မြန်မာ့ဂီတရေစီးကြောင်း တသွင်သွင်စီးဆင်းစေလိုသည် (အယ်ဒီတာ့အာဘော်)

မြန်မာ့ဂီတရေစီးကြောင်း တသွင်သွင်စီးဆင်းစေလိုသည် (အယ်ဒီတာ့အာဘော်)
March 22, 2017 Asian Fame

11:49 am
မြန်မာ့ဂီတရေစီးကြောင်း တသွင်သွင်စီးဆင်းစေလိုသည် (အယ်ဒီတာ့အာဘော်)

midol

မျက်မှောက်ကာလတွင် သံစဉ်များနှင့်ကမ္ဘာ၊ အိမ်မက်ဆုံရာ၊ မြန်မာအိုင်ဒယ် (Myanmar Idol) အစရှိသော တေးဆိုပြိုင်ပွဲများသည် မြန်မာပြည်သူများအကြားတွင် အတော်ပင် ခေတ်စားလာခဲ့သည်။ လတ်တလောအခြေအနေတွင် မြန်မာအိုင်ဒယ် (Myanmar Idol) ပြိုင်ပွဲသည်ရေပန်းအစားဆုံး အဆိုပြိုင်ပွဲဖြစ်သည်။ သားငယ်၊ ဘီလီ၊ ပိုးမီ အစရှိသော ပြိုင်ပွဲဝင်များကို မြန်မာပြည်တစ်နံတစ်လျားသာမက လူမှုကွန်ရက် များတွင်ပါ မသိသူမရှိကြ။ ထိုအဆိုပြိုင်ပွဲများကြောင့်ပင် ဂီတကို ယခင်ကထက် ပိုမို ခံစားနားလည်လာကြသည်။ ဂီတအမျိုးအစားများကို ပိုမိုသိလာကြသည်။ တေးသွား၊ စာသားနှင့် ဂီတသံစဉ်ဖန်တီးသူများကို ပိုမိုအသိအမှတ်ပြုလာကြသည်။

အထက်ဖော်ပြပါ တေးသီချင်းဆိုပြိုင်ပွဲများတွင် မြန်မာသံစဉ်ကိုသီဆိုယှဉ်ပြိုင်ရသော ပြိုင်ပွဲငယ်များလည်းပါရှိရာ ပရိသတ်သည် ”မြန်မာသံစဉ်ကြီးပါကွာ” ဟူ၍ ဖြစ်မသွားဘဲ ”ဒီတစ်ပတ်မြန်မာသံဆိုတော့ ပြိုင်ပွဲဝင်တွေအခက်တွေ့ပြီဟေ့” ”မြန်မာသံက ဆိုနိုင်ဖို့ မလွယ်ဘူး” ဟူသော မှတ်ချက်ပြုသံများကိုသာကြားရပြီး ပြိုင်ပွဲဝင်သည့် အခါ တီးဝိုင်းကမြန်မာသံသီချင်းဟောင်းများကို ခေတ်ပေါ်တူရိယာများဖြင့် ဆန်းသစ် တီထွင် ဖန်တီးတီးခတ်ပြီး ပြိုင်ပွဲဝင်များကလည်း ကြိုးစားသီဆိုကြသည်ကို ကြားရသောအခါ ပရိသတ်အထူးကျေနပ်နှစ်သက်ကြသည်ကို တွေ့ရသဖြင့် မြန်မာ့ဂီတအတွက် အားတက်မိသည်။

မကြာသေးမီကပြိုင်ပွဲဝင်ခဲ့သော မြန်မာအိုင်ဒယ် (Myanmar Idol ) ပြိုင်ပွဲဝင် သားငယ်၏ ‘မေဘရဏီလို’ ဟူသော မျက်နှာအမူအရာ၊ ကိုယ်အမူအယာနှင့် တေးဆို ဟန်သည် ဝင်းဦးတစ်ခေတ်ကိုလှုပ်နှိုးနိုင်ခဲ့သလို တစ်ခေတ်တစ်ခါက ရရာပစ္စည်းရရာနည်းဖြင့် ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့သော စွယ်စုံရအနုပညာရှင်ကြီးတစ်ဦး ရှိခဲ့ကြောင်း ယနေ့ခေတ်လူငယ်များကို သတင်းစကားလက်ဆင့်ကမ်းနိုင်ခဲ့သည်။

အာရုံငါးပါးရှိသည့်အနက်အမြင် (စက္ခု)အာရုံနှင့် အကြား (သောတ)အာရုံ နှစ်ပါးသာလျှင် အနုပညာနယ်ပယ်ကို စိုးမိုးထားနိုင်သည်။ ယင်းတို့ကိုအခြေခံသော စက္ခုအနုပညာရပ် (Visual Arts) နှင့် သောတအနုပညာရပ် (Auditory Arts) များသည်လည်း သိမ်မွေ့နူးညံ့ပြီး အဆင့်အတန်းမြင့်မားလှသည်။ ထိုအာရုံနှစ်ပါးသည် လူမှုဆက်ဆံရေးနှင့် လူသားတို့၏ ယဉ်ကျေးမှုဆင့်ကဲပြောင်းလဲဖြစ်စဉ်များတွင် အရေးပါသောနေရာမှပါဝင်ပြီး ကမ္ဘာကြီးကိုပင် လွှမ်းမိုးထားနိုင်သည်။

ဤနေရာတွင် ဂီတသည် ယဉ်ကျေးမှုကိုလွှမ်းမိုးနိုင်ကြောင်း သာဓကအချို့ကို ကောက်နုတ်ဖော်ပြလိုသည်။ မျက်မှောက်ကာလတွင် မြန်မာ့ရိုးရာ အတာသင်္ကြန် ဟူသော ယဉ်ကျေးမှုတစ်ရပ်လုံးကို ထိန်းချုပ်ထားသည်မှာ ဆရာမြို့မငြိမ်း၏ ‘မန်းတောင်ရိပ်ခို’ သီချင်းဖြစ်သည်။ မြန်မာ့အတာသင်္ကြန်သည် ‘မန်းတောင်ရိပ်ခို’ သီချင်း မပါလျှင် သင်္ကြန်အငွေ့အသက်ပျောက်သွားသလိုခံစားရသည်အထိ လွှမ်းမိုးထား နိုင်ခဲ့သည်။ အခြားဥပမာတစ်ခုကိုပြရသော် ယနေ့ခေတ်မြန်မာမင်္ဂလာဆောင်များတွင် မပါမဖြစ်သီဆိုနေကြရသော ‘အခါတော်ပေး’ တေးသီချင်း ဖြစ်သည်။ ထိုသီချင်းသည် တေးရေးတေးဆို တွံတေးသိန်းတန်၏လက်ရာဖြစ်သည်။ ပေါ်လာသည်မှာ မကြာလှ သေးသော်လည်း တွံတေးဦးသိန်းတန်သာ ဤသီချင်းမရေးဖြစ်ခဲ့လျှင် ယနေ့ခေတ်မြန်မာ မင်္ဂလာဆောင်များသည် ယခုလောက် ပြည့်စုံမည်မဟုတ်၊ ကျက်သရေရှိမည်မဟုတ်ဟု ခံစားရလောက်အောင်ပင် ယဉ်ကျေးမှုကို လွှမ်းမိုးထားနိုင်ခဲ့သည်။

မြန်မာ့ဂီတသည် ကမ္ဘာ့ဂီတနှင့်ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရဆိုသည်။ မြန်မာ့ဂီတသည် ပျူခေတ် (လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝဝ ခန့်) ကပင် စတင်ပေါ်ပေါက်နေပြီး ပုဂံခေတ်တွင် အတော်ပင်ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများကို ကိုးကား၍ပညာရှင်များက ဆိုကြသည်။

မြန်မာ့ဂီတနှင့်ကမ္ဘာ့ဂီတရေစီးကြောင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်သော် အတော်ပင် စိတ်ဝင်စားစရာကောင်းလှသည်။ ခရစ်နှစ် ၁၇၁ဝ ခန့်က ဝန်ကြီးပဒေသရာဇာ ရေးသား ခဲ့သော ‘တံတျာတေရှင်’ သီချင်းသည် ဂျာမန်ဂီတပညာရှင်ကြီးဘာ့ခ်၏ ‘ဘုရားသခင်သည်သာ ကျွန်ုပ်၏အရှင်သခင် (God is My King) ‘ သီချင်းနှင့် ခေတ်ပြိုင်ဖြစ်သည်။ အလားတူပင် ခရစ်နှစ် ၁၇၈ဝ ခန့်က လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ ရေးသားသီကုံးခဲ့သော ‘မဲဇာတောင်ခြေ’ ရတုသည် ဂျာမန်ဂီတပညာရှင်ကြီး မိုးဇက်၏ ‘မှော်ပုလွေ (Magic Flute)’ တေးသွားနှင့် တစ်ခေတ်တည်းဖြစ်သည်။ တစ်ဖန် မြန်မာ့ဂီတ လောက၏ မီးရှူးတန်ဆောင်ဖြစ်သော မြဝတီမင်းကြီးဦးစ ၁၈ဝဝ ခုနှစ်ခန့်က ရေးသားခဲ့သော ‘သာဆန်းရဂုံဘွေ’ ပတ်ပျိုးသည် ဂျာမန်ဂီတပညာရှင် ဗီသိုဗင်က နပိုလီယံ ဘုရင်စစ်ချီပုံကို ဂုဏ်ပြုဖန်တီးခဲ့သည့် ရဲသွေးရဲမာန် (Eroica Symphony) တေးသွား နှင့်တစ်ချိန်တည်းပေါ်ခဲ့သော တေးသီချင်းဖြစ်နေပြန်သည်။ ဆိုလိုသည်မှာ မြန်မာ့ဂီတ သည် အခြေခံတေးသွား၊
သံစဉ်တည်ဆောက်ပုံ အယူအဆအခြေခံသဘော မတူညီ ကြသော်လည်း ကမ္ဘာနှင့်ခေတ်ပြိုင်ပေါ်ခဲ့သော ကိုယ်ပိုင်အသံ၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် တူရိယာရှိသည့် နှစ်ပေါင်းထောင်ချီခဲ့ပြီဖြစ်သော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့ဂီတကိုထိန်းသိမ်းခြင်းသည် နှစ်ထောင်ချီ တည်တံ့ခဲ့သော မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း ဖြစ်သည်။ ဂလိုဘယ်လိုက်ဇေး ရှင်းခေတ်ကြီးတွင် ကမ္ဘာ့ဂီတသည် ရေစီးကြောင်းတစ်ခုအနေဖြင့် ရှင်သန်နေသလို မြန်မာ့ဂီတကိုလည်း ရှင်သန်စေလိုသည်။ ထိုသို့ ရှင်သန်နိုင်အောင်လည်း စွမ်းနိုင် သူတို့က ဖော်ထုတ်ထိန်းသိမ်းကြစေလိုသည်။ နိုင်ငံတော်အစိုးရကလည်း တတ်အား သရွေ့ ကူညီစေလိုကြောင်း တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*