ၀ယ်မရတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့ လပိုင်းလောက်က ဆိုရင် ဆန်နို့ဆီဗူးဆယ်လုံးကို ငွေ ၂၀၀၀ကျပ် ပဲ ရှိတယ်လို့ ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးမင်းအောင် က ပြောပါတယ်။

“အခုတော်တော်လေး ဆိုးနေတယ်ဗျာ။ ဒီနေ့ ဆန်သွားဝယ်တဲ့သူတွေကို တစ်ယောက်ကို ၂ ပေါင်ပဲရောင်းပေးတော့တယ်။ ပြီးတော့တစ်ပေါင်ကို ၃၀၀၀ ပေးရတယ်။ ခါတိုင်း ၂၀၀၀ လောက်ပဲပေးဝယ်နေရတာ။ တစ်အိတ်ကိုတော့ ၄၅၀၀၀ ကျော်လောက်ရှိတယ်။
အရင်က တစ်အိတ်ကို ၂သောင်းကျော်ပဲပေးရတာ။ အများစုစားနိုင်တဲ့ဆန်ကတော့ ငွေတိုးနဲ့ ချင်းရှယ်ပါပဲ” လို့ ဦးစိုးမင်းအောင်ကဆိုပါတယ်။

ငွေတိုးနဲ့ ချင်းရှယ် ဆိုတာက ဆန်ချောမဟုတ်ဘဲ ဆန်ကြမ်း တစ်မျိုးသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက တနိုင်းဒေသမှာ ခွဲတန်းဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်မရရှိတော့တာက စလို့ အခုလို ဆန်ဈေးတွေ တက်ကုန်တာလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။

တနိုင်းရောက်နေတဲ့ လုပ်သားတစ်ဦးက “ဆီကတော့ တစ်ဂါလံ ၄၄၀၀ ပေးရတယ်။ ဆီက သိပ်ပြီး မခက်သေးဘူး။ တရားဝင် ဟိန်းအောင်က ဆီဘောက်ဆာ နဲ့ ပန့်အသေးနဲ့ရောင်းပေးနေတာရှိတယ်။ တစ်ချို့ကတော့ ၄ မိုင်မှာ သွားဝယ်တယ်။
အဓိကတော့ ဆန်ပဲရှားတာ” လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့တွင်းမှာလဲ ဆန်ရောင်းဝယ်မှုတွေကို ရံဖန်ရံခါ ၀င်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တနိုင်းဒေသဟာဆိုရင် ဒေသစားသုံးဖို့ လုံးလောက်တဲ့ ဆန် ပမာဏကို စိုက်ပျိုးနိုင်ခြင်းမရှိတာကြောင့် တစ်ခြားဒေသတွေကနေ တင်သွင်းနေရပါတယ်။

တနိုင်းကိုသွားတဲ့ လီဒိုလမ်းပေါ်မှာလည်း စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိပြီး ဆန်သယ်ဆောင်ခွင့်ကို လုံးဝတားမြစ်ထားကြပါတယ်။

ဒါပေမဲ့ တနိုင်းနဲ့နီးတဲ့ ရှင်ဗွေယန်ဒေသမှာတော့ ဆန်နဲ့ စက်သုံးဆီခွဲတန်းရရှိနေသေးတယ်လို့ သိရပါ့တယ်။

တနိုင်းမှာ ဆန်နဲ့ဆီ ခွဲတန်းတွေ ၊ သယ်ယူခွင့်တွေကို ပိတ်ထားပေမယ့် လောလောဆယ် ဒေသခံတွေ ၀ယ်ယူစားသုံးနေတဲ့ ဆန်တွေ ဘယ်ကလာလဲဆိုတာကိုတော့ မေးမြန်းလို့မရရှိပါဘူး။

ဒေသခံအချို့ကတော့ တနိုင်းမြို့ကို သွားတဲ့ လမ်းပိုင်း က လီဒိုလမ်းတစ်ခုတည်းသာဖြစ်တဲ့အတွက် အခုဆန်တွေဟာလည်း လီဒိုလမ်းအတိုင်း ဂိတ်တွေကို ငွေပေးဖြတ်သန်းသယ်ဆောင်လာတဲ့ ဆန်တွေသာဖြစ်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံပွဲမှာ တနိုင်းမှာကြုံတွေ့နေရတဲ့ ဆန်အခက်အခဲကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကတင်ပြခဲ့ပါသေးတယ်။

အလားတူ လွှတ်တော်မှာမေးခွန်းမေးမြန်းတာတွေကိုလည်း လုပ်ခဲ့ကြပါသေးတယ်။

ဒါနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပေမယ့် တစ်စုံတစ်ရာ အဆင်ပြေခြင်းမရှိသေးဘူးလို့ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဆိုပါတယ်။

“အဆင်မပြေသေးဘူးဗျာ။ ဆန်ကိစ္စကတော်တော်လေးခက်နေပြီ။ ပြည်နယ်အစိုးရကလည်း ဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ် ။ ကျွန်တော်တို့လည်း ပြည်နယ်အစိုးရကို တင်ပြခဲ့ပြီးပြီ။ လွှတ်တော်မှာမေးခွန်းမေးတာတွေလည်း
လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ အဆင်မပြေသေးဘူး” လို့ ဦးလင်းလင်းဦးက ဆိုပါတယ်။

တနိုင်းမြို့ကို အခုလို ဆန်သယ်ဆောင်ခွင့် ပိတ်ထားပြီး ခွဲတန်းမချပေးတာနဲ့ ပတ်သတ်ပြီး တပ်မတော်က တော့တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားတာမျိုးမရှိပါဘူး။

ဒါနဲ့ပတ်သတ်ပြီးကချင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးDဆင်ရမ်က “ကျွန်တော်တို့ အစိုးရအဖွဲ့က ပိတ်ထားတာ တစ်စုံတစ်ရာညွှန်ကြားထားတာမဟုတ်ဘူး ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းတုန်းက တနိုင်းမြို့ကိုအခုလို ပဲ ဆန်နဲ့စက်သုံးဆီ တင်ပို့ခွင့် / သယ်ဆောင်ခွင့် တွေ ပိတ်ထားခဲ့ဖူးပေမယ့် တစ်လလောက်အကြာမှာ ခွဲတန်းအကန့်အသတ်နဲ့ ပြန်လည်တင်ပို့ခွင့်ရခဲ့ပါတယ်။အခုတစ်ကြိမ် တနိုင်းကို ပိတ်ထားတာကတော့ ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက ဆိုရင် အချိန် ၅ လလောက်ကြာမြှင့်ခဲ့ပြီဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*