ဆက်သွယ်ရေးဥပဒေပြင်ဆင်လိုက်ပေမယ့် ပုဒ်မ ၆၆(ဃ)ကိုသုံးပြီး တရားစွဲဆိုမှုတွေ ဆက်လက်ရှိနေဆဲ

ဆက်သွယ်ရေးဥပဒေပြင်ဆင်လိုက်ပေမယ့် ပုဒ်မ ၆၆(ဃ)ကိုသုံးပြီး တရားစွဲဆိုမှုတွေ ဆက်လက်ရှိနေဆဲ
May 2, 2018 Fame Asian

4:20 pm
ဆက်သွယ်ရေးဥပဒေပြင်ဆင်လိုက်ပေမယ့် ပုဒ်မ ၆၆(ဃ)ကိုသုံးပြီး တရားစွဲဆိုမှုတွေ ဆက်လက်ရှိနေဆဲ

2

ရန်ကုန် ၊ မေ ၂

နာမည်ကျော်ဥပဒေတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေကို ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းက ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ပုဒ်မ ၆၆(ဃ) ကိုအသုံးပြုပြီး တရားစွဲဆိုနေမှုတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံ” မှ ကောက်ခံစာရင်းပြုစုထားချက်အရ ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်လိုက်ပြီးနောက်ပိုင်းမှာ တရားစွဲဆိုခံထားရတဲ့အမှုအရေအတွက်ဟာ (၂၅)မှုရှိတယ်လို့ သိရပါတယ်။ အဲဒီအမှုတွေမှာ တပ်မတော်က တရားစွဲထားတဲ့အမှု(၇)မှု၊ NLD ပါတီက တရားစွဲထားတဲ့အမှု(၇)မှုနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်လို့ ကြားလူတွေက တရားစွဲဆိုထားတဲ့အမှုက (၁၀)မှုရှိနေတယ်လို့ အသံအဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

3

”ပြင်လိုက်ပြီးနောက်ပိုင်းမှာ အမှုတွေက လျော့သွား၊ပျောက်သွားရမှာ။ ဒါပေမယ့်အခုချိန်အထိကို မတရားသဖြင့်တရားစွဲဆိုခံနေရတဲ့အမှုတွေက ဆက်လက်ရှိနေတယ်ဆိုတာကိုပြနေတာပဲ။ ဥပဒေမပြင်ခင် ကာလအထိက (၈၉) မှုဖြစ်ခဲ့တယ်။ ပြင်ပြီးနောက်မှာ (၂၅) မှုထပ်ဖြစ်တယ်။ထပ်လည်းဖြစ်ဦးမယ်ဆိုတဲ့သဘောပါ။ဥပဒေပြင်ထားတဲ့ဟာက မထိရောက်ဘူးလို့ ပြောချင်တာပါ” လို့ အသံအဖွဲ့  မှ အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခကပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ အမှုအရေအတွက်က (၁၁)မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက် ဥပဒေမပြင်ခင်ကာလအထိ တရားစွဲဆိုခံထားရတဲ့အမှုအရေအတွက်က (၈၉) မှုရှိခဲ့ကြောင့် အရင်အစိုးရကာလထက် (၇၈) မှုပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကို ၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂၉ ရက်နေ့  က ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အဓိက ပြင်ဆင်ခဲ့တာက ” ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆ ခြေဆင်း၊ ပုဒ်မ ၆၆(ဃ) စကားရပ်အစားထိုးခြင်း၊ပုဒ်မ ၈၀ စကားရပ်အစားထိုးခြင်း” တို့ ဖြစ်ပါတယ်။ မူလပြဌာန်းထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၈၀ မှာ ” ပုဒ်မ ၆၆ ၊ ပုဒ်မခွဲ(ဃ) ပါ ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်းပြုကြောင်း သက်ဆိုင်ရာနစ်နာသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူကဖြစ်စေ တိုင်တန်းချက်မဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရ” ဆိုတဲ့ပြဌာန်းချက်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ပြင်ဆင်ခဲ့တဲ့ဥပဒေက မထိရောက်ဘူးလို့ ကိုဆောင်းခကသုံးသပ်ပါတယ်။

”ကိုယ်စားလှယ်လွှဲစာနဲ့ တိုင်လို့ ရတယ်။ တိုင်ချင်တဲ့သူက ဘာပဲဖြစ်နေနေ လက်မှတ်ထိုးပြီးတိုင်ခိုင်းလို့ ရတယ်။ ဥပမာ ဘယ်လိုအမှုတွေမှာတွေ့  ရလဲဆိုတော့ အလုပ်သမားအမှုတွေမှာပေါ့။ စက်ရုံပိုင်ရှင်က စက်ရုံမန်နေဂျာကို သူ့ လက်မှတ်ထိုးပြီးတော့ မင်းသွားတိုင် ဆိုရင် တိုင်လို့ ရတယ်။ ပြောချင်တာက ကိုယ်က ပိုက်ဆံရှိတဲ့လူဆိုရင် အမှုတွေအများကြီးထိုင်ဖွင့်နေလို့ ရတယ်။ ” လို့ သူကဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရတဲ့အမှုတွေထဲမှာ သတင်းမီဒီယာသမားများကို စွဲဆိုထားတဲ့အမှုတွေလည်း အများအပြားပါဝင်နေပြီး အမှု(၁၆)မှုရှိနေကာ သတင်းသမား(၂၄) ဦးတရားရင်ဆိုင်နေရာပါတယ်။ ဥပဒေပြင်ဆင်ချက်ထွက်ပြီးနောက်မှ သတင်းသမားများကို တရားစွဲဆိုတဲ့အမှု (၂) မှုရှိတယ်လို့ အသံအဖွဲ့  မှသိရပါတယ်။

”ပြန်သုံးသပ်ပြီး နောက်တစ်ကြိမ်ထပ်ပြင်ဆင်တာမျိုး မဖြစ်မနေလုပ်ဖို့ လိုပါတယ်။ အရင်တုန်းကတောင်းဆိုခဲ့တဲ့အတိုင်း ပုဒ်မ ၆၆ (ဃ) ကို မဖြစ်မနေပယ်ဖျက်ဖို့ လိုတယ်ဆိုတာကို သက်သေပြရပါမယ်” လို့ ကိုဆောင်းခကဆိုပါတယ်။ဆက်သွယ်ရေးဥပဒေနဲ့ တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း(၁၂၅) မှုရှိတယ်လို့ အသံအဖွဲ့  မှ စာရင်းအရသိရပါတယ်။

ဖြိုးထက်အောင်
ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*