ကန်စွန်းရွက် နဲ့ ဟွန်ဒါဖစ်

ကန်စွန်းရွက် နဲ့ ဟွန်ဒါဖစ်
January 19, 2017 Asian Fame

6:03 pm
ကန်စွန်းရွက် နဲ့ ဟွန်ဒါဖစ်

hondafitကထိန်ပွဲတွေ ပြီးချိန်ကတည်းက ရာ သီဥတု သာယာ လာတဲ့အတွက် နံနက် တိုင်း ပုံမှန်လမ်းလျှောက် ဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ အတူ လမ်းလျှောက်နေကျ မိတ်ဆွေက ကျွန်တော့်ထက် အသက် လေးငါးခြောက်နှစ် ငယ်တဲ့ အငြိမ်းစား ကျောင်းဆရာ တစ်ယောက်ဖြစ် ပြီး ကျွန် တော်ကလည်း ဌာနတစ်ခုက အငြိမ်းစား တစ်ယောက်ပါ။ ဝန်ထမ်းဘဝ တစ်လျှောက် လုံး ဒုက္ခမျိုးစုံကို စုပြုံ ခံစားခဲ့ကြရတဲ့ ဘဝ တူတွေဖြစ်ပါတယ်။

ဒီနေ့ နံနက်ခင်းမှာလည်း ကျွန်တော် တို့နှစ်ယောက် လမ်းလျှောက်ဖြစ်ခဲ့ကြပါ တယ်။ အလုံလမ်းမှ တက်ပြီး ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် ရုံးတစ်ပတ်လျှောက် ခဲ့ကြတာပါ။ အပြန်လမ်းမှာ ကျောင်းဆ ရာက စကားစပါတယ်။ ”ဒီမယ် အန်ကယ် ကြီးရဲ့”လို့ စကားစမယ် လုပ်တုန်း ကျွန် တော်က လက်ကာပြီး   ”နေပါဦး ကျောင်း ဆရာရဲ့၊ လက်ဖက်ရည် ဆိုင်ရောက်မှ ပြော ကြတာပေါ့ဗျာ။ ဒီနေ့ က လူတွေရှုပ်လွန်း များလွန်းတယ်ဗျ” ဆိုပြီး သူ့စကားကိုဖြတ် လိုက်ပါတယ်။ သူက ကျွန်တော့်ထက် အ သက်လေး ငါး ခြောက် ဆယ်နှစ် ငယ်ပေမယ့် ညနေပိုင်း စစ်တုရင် ကစားဝိုင်းက အဖွဲ့ သားတွေက ကျွန်တော့်ကို အန်ကယ်ကြီးလို့ ခေါ်ဝေါ်ကြတဲ့ အတိုင်း သူကပါ လိုက်ပြီး နှုတ်ကျိုးနေတာပါ။ လက်ဖက်ရည်ဆိုင် ရောက်ပြီး ကျွန်တော်က ပဲပြုတ် နံပြားနဲ့ လက်ဖက်ရည် မှာနေစဉ် မှာ ကျောင်း ဆရာ က ရေနွေးကြမ်းငှဲ့ရင်း စကားစပါတယ်။ သူ့ကိုကြည့်ရတာ တစ်စုံတစ်ရာကို မကျေ မနပ်ဖြစ်နေပုံပါပဲ။ ”ဒီမယ် အန်ကယ်ကြီး ရဲ့။ ခင်ဗျား သတိထား မိသလားတော့ မသိ ဘူး။ အခုတလော ကုန်ဈေးနှုန်းတွေက အ ရမ်းကို တက်နေတယ်ဗျာ”တဲ့။

ကျွန်တော့် အနေနဲ့ ကျောင်းဆရာတစ် ယောက် တစ်စုံတစ်ရာကို အစာမကျေဖြစ် နေပုံရကြောင်း ရိပ်မိလိုက်ပါတယ်။ ဒါ ကြောင့် ”ဟုတ်ပါ ပြီ၊ ကျုပ်တို့နိုင်ငံမှာ မ တက်တာဆိုလို့ စိတ်ဓာတ်ပဲ ရှိတော့တာ လေ”လို့ နောက်လိုက်မိတော့၊ သူက ကျွန် တော့်ကို မျက်နှာထား တင်းတင်းနဲ့ ပြန် ကြည့်နေတဲ့ အတွက် ”စိတ်မဆိုးပါနဲ့ ကျောင်း ဆရာရယ်၊ ခင်ဗျားနဲ့ ကျုပ်တို့က ဒီနေ့အထိ ဈေးဝယ်ရတဲ့တာဝန်က မလွတ်နိုင်သေး တော့ ဈေးတက် တာအချို့ကို သိပါတယ် လေ။ ကဲပါ ခင်ဗျား ဘာတွေခံစားနေရ တာလဲ ဆိုတာကို ပြောစမ်းပါဦးဗျာ” လို့ ပြောလိုက်တော့ မှ ထုံးစံအတိုင်း သိုင်းသိုင်း ဝိုင်းဝိုင်းနဲ့ သူပြောချင်တာတွေကို စပြောပါ တယ်။

ဟုတ်ပါတယ် အန်ကယ်ကြီးရ၊ အခြေ ခံ စားကုန်တွေအားလုံး ဈေးတက်နေတယ်။ မတက်တာ ဘာမှမရှိဘူးဗျ။ အန်ကယ်ကြီး နောက်သလို စိတ်ဓာတ် ကလည်း ကျပြီးရင်း ကျနေတာပဲ။ ဒီလိုဗျ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ သားငါး အကုန် တက်တယ်ဗျာ။ ကုန်စိမ်း တွေလည်း မကျန်ဘူးဗျ။ ကြက်နဲ့ ဝက် ဆိုရင် တစ်ပိဿာကို ကျပ် ၇ဝဝဝ ကနေ ကျပ် ၁၃ဝဝဝ။ အမဲသား ကိုတော့ မစားလို့ မသိဘူး။ ငါးအမျိုးမျိုးကလည်း ကျပ် ၆ဝဝဝ လောက်က နေ တက်လာလိုက်တာ ငါးခူဆို ကျပ် ၁၅ဝဝဝ ထိ တက်သတဲ့ဗျာ”

ကျောင်းဆရာ အရှိန်ရလာ တာကို ခံစားမိတဲ့အတွက် ”ဟုတ်တယ်၊ ဆန်၊ ဆီ၊ ကြက်သွန်၊ တသီတတန်းကြီး အကုန်တက် တယ်လေ။ ခင်ဗျား ပြောချင်တာကို ဆက် ပါဦး”လို့ အားပေးလိုက်တော့ သူက ဆက် ပြောပါတယ်။ ”ကျုပ်က ဘူးသီးဟင်းခါး၊ ခရမ်းချဉ်သီး ပန်ထွေဖျော်နဲ့ ငါးခြစ် (ငါး ဖယ်အတု) ဆီပြန်နဲ့ ငြိမ့်မလို့ စိတ်ကူးပြီး ဈေးဝယ် မိတော့ ခရမ်းချဉ်သီး တစ်ဆယ် သား သုံးလုံး ၃ဝဝ ကျပ်၊ ဘူးသီး လက်နှစ် လုံးလောက်တစ်စိတ်ကို ၃ဝဝ ကျပ်၊ ကြက် သွန်မြိတ်၊ နံနံပင်နဲ့ ငရုတ်သီးစိမ်း ဆိုတာတွေ က ငါးဆယ်တန်မပါရင် ၁ဝဝ ဖိုး အနည်း ဆုံးဝယ်မှရတယ်ဗျ။ အဆိုးဆုံးကတော့ ကန်စွန်းရွက်ပဲဗျာ။ ကန်စွန်းရွက်တစ်စည်း ကို ၃ဝဝ တဲ့ဗျ။ ကန်စွန်းရွက် ဆိုတာ ဒီ ဘက်ခေတ် ကျုပ်တို့အောက်ခြေလူတန်း စားတွေရဲ့ အဓိကဟင်းလျာလေ။ အင်္ဂလိပ် လိုမှုတ်ရရင် Main Dish  ပေါ့။ မိသားစု တစ်စု နေ့ည တစ်နေ့စာ အတွက် ကန်စွန်း ရွက်သုံးစည်း ၁ဝဝဝ ဖိုးလောက် ဆိုတော့ ဘာတွေကိုများ ထပ်ပြီးပြောစရာကျန်ဦးမှာ လဲဗျာ” တဲ့။

”အေးဗျာ၊ ကျုပ်လည်း သဘောပေါက် ပါတယ်။ ဒါပေမယ့် သူ့ဟာသူ ဈေးတက် တာ၊ ကျုပ်တို့က ဘာများ တတ်နိုင်မှာလဲဗျ” လို့ ပြောလိုက်မိတော့ ကျောင်းဆရာက မကျေနပ်တဲ့ပုံနဲ့ ဆက်ပြောပြန်ပါတယ်။

”ဒီလိုဗျ။ ပြည်သူ့လွှတ်တော် အစည်း အဝေးတစ်ခုမှာ ကိုယ်စားလှယ် တစ်ဦးက အရပ်ရပ်ကုန် ဈေးနှုန်းတွေ တရိပ်ရိပ်တက် နေတာကို ထိန်းချုပ်မယ့် အစီအစဉ်ရှိ၊ မရှိ မေးခဲ့တယ်တဲ့။ အဲဒီမေးခွန်းကို စီးပွားကူး သန်းဝန်ကြီးက ကုန်ဈေးနှုန်း တက်တာကို ဘယ်လို ထိန်းချုပ်မယ် ဆိုတဲ့ အစီအစဉ်ကို မပြောဘဲ၊ ငွေကြေးဖောင်းပွတဲ့ ကိန်းဂဏန်း တွေ၊ ကုန်ဈေးနှုန်းတက်တဲ့ ကိန်းဂဏန်း တွေကိုပဲ ရွတ်ပြနေလို့ လွှတ်တော် ဥက္ကဋ္ဌ ကြီးကတောင် သတိပေးရတယ် ဆိုပဲဗျ။ ဒီ တော့ ဒေါ်လာဈေး တက်တာ၊ ဘတ်ဂျက် လိုငွေပြတာ၊ ငွေကြေးဖောင်းပွတာတွေက ဘာဖြစ်လို့ ကုန်ဈေးနှုန်း တက်ရတာလဲဗျ။ ထိန်းချုပ်တဲ့ နည်းလမ်းမရှိဘူး လား။ ပြော စမ်းပါဦး” တဲ့။

”ဘယ်သိမှာလဲ ကျောင်းဆရာရဲ့။ ကျုပ်က ဒေါက်တာဘွဲ့ရမှ မဟုတ်ဘဲ။ ခင်ဗျားတို့ ဝန်ကြီးတောင် မဖြေနိုင်တာ။ ဝန်ကြီး ကိုတော့ မဖြေရှင်းခိုင်းဘဲနဲ့ ကျုပ်ကို လာမေးရသလားဗျာ”လို့ ကျွန်တော်က ရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်တော့။ ”ပြော စမ်းပါ အန်ကယ်ကြီးရာ၊ ခင်ဗျားက ဟိုစပ် စပ် ဒီစပ်စပ်နဲ့ နေရာတကာမှာ လူတတ် လုပ်တယ် မဟုတ်လား”လို့ ပြုံးစိစိနဲ့ ကလိ ပြန်ပါတယ်။

ကျွန်တော်က ”ကျုပ်တို့ နိုင်ငံက အာရှ ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံဗျာ။ ကမ္ဘာ့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှာ ဆင်းရဲမှု အဆင့် ၅၅ တဲ့ ဗျာ။ ဆင်းရဲ နွမ်းပါးမှုက တစ်နိုင်ငံ လုံး ၈၄ ရာခိုင်နှုန်းရှိပြီး ချင်းပြည်နယ်က ၇၃ ရာခိုင်နှုန်း၊ နိုင်ငံရဲ့ အလုပ်သမားတွေ လုပ်ခလစာက ၃၆ဝဝ ဆိုတော့ တစ်လ ဝင်ငွေက တစ်သိန်းကျော်နဲ့ မိသားစုသုံး ဦးရဲ့ တစ်လစရိတ် သုံးသိန်းလောက်ဆို တော့ ဘယ်လိုလုပ် စားကြရမှာလဲ။ ဘတ် ဂျက်လိုငွေက ၂ဝ၁၁-၂ဝ၁၂ မှာ ကျပ်ဘီ လျံ ၂ဝဝဝ ကျော်ရှိရာ က ၂ဝ၁၆-၂ဝ၁၇ မှာ ကျပ်ဘီလျံ ၄ဝဝဝ ကျော်တဲ့ဗျာ။ ဒေါ် လာဈေး က ကျပ် ၁၄ဝဝ နီးပါးမြင့်လာတော့ ငွေတန်ဖိုးကကျတာပေါ့။ ဒီတော့ ကုန်ဈေး နှုန်းတွေက နောက်ဆုံး သုံးနှစ်အတွင်း နှစ်ဆ ကြီး များတောင် တက်တော့တာပါပဲဗျာ” လို့ ကိုယ်ကြားဖူး နားဝရှိ သလောက် တန်း စီ ရွတ်ပြလိုက်တော့ ကျောင်းဆရာက ”ဟဲ၊ ဟဲ၊ ဟဲ။ ဈေးထဲက ဟင်းရွက်သည် ကောင် မလေး ဘာပြောသလဲဆိုတာကိုလည်း နား ထောင်ကြည့်ပါဦးလေ” တဲ့။

”တစ်နေ့က ပန်ထွေဖျော်စားချင်တာ နဲ့ ခရမ်းချဉ်သီး သုံးလေးလုံး၊ ကြက်သွန် မြိတ်၊ ငရုတ်သီးစိမ်းနဲ့ နံနံပင်ဝယ်တော့ ပန် ထွေဖျော် တစ်ခွက်စာကို ငွေလေးငါးရှစ်ရာ ကျသတဲ့ဗျာ။ ဒါနဲ့ ဟဲ့၊ အညာသူမရယ်၊ နင်တို့ဈေးရောင်းတာကလည်း ရာဂဏန်း အောက်ကို မရောက်ကြတော့ပါလား။ နံနံပင် လေးငါးဆယ်ပင်ကို တစ်ဆယ်၊ ကြက် သွန်မြိတ် သုံးပင်လောက်ကို နှစ်ဆယ်၊ ငရုတ် သီးစိမ်း ဆယ့်လေးငါးတောင့်ကို ငါးကျပ် ဆိုတာမျိုး ဘာတစ်ခုမှ မရောင်းကြတော့ပါ လား”လို့ ကျုပ်ကပြောလိုက်တော့ ဟင်း ရွက်သည် အညာသူမလေးက…

”အမယ်လေး ဘကြီးရယ်၊ ကျုပ်တို့ လည်း တစ်ကျပ်တစ်မတ်၊ ငါးကျပ်တစ် ဆယ်နဲ့ ဝယ်ချင်၊ ရောင်းချင် တာပတော်။ အဘတို့ အစိုးရကြီးတွေက တစ်မတ် တစ် ကျပ်မပြောနဲ့ ငါးကျပ်တန် တစ်ဆယ်တန် လေးတွေကိုတောင် ထုတ်မပေးကြတော့ အနည်းဆုံး ငါးဆယ်ပဲတော်ရေ့။ ငါးဆယ် တန်မပါရင် တစ်ရာပဲ။ ရော့-ယူသာ သွား ပါတော့ ဘကြီးရာ။ အားလုံး ရှစ်ရာ့ ငါးဆယ် ကျတယ်။ ငါးဆယ်တန်မပါရင် ကိုးရာပဲ နော်” ဆိုပြီး ပလတ်စတစ်အိတ်နဲ့ထည့် ထားတဲ့ ဘူးသီးစိတ်၊ ခရမ်းချဉ်သီး၊ ကြက် သွန်မြိတ်၊ နံနံပင်နဲ့ ငရုတ်သီးစိမ်းတွေကို ပေးလိုက်တယ်လို့ ပြောပါတယ်။

ကျွန်တော်က ”ဟုတ်ပါပြီ ကျောင်းဆ ရာရယ်။ ဒါကို ကျုပ်လာမပြောနဲ့လေ။ ခင် ဗျားတို့မြို့နယ်က ကိုယ်စားလှယ်ကြီးကို ငွေ အကြွေတွေနဲ့ တန်ဖိုးနည်း ငွေစက္ကူတွေ ဘာ ကြောင့် မထုတ်ဝေတာလဲ၊ ထုတ်ဝေဖို့ အစီ အစဉ်ရှိ၊ မရှိ လွှတ်တော်မှာ မေးခိုင်းပေါ့ဗျ” လို့ ပြန်နောက်လိုက်ပြီး ”ကဲပါ ကျောင်းဆ ရာရယ်၊ ခင်ဗျား ပြောချင်တာက တစ်စည်း ၃ဝဝ ပေးရတဲ့ ကန်စွန်းရွက် ကိစ္စမဟုတ် မှန်း ကျုပ်ရိပ်မိပါတယ်။ လိုရင်းကို ပြော စမ်းပါဗျာ။ အပြန်မှာ ဈေးဝယ်ရဦးမယ်”လို့ပြောလိုက်တော့ မှ ”ဟဲ၊ ဟဲ၊ ဟဲ၊ ကျုပ် လည်း အပြန်မှာ ဈေးဝယ်ရဦးမှာပါ” လို့ ရယ်ကျဲကျဲ နဲ့ ပြန်ပြောပါတယ်။ ကျွန်တော် က ကျသင့်ငွေ ရှင်းပေးနေတုန်း ကျောင်း ဆရာက ရေနွေးကြမ်း ငှဲ့သောက်ရင်း ကျွန် တော့် အတွက်ပါ ငှဲ့ပေးတဲ့အတွက် သောက် လိုက်ပါတယ်။ သူက စကားဆက်ပါ တယ်…။

”ဒီလို အန်ကယ်ကြီးရဲ့၊ ကျုပ်က လာ မယ့်နှစ်လောက်မှာ ကားလေး တစ်စီးလောက် ဝယ်ဖို့ ကြိုးစားနေတာ ခင်ဗျားအသိပဲလေ။ သားသမီးတွေရဲ့လစာ၊ အခန်းငှားခ ရတာ လေးတွေကို စုထားခဲ့တာဗျ။ အခုတော့ ဟိုတစ်နေ့က ကားတင်သွင်းတာတွေနဲ့ပတ် သက်ပြီး  Model Year  တို့၊ ဘယ်မောင်းတို့ ဆိုတဲ့ သတင်းတွေထွက်လာပြီး ကားဈေး တွေ တက်ကုန်သတဲ့ဗျ။ ကျုပ်ရဲ့စိတ်ကူး အိပ်မက်လေးတော့ ပျက်ပြန်ပြီနဲ့တူပါတယ် ဗျာ”လို့ ညည်းညူ ရှာပါတယ်။ ဒီတော့မှ ကျောင်းဆရာ တစ်ယောက် ခံစားနေ ရတဲ့ ပြဿနာဟာ ဟွန်ဒါဖစ်ဖြစ်နေမှန်း သိ လိုက်ရပါတော့တယ်။

ဟုတ်ပါတယ်။ ကျောင်းဆရာပြောတာ က ပြီးခဲ့တဲ့ ၂ဝ၁၆  နိုဝင်ဘာ ၃ဝ ရက်နေ့ မှာ မော်တော်ယာဉ် တင်သွင်းခြင်း နဲ့သက် ဆိုင်တဲ့ လုပ်ငန်းမျာ ကြီးကြပ်ရေး ကော်မ တီက အစိုးရ သဘော တူညီချက်နဲ့ ထုတ် ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ် (၁/ ၂ဝ၁၆)ကို ပြောတာ ဖြစ်ပုံရပါတယ်။ အဲဒီ ကြော်ငြာချက်အရ ကား တင်သွင်းမှုတွေကို  ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်၊ လူပုဂ္ဂိုလ် တစ်ဦးချင်း အစီအစဉ်၊ ပုံမှန်လိုင်စင် လျှောက် ထားမှု အစီအစဉ် စတဲ့ တင်သွင်းမှုအစီ အစဉ်အားလုံးမှာ Model Year  ကို ၂ဝဝ၇ မှ ၂ဝ၁၇၊ ဘယ်မောင်းတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားကြောင်း အကြမ်းဖျင်း နား လည်ရပါတယ်။

ကျောင်းဆရာက သူ့ခံစားမှုကို ဆက် ပြောရှာပါတယ်။ Traffic  Jam ယာဉ် ကြောပိတ်တာကို ဖြေရှင်းဖို့ဆိုတဲ့ အကြောင်း ပြချက် တစ်ခုတည်းနဲ့တော့ မလုပ်သင့်ဘူး ပေါ့ဗျာ။ လမ်းတွေကို စနစ်တကျချဲ့တာ တို့၊ စည်းကမ်းတကျ မောင်းစေတာတို့၊ စည်းကမ်းတကျ ရပ်နားစေတာတို့ စတဲ့ လုပ်ငန်းတွေကို လုပ်ပေးနိုင်ရင် အထိုက်အ လျောက် ပြေလည်နိုင်တယ်လေ။ လူတွေ က စည်းကမ်း မရှိကြတော့တာလည်း ပါ တယ်ဗျာ။ ဒီတော့ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းတွေ တိတိကျကျလုပ်။ မလိုက် နာရင် အရေးယူပေါ့။ လူတွေက နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက် အကျင့်ပျက် ခဲ့ကြတာလေ။ တစ်ရက်၊ တစ်လ၊ တစ်နှစ် လောက်လေး အရေးယူ ရုံနဲ့တော့ မရဘူး ဗျ။
စင်ကာပူဆို အရမ်း စည်းကမ်းတင်းကျပ် တယ်ဆိုပဲ။ ကျုပ်တို့ နိုင်ငံမှာတော့ လူကူး မျဉ်းကြားက မကူးလို့ ဆိုပြီး ခရီးသွားပြည် သူတွေကို ဖမ်းလိုက်၊ ဒဏ်ရိုက်လိုက် လုပ် ပြီး ကိုယ်ပိုင် ကားတွေနဲ့ ဘတ်စ်ကားတွေကျ တော့ ပညာပေးလို့ကို မပြီးနိုင်တော့ဘူး။ ဥပဒေရှိရင် ဥပဒေ အတိုင်း အရေးယူပေါ့။ ဟန်ပြလောက်နဲ့တော့ ဘယ်ရပါ့မလဲ။ ကျွန် တော်ကတော့ ခင်ဗျားပြောသလို စိတ် ဓာတ်တွေပဲ ကျပြီးရင်းကျဖြစ်နေပြီဗျာ”တဲ့။

”ဟုတ်ပါတယ်၊ ကျောင်းဆရာရယ်။ ခင်ဗျားတို့ ကျုပ်တို့က ကားစီးရမယ့်ကံ မပါဘူး ထင်ပါတယ်ဗျာ။ အင်ဂျင်ပါဝါနည်း တဲ့ ကားလေးတွေက အခွန်ကျသင့် ငွေက လည်း သက်သာပြီး ဈေးကလည်း သက် သာတဲ့အတွက် ကျုပ်တို့က ဝယ်စီးကြမယ် လို့ စိတ်ကူး ကြံစည်နေတုန်း ရှိသေးတယ်။ ဒီ Model Year  သတ်မှတ်ချက်ကြောင့် ကား ဈေးတွေက တက်သွားပြီဗျ။ ဒီသတ် မှတ်ကြောင့် လူစီးများတဲ့သိန်း ၁ဝဝ၊ ၁၅ဝ တန်ကားတွေ တင်သွင်းဖို့ ခက်သွားသတဲ့။ အခု အချိန်မှာ Honda Fit တစ်စီး တင် သွင်းရင် သိန်း ၁၅ဝ လောက် ကုန်ကျနိုင် ပြီး လာမယ့်နှစ် ရောက်မှ တင်သွင်းရမယ်ဆို ရင် အပြီးအစီး သိန်း ၂၅ဝ၊ ၃ဝဝ လောက် ကုန်ကျ တော့မှာတဲ့ဗျ။ ဒီတော့ ကားဝယ် ဖို့ ခင်ဗျားစုထားတဲ့ ငွေတွေကို ဘဏ်မှာ အပ်ထားလိုက်ပါတော့ဗျာ။ လောလော ဆယ်မှာတော့ ဆန္ဒတွေစောပြီး မလောမိ စေနဲ့ဦး။ ကဲပါ ကျောင်းဆရာရယ် ပြန်ကြ ပါစို့။ ဈေးဝင်ပြီး ကျုပ်တို့ရဲ့ နံနက်စာ Main Dish နှစ်စည်းလောက် ဝယ်ရဦးမယ် ဗျ။ သွားရအောင်” လို့ ပြောပြီး နှစ်ယောက် သား ထွက်လာခဲ့ကြပါတယ်။ အပြန်လမ်း မှာ မြောင်းကြီးဘေး ဈေးမှ ကျောင်းဆရာ ဝယ်နေကျဖြစ်တဲ့ အညာသူမလေးရဲ့ ဟင်း ရွက်ဆိုင်ကို ဝင်ခဲ့ကြပါတယ်။

ကျွန်တော်က ကန်စွန်းရွက် နှစ်စည်း ၆ဝဝ ဖိုးဝယ်ပြီး ပြန်လှည့် အထွက်မှာ ကျောင်း ဆရာက ခဏနေဦး ကျုပ်လည်းတစ်ခါ တည်း ဝယ်သွားမယ်လို့ပြောရင်း ဟင်း ရွက်သည်လေးကို ငွေ ၃ဝဝ ပေး လိုက် တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကျောင်း ဆရာ ပြောလိုက်တဲ့စကားကြောင့် ဈေး သည်မလေးရော ကျွန်တော်ပါ ပါးစပ်အ ဟောင်းသား ဖြစ်သွားကြရပါတော့တယ်။

ကျောင်းဆရာ ပြောလိုက်တဲ့ စကား ကတော့ ”Honda Fit  တစ်စီးပေး” တဲ့။

ခင်မောင်အေး(ချောက်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*