လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေအားနည်း ဟု JMC-U ဒုဥက္ကဌဆို

လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေအားနည်း ဟု JMC-U ဒုဥက္ကဌဆို
March 21, 2018 AsianFame MediaGroup

3:12 pm
လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေအားနည်း ဟု JMC-U ဒုဥက္ကဌဆို

29468838_1731520243558600_5935174955124654080_n

ရန်ကုန်၊ မတ် ၂၁

NCA ရဲ့အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာထက် လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေမှာ အားနည်းနေတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးအဖွဲ့ JMC-U ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ဒီကနေ့ ကျင်းပတဲ့ JMC-U အစည်းအဝေးမှာ ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NRPC မှာပြုလုပ်တဲ့ JMC-U (၁၅) ကြိမ်မြောက် အစည်းအဝေး ပထမနေ့ မှာ သူကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းတွေ အကောင်အ ထည်ဖော်ဆောင်ရွက်ရာမှာ NCA ရဲ့အနှစ်သာရဖြစ်တဲ့ ညှိနှိုင်းအဖြေရှာခြင်းဆိုတာထက် နည်းပညာပိုင်းတွေရှေ့ရောက်ပြီး လက်တွေ့မြေပြင်မှာ ညှိနှိုင်းအကောင်အထည်ဖော်ရမယ့်အပိုင်းတွေမှာ အားနည်းနေတာတွေ့ရကြောင်း ၊ ညှိနှိုင်းမှုဆိုတဲ့နေရာမှာလည်းတရားဝင်စာနဲ့ပေနဲ့ ညှိနှိုင်းရန်လိုသလိုပဲ အလွတ်သဘောတွေ့ဆုံညှိနှိုင်းမှုများကို လုပ်ရမှာ ဖြစ်ကြောင်း သူကဆိုပါတယ်။

“လိုအပ်မှတုံ့ပြန်ညှိနှိုင်းမှုထက် ကြိုတင်ညှိနှိုင်းမှုတွေက ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ကြိုတင်ပြီးတော့ကာကွယ်နိုင်ပါလိမ့်မယ်။ ညှိနှိုင်းမှုမရသေးမချင်း မိမိသဘောနဲ့အကောင်အထည်ဖော်ခြင်းများကိုမပြုလုပ်ဘဲ စိတ်ရှည်ရှည်ထားပြီး စိတ်ရင်းစေတနာမှန်နဲ့ အကျေအလည်ညှိနှိုင်းသဘောတူညီချက်ရယူခြင်းကနေ ပဋိပက္ခ တွေကိုတားဆီးနိုင်မှာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။ ဒါ့အပြင် တစ်ဦးပေါ်တစ်ဦးအပြစ်တင်တိုက်ခိုက်ခြင်းဟာလည်း ပြဿနာကိုမဖြေရှင်းနိုင်သလိုပြဿနာကိုပဲကြီးထွားလာနိုင်စေမှာဖြစ်တယ်လို့ ထပ်လောင်းဆိုသွားပါတယ်။

JMC -U ရဲ့ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က လုပ်ငန်းတွေအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ၂ ဖက်ညှိနှိုင်းပြီးသဘောတူထားတဲ့ NCA တွေ၊ JMC အဆင့်ဆင့်ရဲ့ လုပ်ငန်းလမ်းညွှန်းတွေ၊ ၂ ဖက် လေးစားလိုက်နာရတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လိုကြောင်း၊ ဒီသဘောတူညီချက်တွေကိုအဖွဲ့အစည်းအသီးသီးမှာရှိတဲ့ တပ်ဖွဲ့ဝင်အားလုံးကလည်း သိရှိပြီးတော့မှ လိုက်နာဆောင်ရွက်ဖို့အတွက်လည်း တာဝန်ရှိသူအသီးသီးက ကြပ်မတ်ဆောင်ရွက်ပေးသွားဖို့ လိုကြောင်း ပြောပါတယ်။

“အငြင်းပွားတာတွေ ပဋိပက္ခဖြစ်တာတွေ နဲ့ပတ်သတ်ပြီးတော့မှ JMC အဆင့်ဆင့်မှာတိုင်ကြားခြင်းတွေရှိပါတယ်။ ဒီအပေါ်မှာလည်းတစ်ဘက်နဲ့တစ်ဘက် အလေးထားဆောင်ရွက်ပြီးတော့မှ တစ်ဘက်အဖွဲ့အစည်းရဲ့တိုင်ကြားမှုအပေါ်မှာ တစ်ဘက်အဖွဲ့အစည်းအနေနဲ့ စီစစ်ပြီးတော့မှ တလေးတစားပြန်ကြားဆောင်ရွက်ခြင်းအားဖြင့် ဒါ တစ်ဘက်နဲ့တစ်ဘက် ကျွန်တော်တို့ ပိုပြီးတော့မှ ယုံကြည်မှုတည်ဆောက်နိုင်တယ်လို့ ပြောကြားလိုပါတယ်” လို့ သူကဆိုပါတယ်။

JMC-U အစည်းအဝေးကျင်းပလာတာဆိုရင် ၁၅ ကြိမ်မြောက်ရှိပြီဖြစ်ပြီး JMC-U ရဲ့ သက်တမ်းဟာဆိုရင် ၂ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တပ်မတော်ကြား ထိတွေ့ပစ်ခတ်မှုတွေဟာ ရံဖန်ရံခါမှာရှိနေစဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖာပွန်ခရိုင်အထဲမှာ လမ်းဖောက်လုပ်ခြင်းကိစ္စနဲ့ပတ်သတ်ပြီးတပ်မတော်နဲ့ KNU ကြား ပစ်ခတ်မှု ၁၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ကဆိုထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “တစ်ချို့JMC-S များအတွင်းမှာ ဆွေးနွေးချက်များကို အပြန်အလှန်အလေးအနက်မထားတာတွေ နားလည်မှုယုံကြည်မှုမတည်ဆောက်နိုင်တာတွေကြောင့် မလိုလားအပ်တဲ့ဖြစ်စဉ်လေးတွေ ဖြစ်နေဆဲတွေ့ရပါတယ်။ JMC သက်တမ်းဟာ ၂ နှစ်ကျော်ပြီဖြစ်ပါတယ်။ သို့သော်လည်းလက်ရှိအနေအထားမှာ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နေဆဲဆိုတဲ့ စကားလုံးကိုပဲသုံးနှုန်းပြောဆိုနေတာကိုပဲတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့ စကားလုံးကိုပြန်ကြည့်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်မှီခိုမှုရှိနေဖို့လိုအပ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက်အပြန်အလှန်မှီခိုနိုင်အောင်လို့လည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လိုအ ပ်တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေဒါတွေကို ကျွန်တော်တို့က ၂ ဘက်ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ဖို့လိုအပ်ပါတယ်တစ်ဘက်နဲ့တစ်ဘက်အပြန်အလှန်မှီခိုနေမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ပြီးသားဖြစ်တယ်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နေတယ်၊ ယုံကြည်မှုတည်ဆောက်ဆဲပဲ၊ ယုံကြည်မှုတည်ဆောက်ဆဲဖြစ်တဲ့အတွက် ကျန်တဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ဘူးဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့က ခက်ခဲမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါကြောင့် တစ်ဘက်နဲ့တစ်ဘက်အပြန်အလှန်မှီခိုမှုရှိအောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကိုလည်း JMC လုပ်ငန်းတွေကိုဆောင်ရွက်ရင်းနဲ့ ဆောင်ရွက်ပေးဖို့အတွက် ညှိနှိုင်းပြောကြားလိုကြောင်း၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာပစ်ခတ်တိုက်မှုတွေလျော့ချရပ်စဲစေဖို့အတွက် အငြင်းပွားမှုနဲ့ပဋိပက္ခဖြစ်ပွားမှုတွေ ညှိနှိုင်းဖြေရှင်းတဲ့နေရာမှာJMC ရဲ့ သတ်မှတ်ပြဌာန်းချက်တွေအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်သွားရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုပါတယ်။

JMC-U ရဲ့ ဒုတိယဥက္ကဌ ၂ ဖြစ်တဲ့ ဦးပြည့်စုံက”နယ်မြေပိုင်းခြားမှုတွေ လုပ်ရတာတော်တော်လေးခက်ခဲပါတယ်။ ပီပီပြင်ပြင်မဆောင်ရွက်နိုင်သေးတာကြောင့် အားနည်းချက်လို့ ပြောလို့ရပါတယ်။ ဒါလေးတွေ လုပ်ဆောင်သွားဖို့လိုပါတယ်” လို့ ဆိုပါတယ်။

လက်ရှိဖွဲ့ထားတဲ့ JMC တွေဟာ မြို့ပေါ်မှာတွေပဲဖြစ်ပြီးတစ်ကယ်တန်း ဖြစ်နေတာတွေက တောထဲကျေးရွာတွေမှာဖြစ်နေတာကြောင့် ဒေသခံတွေပါဝင်စောင့်ကြည့်မယ့် LCM အဖွဲ့တွေ ဖွဲ့ဖို့ လိုပါမယ်လို့ သူကဆိုပါတယ်။

ဒီတစ်ခေါက်ကျင်းပတဲ့ JMC-U မှာ မကြာသေးခင်က NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီက အဖွဲ့ဝင်အဖြစ်ပါဝင်လာပါတယ်။

ဒီတစ်ခေါက်အစည်းအဝေးကို ၃ ရက်ကြာပြုလုပ်မှာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာအကောင်အထည်ဖော်မှုတွေ၊ JMC -L တွေ တိုးချဲ့ဖွင့်လှစ်နိုင်မှုတွေ၊ ဒေသခံအရပ်သားစောင့်ကြည့်သူ LCM အဖွဲ့တွေ ဖွဲ့စည်းနိုင်ရေး ၊ JMCကွန်ဖရန့် ကျင်းပဖို့နေ့ရက်သတ်မှတ် ပေးနိုင်ရေးနဲ့ JMC ရဲ့နောက်တစ်ကြိမ် အစည်းအဝေးကျင်းပမယ့်နေ့ရက်သတ်မှတ်ဖို့တွေကို ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ရဲလွင်

29432578_1731520336891924_3316081207711629312_n

29432995_1731520250225266_1652688125417226240_n

29472442_1731520236891934_452284975669051392_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*