4:41 pm
ရန်ကုန် အောက်တိုဘာ ၁၃
ပြည်သူလူထုနှင့်စီးပွားရေးလုပ်ငန်းရှင်များမှ ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်များနှင့် အကောက်ခွန်ဆိုင်ရာအကြောင်းအရာ နှုန်းထားများအတွက် သိရှိလိုသည့်အကြောင်းအရာများကို (၂၄)နာရီလုံး ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်မည့် Call center ကိုစတင်ဖွင့်လှစ်ထားကြောင်း အကောက်ခွန်ဦးစီးဌာန (ရန်ကုန်)မှသိရသည်။
အလိုလျောက် အကောက်ခွန် ရှင်းလင်းခြင်း လုပ်ငန်းစဉ်(MACCS) စနစ်အပါအဝင် အကောက်ခွန် လုပ်ငန်းစဉ်များအတွက် နားမလည်မရှင်းလင်းသည့် အခြေအနေများကို ပိတ်ရက်မရှိမေးမြန်းနိုင်ရန် Call centerကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
” ပြည်သူ့ဆက်ဆံရေးဌာနစိတ် (Public Relation Section) နဲ့ Help Desk Section တွေကနေ ရုံးချိန်အတွင်းမှာ ရှင်းလင်းဖြေကြားပေးနေပေမယ့် ရုံးချိန်ပြင်ပမှာတော့ တင်သွင်း/တင်ပို့မှုတွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ကြုံလာရင် မေးမြန်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒါကြောင့် အကောက်ခွန်ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နှောင့်နှေးကြန့်ကြာတာတွေ ကိုတွေ့ရပါတယ်။ဒါကြောင့်(၂၄)နာရီဖြေကြားပေးမယ့် စင်တာတစ်ခု ဖွင့်လှစ်ခြင်းပါ”ဟု အကောက်ခွန်ဦးစီးဌာန(ရန်ကုန်)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။
၂၄ နာရီပတ်လုံး ဖြေကြားနိုင်ရန်အတွက် ရုံးချိန်အတွင်း၌ ပြည့်သူ့ဆက်ဆံရေးဌာနစိတ် (ဖုန်း – ၀၁ ၃၉၁၄၃၅ Ext – ၁၅၀) မှ ဖြေကြားပေးမည်ဖြစ်ပြီး ရုံးချိန်ပြင်ပအချိန်များ၌ Call Center အဖြစ် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ တာဝန်မှူးရုံးခန်း (ဖုန်း – ၀၁ ၃၉၁၄၄၂) နှင့် (ဖုန်း ၀၁- ၃၉၁၄၃၅ Ext – ၁၄၈ / ၁၅၀ ) တို့ရှိ နေ့စဉ်တာဝန်ကျ တာဝန်မှူးနှင့် ဒု-တာဝန်မှူး (အကောက်ခွန်မှူး/ဒု-အကောက်ခွန်မှူး) တို့မှ ဖြေကြားပေးသွားမည်ဖြစ်သည်။
အောင်ပြည့်စုံ