တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲများ ရန်ကုန်တွင်ပြန်လည်ကျင်းပမည်

တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲများ ရန်ကုန်တွင်ပြန်လည်ကျင်းပမည်
October 17, 2017 Fame Asian

11:07 am
တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲများ ရန်ကုန်တွင်ပြန်လည်ကျင်းပမည်

phyo

နေပြည်တော် ၊ အောက်တိုဘာ ၁၇

တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတွေကို ရန်ကုန်မှာ ပြန်လည်ကျင်းပတော့မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးရွှေလှ(ခ) ဦးရွှေလှဝင်းမေးမြန်းတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ဘောလုံးပြိုင်ပွဲတွေကို ရန်ကုန်မြို့မှာ နှစ်စဉ်ပြန်လည် ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ၀န်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၅၂ ခုနှစ်ကစလို့ တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတွေကို ရန်ကုန်မြို့အောင်ဆန်းကွင်းမှာစတင်ကျင်းပခဲ့ပြီး နောက်ပိုင်း မြနမာ့ဘောလုံးသမိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ဘောလုံးသမားတွေပေါ်ထွက်လာခဲ့တယ်လို့ မေးခွန်းမေးမြန်းသူ
ဦးရွှေလှကဆိုပါတယ်။

ဒါပေမဲ့ ၁၉၈၉ ခုနှစ်ကစလို့ တိုင်းနဲ့ပြည်နယ်ဘောလုံးပြိုင်ပွဲတွေကို တိုင်းနဲ့ပြည်နယ်လှည့်လည်ကျင်းပခဲ့ကြောင်း ၊ နယ်မြို့ကြီးတွေမှာကျင်းပတဲ့နေရာမှာ အိမ်ရှင်အသင်းဟာချန်ပီယံဖြစ်ဖို့ အခွင့်အရေးသာတာလေ့လာတွေ့ရှိရကြောင်း ၊ ရန်ကုန်မှာကျင်းပတဲ့ကာလကိုကြည့်ရင် မျှမျှတတဖြစ်ပြီး ရန်ကုန်ပရိသတ်ဟာအားနည်းတဲ့အသင်းကိုလည်းအားပေးကြောင်း ၊ဒါကြောင့် လက်ရှိရန်ကုန်မှာကျင်းပနေတဲ့ နေရှင်နယ်လဂ်ဘောလုံးပြိုင်ပွဲတွေကို အိမ်ကွင်းအဝေးကွင်းအနေနဲ့ နယ်မြို့တွေမှာ ကျင်းပသင့်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်ဘောလုံးပြိုင်ပွဲတွေကိုနှစ်စဉ်ရန်ကုန်မြို့မှာပြန်လည်ကျင်းပသင့်ကြောင်း သူကထပ်လောင်းပြောဆိုပါတယ်။

ဒီအပေါ် ပြည်ထောင်စုဝန်ကြီး ကပြန်လည်ဖြေကြားရာမှာ “လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတာထောက်ခံပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာကျင်းပဖို့ဆိုရင် လိုအပ်တဲ့ အားကစားသမားတည်းခိုမယ့်နေရာ ၊လေ့ကျင့်မယ့်ကွင်းတွေတိုးချဲ့ပြင်ဆင်တာပြုလုပ်ရပါမယ်။

ကျွန်တော်အောင်ဆန်းကွင်းကို ၂ ခေါက်သွားကြည့်ပြီးပါပြီ။ အောင်ဆန်းကွင်းကိုကြည့်တာ သိပ်စိတ်မကောင်းပါဘူး ။ ပတ်လမ်းတွေလည်း ယိုယွင်းပျက်စီးနေပါတယ်။ဒါကြောင့် အောင်ဆန်းကွင်းကိုပြန်ယူပါမယ် ။

အစိုးရအဖွဲ့တင်ပြပြီးပြန်ယူပါမယ်။ပြီးရင် ပြန်လည်ပြင်ဆင်ပါမယ်။ပြီးရင် ၂၀၁၉ ခုနှစ်ကစပြီး တိုင်းနဲ့ပြည်နယ်အားကစားပွဲကို ရန်ကုန်မှာပြန်လည်ကျင်းပဖို့ လုပ်ပါမယ်။ ရန်ကုန်မှာကျင်းပမှ ပွဲကြည့်ပရိသတ်များပြီး အားကစားလည်းတိုးတက်လာမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

YL ၊ SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*