နောင်တ ကမ်းပါးပေါ်က လောကဓံ အပိုဆုရှင်

နောင်တ ကမ်းပါးပေါ်က လောကဓံ အပိုဆုရှင်
November 9, 2016 Asian Fame

5:02 am
နောင်တ ကမ်းပါးပေါ်က လောကဓံ အပိုဆုရှင်
In Articles, Cover News

htoo-htoo-article

ဆယ်နှစ်ကျော် ရှာဖွေလာခဲ့သည့် ငွေများက သူ့ဘဝကို ပိုကောင်းအောင်မလုပ်နိုင်တော့မှန်း သိလိုက်ချိန်သည် အရာရာဟာ နောက်ကျခဲ့ပြီဖြစ်သည်။ ဒုတိယ ဘုရားသခင်ဟု သိကြသော ငွေနောက်လိုက်ခဲ့ချိန်တွင် သူသည် အနာဂတ်ကိုလည်း မတွေး၊ အတိတ်ကိုလည်း ပြန်ငဲ့မကြည့်၊ ပစ္စုပ္ပန်တွင်သာ သူပျော်နေခဲ့သည်။ သူ့ ကြောင့် သူများတွေ မျက်ရည်ပေါက် ကြီးငယ်ကျခဲ့သည်ကိုလည်း သူထည့်မတွက်ခဲ့။ ကိုယ့်တစ်ကိုယ်ရေစာ၊ ကိုယ့် မိသားစုကွက်ကွက်ကလေးသာ အဆင်ပြေစေဖို့ သူများ ဘဝတွေကို ချနင်းပစ်ခဲ့သည်။

”တကယ်တော့ ရိုးရိုးသားသား လုပ်စားရင်လည်း ထမင်းတစ်နပ်ကတော့ မငတ်ပါဘူး။ ကိုယ့်အတ္တဆန်တဲ့ အချစ်တွေကြောင့် သူများမိသားစုရော ကိုယ့်မိသားစုပါ ဘဝပျက်ခဲ့ကြတယ်။ မိတကွဲ ဖတကွဲတွေဖြစ်ကြရတယ်” ဟု ဆယ်နှစ်ကျော် ပြည့်တန်ဆာအဖြစ် အသက်မွေးခဲ့သည့် နွယ်က ပြောသည်။နွယ်တို့အိမ်သို့ ရောက်သွားချိန်တွင် ပထမဆုံးအံ့သြရသည်က လွန်ခဲ့သည့်နှစ်နှစ် ရွှေတိဂုံဘုရားတွင်တွေ့ခဲ့ စဉ်ကနှင့် မတူပြောင်းလဲသွားသော သူမပုံသဏ္ဌာန်ဖြစ် သည်။ ကော့နေသည့် မျက်တောင်များအောက်က မျက် လုံးနက်နက်များသည် အရင်အတိုင်းလှနေဆဲဖြစ်သော် လည်း သူပိန်သွားသည်။ စင်ရော်တောင်မျက်ခုံး၊ နက်မှောင်ထူထဲသော မျက် တောင်ရှည်ရှည်များနှင့် သွယ်လျသောမျက်နှာကျ၊ ရှည် လျားသောဆံနွယ်များဖြင့် တစ်ချိန်ကနွယ်သည် တကယ့် မိန်းမလှတစ်ဦးဖြစ်သည်။ သွယ်လျသည့် ခန္ဓာကိုယ်ကလည်း အချိုပေါ် သကာလောင်းသည့်နှယ် အလှပေါ် အယဉ်ဆင့်စေသည့်အပြင် သာယာသည့်အသံကြောင့် လည်း နွယ်သည် ပုရိသများကြား ရေပန်းစားခဲ့သည်။ မိန်းကလေးတစ်ယောက်အတွက် အလှပဆုံးအရွယ် ဟုပြောနိုင်သော အသက် ၂၂ နှစ် အရွယ်တွင် ပြည့်တန် ဆာအလုပ်ကို စလုပ်ဖြစ်ခဲ့ပြီး ထိုသို့လုပ်ဖြစ်အောင် ပြောင်းလဲခဲ့သည်က သူ သိပ်ချစ်ခဲ့ရသည့်ချစ်သူပင်ဖြစ် သည်ဟု အတိတ်ကိုပြန်ပြောပြသည်။ ထိုသို့ပြောနေရင်း သူ့မျက်ဝန်းတွေက ငေးငေးရီရီ။

နွယ်ဆိုသော မိန်းကလေး

”ကျွန်မနာမည်က နွယ်ပါ”။ သူမနားတွင် ထိုင်နေ သည့် မိခင်ပင် အံ့သြမှင်တက်ကာ ”နွယ်”ဟု အသံထပ် လိုက်သည်။ နားမလည်ခြင်းပေါင်းများစွာဖြင့် သမီးဖြစ် သူကိုကြည့်ကာ ”နွယ်ဆိုတာ ဘယ်သူပေးတဲ့ နာမည်လဲ”ဟု မိခင်ဖြစ်သူက တုံးတိမေးသည်။ နွယ်ကတစ်ချက် မဲ့ပြုံးပြုံးပြီး ”ဒီနာမည်ကို တရင်းတနှီးသိတဲ့ ယောက်ျားတွေ၊ ခေါ်ခဲ့ဖူးတဲ့ ယောက်ျားတွေ အခုကျွန်မအကြောင်းကိုများ သိလိုက်ရင် တစ်ဆတ် ဆတ်တုန်ခါသွားကြမယ်ဆိုတာ မြင်ယောင်သေးတယ်” ဟု မနွယ်က ရယ်ကာပြောသည်။ နွယ်ဖြစ်လာရခြင်းမှာ သူမ ချစ်မြတ်နိုးရသောချစ်သူ ဆိုသူက ပေးခဲ့ခြင်းဖြစ်သည်။ တင်ပါးထိ ရှည်လျားသော ဆံပင်ကိုချစ်သောအားဖြင့် ”နွယ်”ဟု ချစ်သူကခေါ်ခြင်း ဖြစ်သည်။ နွယ်၏ နာမည်အရင်းမှာ နန်းအေးကြည်၊ ၎င်း၏ဖခင်က ဗမာတိုင်းရင်းသားဖြစ်ပြီး မိခင်က ကရင်တိုင်းရင်းသူတစ်ဦး ဖြစ်သည်။ ကရင်ပြည်နယ်ဘားအံမြို့နှင့် မနီး မဝေးတွင်ရှိသော သာမန်ကျေးလက်မိသားစုမှဖြစ်သည်။

လွန်ခဲ့သည့် ၂၇ နှစ်ခန့်၊ လူရှစ်ယောက်ရှိသော မိသားစုတွင် ဖခင်ဖြစ်သူ၏ဝင်ငွေဖြင့် ရပ်တည်လာခဲ့ကြ သည်။ မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ကူလုပ်ရင်း မူလတန်းမှာပင် သူမ ကျောင်းထွက်ခဲ့ရပြီး ဖခင်နှင့်အတူ ခြံထွက်သီးနှံများကို မြို့တက်ကာ ရောင်းခဲ့ရသည်။ မြို့ပေါ်ရှိဖခင်၏ အသိတစ်ယောက်အကူအညီဖြင့် သူမတစ်ယောက်စာအတွက် နေစားစရိတ်ငြိမ်းအပြင် တစ်လလျှင် ကျပ်နှစ်ထောင်ရမည့် အလုပ်တစ်ခုကို သူမ အားလုပ်စေရန် ပြောလာသဖြင့် မိသားစုအတွက် စား ဝတ်နေရေးဝန်ကို များစွာပေါ့စေသည့်အတွက် ¤င်းအ လုပ်ကို သူမ လက်ခံခဲ့သည်။ ထိုအလုပ်က ရန်ကုန်မြို့ တွင်လုပ်ရမည့် အိမ်အကူအလုပ် ဖြစ်သည်။ မိသားစုများနှင့် မခွဲခွာဖူးသော်လည်း မောင်လေး ညီမလေးများ ကျောင်းဆက်တက်နိုင်ရေးအတွက် သူမ သည် အိမ်ကိုစွန့်ကာ ရန်ကုန်မြို့တွင် ၁၂ နှစ်သာသာ ခြေချခဲ့သည်။

”ဘဘကြီးနဲ့ မေမေကြီးတို့က သဘောကောင်းတယ် သမီးတစ်ယောက်လိုပဲထားတယ်။ အိမ်အလုပ်ဆိုတာက လည်း ကျွန်မတို့ ကျေးတောသူတွေအတွက် ဘာများခက် နေလို့လဲ။ သူတို့ချစ်အောင် ကိုယ်ကနေတော့ တစ်လကို နှစ်ထောင်အပြင် ဘောက်ဆူးတွေ၊ အဝတ်အစားတွေတောင် ပေးတယ်။ အဲဒီခေတ်က ငွေနှစ်ထောင်ဆိုတာတာ အင်မတန်တန်ဖိုးရှိတယ်”ဟု နွယ်က ပြောသည်။ ၎င်းအိမ်တွင် နွယ်က ၅ နှစ် အလုပ်လုပ်ခဲ့ပြီး အ သက် ၁၇ နှစ်တွင် ဖခင်ဖြစ်သူ ကျန်းမာရေးဆိုးရွားလာ သောကြောင့် ဆေးဖိုးဝါးခပိုပေးနိုင်ရန် အိမ်အကူအလုပ် ကိုစွန့်ကာ ပွဲစားတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် အလုပ် သစ်ရရှိခဲ့သည်။”အဖေ နေမကောင်းတော့ အိမ်ရှင်တွေက လခအပြင် အပိုငွေတွေ အများကြီးကူညီပေးတယ်။ ကြာလာ တော့ အားလည်းနာတယ်။ သိမ်ငယ်စိတ်လည်း ဝင်လာ တယ်။ ငါ့မိသားစုတွေ အဆင်ပြေရင်ပြီးရောဆိုပြီး နွယ် အလုပ်သစ်ကိုလက်ခံခဲ့တယ်”ဟု နွယ်က မိခင်ကို လှမ်းကြည့်ကာ ပြောသည်။

ဘဝသစ်တွင် ညဥ့်နက်ခြင်း

သူမ လက်ခံလိုက်သည့် အလုပ်က ပွဲစားပြောသလို မဟုတ်ခဲ့။ ဝင်ငွေလည်းမများခဲ့ပေ။ ညအချိန်တွင် အလှ ဆုံးဖြစ်အောင် မျက်နှာတစ်ပြင်လုံး အရောင်မျိုးစုံဖြင့်ခြယ် မှုန်းကာ ကာရာအိုကေသို့လာရောက်သူများကို ဖျော်ဖြေ ရသောအလုပ်ဖြစ်သည်။ ”စစလုပ်တုန်းက ကြောက်တာရယ်၊ ရှက်တာရယ် ကြောင့် မဝံ့ရဲဘူး။ အဲဒီတော့ ပိုက်ဆံမရဘူး။ တချို့ဆို ကိုယ့်ကိုဘာမှမထိပေမယ့် မုန့်ဖိုးပေးသွားတာလည်း ရှိ တယ်။ အဲဒါက ရှားပါတယ်”ဟု သူမက မချိပြုံးကာ ပြောသည်။ ကာရာအိုကေဆိုင်တွင် ထိုသို့ လေးနှစ်ခန့် သူမအလုပ်လုပ်ခဲ့သည်။ ဆိုင်တော်တော်များများမှာ ဝင်လုပ် ခဲ့သော်လည်း မျှော်မှန်းသလောက် ဝင်ငွေမရသည့်အပြင် မကျန်းမမာဖြစ်ပါကအိမ်ကို ပြန်တောင်းနေရသည့်အခြေ အနေသို့ ရောက်ရှိခဲ့သည်ဟုသိရသည်။

”တချို့ကမူးလာရင် ထွက်လိုက်တဲ့ပိုက်ဆံတွေ။ ကိုယ့်မှာ ဘာမှများများစားစား ရင်းစရာမလိုဘူး။ ခန္ဓာ ကိုယ်တစ်ချက်နှစ်ချက် အထိအတွေ့ခံတာနဲ့ ပိုက်ဆံတွေ ဟောခနဲဟောခနဲပဲ။ အဲဒီအထဲမှာ ကျွန်မကိုချစ်တယ်ဆို ပြီး နွယ်လို့ ချစ်စနိုးနဲ့ခေါ်ခဲ့တဲ့ယောက်ျား အပါအဝင်ပေါ့” ဟု နွယ်က မျက်နှာရှုံ့မဲ့ကာဆိုသည်။ ထိုအလုပ်တွင် လေးနှစ်တာ ကျင်လည်ခဲ့သော်လည်း မစုမိ မဆောင်းမိသည့်အပြင် ရှိထားသည့်ရွှေစများပါ ကုန်ခဲ့သည်။ ထိုအလုပ်ထဲတွင် အမျိုးသားတစ်ဦးနှင့် သူမဆုံတွေ့ခဲ့ပြီး ၎င်းအမျိုးသားအကူအညီဖြင့် ကာရာအိုကေဆိုင် အလုပ်မှ ထွက်ခဲ့သည်။ ထိုအမျိုးသားက သူမအားတိုက် ခန်းတစ်ခုတွင်နေစေခဲ့ပြီး တစ်ပတ်လျှင် သုံးကြိမ် အနည်းဆုံးလာရောက် အတူနေထိုင်ခဲ့သည်ဟု သူမကပြောသည်။ ”သူ့မှာအိမ်ထောင်ရှိတယ်။ ဒါကိုမသိခဲ့ဘူး။ တစ် နှစ်လောက်ပေါင်းပြီးမှ သူ့အမျိုးသမီးက နွယ့်ကိုလာပြီး တော့ သူ့ယောက်ျားနဲ့ထပ်မတွေ့ဖို့ ပြောတယ်။ နွယ် ဆုံးဖြတ်လိုက်တယ် မွေးနေ့ပြီးရင် သိပ်ချစ်ရပါတယ်ဆိုတဲ့ အဲဒီယောက်ျားနဲ့ အဝေးဆုံးကိုထွက်သွားမယ်၊ အိမ်ပြန်မယ်ပေါ့”ဟု သူမက ခေါင်းငုံ့ကာ ပြောသည်။

ချစ်သူ့လက်ဆောင် သို့မဟုတ် အမှောင်

မနွယ်ကသူ၏ ချစ်သူနှင့်လက်ထပ်၍ အလုပ်တစ်ခုလုပ်ကာ အေးချမ်းသည့်ဘဝတစ်ခုတည်ထောင်ရန် ရည် ရွယ်ခဲ့သော်လည်း သူ့ဆန္ဒများ ဖြစ်မလာခဲ့။ အသက် ၂၂ ပြည့်မွေးနေ့တွင်ပင် သူမဘဝ ချောက်ထဲကျခဲ့သည်။သူမကိုနွယ်ဟု စတင်ခေါ်ခဲ့သည့်ချစ်သူကပင် ပြည့်တန် ဆာဘဝကို စတင်ပြောင်းလဲပစ်ခဲ့သည်။”သူအပါအဝင်အခြား သူ့အသိနှစ်ဦးနဲ့ အဲဒီတိုက် ခန်းမှာ နွယ်ဘဝပြောင်းလဲခဲ့တယ်။ အိမ်ပြန်မယ်ဆိုတဲ့ အတွေးတွေ မရှိတော့ဘူး။ ပိုက်ဆံရဖို့ပဲခေါင်းထဲ ထည့် လိုက်တယ်။ ချစ်တယ်လို့ ပြောတဲ့ ယောက်ျားကတောင် ငွေအတွက်နဲ့ ကိုယ့်ကိုမချန်ဘူးလေ”ဟု နွယ်က ခတ်ပြတ် ပြတ်ပြောသည်။ စကားပြောရာမှ မောသွား၍ ထင့် ”အမေရေတစ် ခွက်လောက်”ဟု လှမ်းတောင်းပြီးတစ်ကြိုက်တည်း မော့ သောက်ပစ်လိုက်သည်။ ထို့နောက် သူမက အားယူ၍ စကားကို ဆက်သည်။ရဲတပ်ဖွဲ့က စီမံချက်နဲ့ လိုက်ဖမ်းတဲ့အခါမျိုး ကြုံဖူး လားဟု မေးကြည့်တော့သူမက ”ကျွန်မက အဲဒီလို လမ်း ပေါ်ကဧည့်သည်တွေထက် တစ်ဆင့်စကား တစ်ဆင့်နား နဲ့ လာတာများတယ်။ ဝြါ<ွကားတာတော့မဟုတ်ဘူး။ ရုပ် ခံကရှိနေတော့ အဆင်ပြေတယ် ပြောရမယ်” ဟု သူမက ရယ်ကာ ပြောသည်။

လာရောက်သောဖောက်သည်များနှင့် ဈေးနှုန်းတစ် ခုသတ်မှတ်ပြီး သဘောတူညီမှုရရှိကာ အတူတူနေကြ သည်။ ဖောက်သည်နှင့်အတူ တစ်ညလုံးနေခဲ့ပြီး သူတို့ စိတ်တိုင်းကျ နေပေးသော်လည်း မနက်နိုးလာသည့်အချိန် အဆိုပါဖောက်သည်က မရှိတော့သည့်အဖြစ်မျိုးလည်း မနွယ်က ကြုံဖူးကြောင်း ပြောပြခဲ့သည်။ ”ဘယ်လောက် ခံပြင်းဖို့ကောင်းလဲ။ အဲဒီထက်ဆိုး တာ လာခေါ်တော့တစ်ယောက်တည်းပဲ ဟိုရောက်မှ စောင့်နေတဲ့သူက သုံးလေးယောက်ရှိတယ်။ သူတို့နေရာ ရောက်တဲ့အတွက် ငြိမ်ခံခဲ့ရတာလည်းရှိတယ်။ ပုံမှန် မဟုတ်တဲ့နည်းနဲ့ လိင်ဆက်ဆံဖို့လည်း ကြိုးစားကြတယ်။ ကျွန်မက ပြည့်တန်ဆာလေ။ ပြီးတော့မိန်းမသားလေ။ အလိုမတူတဲ့ လိင်ဆက်ဆံတာတွေ ခဏခဏကြုံနေရပေ မယ့် အောင့်ကာနမ်းရတဲ့အချိန်တွေ မရေတွက်နိုင်အောင် ပါပဲ”ဟု အမှောင်ဇာတ်ကို ပြောပြသည်။

ဤမျှသာမဟုတ်ပါ

”အဲဒီထက်ဆိုးတာက သူတို့ စိတ်ကြိုက်ပြုမူပြီး ပိုက် ဆံတစ်ပြားမှမပေးခဲ့တာတွေ၊ ကိုယ်ကပြည့်တန်ဆာ၊ ဘယ်ကိုတိုင်ရမှာလဲ”ဟု သူမတွေ့ကြုံခဲ့ရသည့် အဖြစ် အပျက်ကို ပြောသည်။ ငွေကြေးအတော်ကလေး စုမိဆောင်းမိလာသောအခါ အိမ်ပြန် ရန်စဉ်းစားလာသည်။ သို့ပေမယ့် ထိုအလုပ်ကို စွန့်လွှတ်ရန် သူမအတွက် ခက်ခဲနေသည်။ ငွေကြေးအတွက်သာမက စိတ်ဆန္ဒကိုထိန်းချုပ်နိုင်ရန် ခက်ခဲခဲ့ကြောင်း သူမက ဆိုသည်။

အပိုဆုပေးသည့် လောကဓံ

၂ဝ၁၃ ခုနှစ်တွင် ကျန်းမာရေးချို့ယွင်းလာသောကြောင့် မိခင်ဖြစ်သူက သူမအား လာရောက်ခေါ်ဆောင်ခဲ့သည်။ မိတ်ဆွေတချို့၏ အကြံပေးခြင်းကြောင့် သွေးစစ်ခဲ့ရာမှ HIV ပိုး တွေ့ရှိခဲ့သည်။ HIV ရောဂါပိုးရှိမှန်း သူမသိခဲ့ပြီးနောက် ထိုအလုပ်ကို စွန့်ကာ မိခင်ဖြစ်သူနှင့်အိမ်ကိုပြန်လိုက်ခဲ့သည်။ သို့သော်လည်း မောင်နှမများက သူမကို ချစ်ကြသည်။ အားပေးစကားပြောကြသည်။ ရောဂါပိုးရှိ လူနာကိုပြုစုရာမှ သူ့သွေးနှင့် မတော်တဆထိခိုက်မိရာမှ ကူးစက်ခဲ့သည်ဟု မိသားစုများကို လိမ်ညာခဲ့ကြောင်း သူမက ဘေးတွင် အင်တာဗျူးကိုထိုင်နားထောင်နေသည့် မိခင်အားဖက်ကာ ရှိုက်ငိုရင်း ပြောသည်။ ဟန်မဆောင်နိုင်အောင် ရင်ဘတ်ကိုထုကာ ငိုယိုနေသည့် မနွယ်၏မိခင်က သမီးဖြစ်သူအားမငယ်အောင် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ အားပေးစကားပြောနေသည့် အဖြစ်အပျက်က မိခင်တိုင်း၏ သားသမီး ပေါ်ကြီးမားလွန်းသည့် မေတ္တာကို ပိုမိုနားလည်ခံစားမိသည်။

ရွာပြန်ရောက်ပြီး ငါးလအကြာတွင် ရောဂါပိုဆိုးလာသဖြင့် လယ်၊ ခြံမြေများကို ရောင်းချခဲ့ပြီး ရန်ကုန်၊ ရွှေပြည်သာမြို့နယ်သို့ မိသားစုများ နှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ”HIV ရောဂါဖြစ်တာ ဝမ်းမနည်းဘူး။ ဖြစ်ထိုက်တယ်လေ။ ကိုယ့် မိသားစုအဆင်ပြေဖို့ ကိုယ်ကောင်းစားဖို့ သူများအိမ်ထောင်ကို ဖြိုခွဲခဲ့ တာလေ။ ကျွန်မ ကံကြီးထိုက်တာတန်ပါတယ်။ ဒါပေမယ့်အပြစ်မရှိ ဘာ မှန်းမသိဘဲ ကျွန်မပို့သမျှ ပိုက်ဆံကို ရိုးရိုးသားသား ရှာဖွေတယ်လို့သိပြီး စားသောက်ခဲ့တဲ့ ကျွန်မ မောင်နှမနဲ့အမေကိုတော့ ကံကြီးမထိုက်စေ ချင်ပါဘူးရှင်”ဟု သူမက ရှိုက်ငိုရင်း ပြောသည်။ နွယ်ပြောပြချက်အရ ၎င်း၏ညီမနှစ်ဦးတွင် တစ်ဦးမှာ ကလေးနှစ် ယောက်နှင့် တစ်ခုလပ်ဖြစ်ပြီး၊ နောက်တစ်ဦးက ကလေးမရနိုင်ပေ။ မောင်အငယ်ဆုံးဖြစ်သူက ၂ဝ၁၂ ခုနှစ်တွင် ပြင်းထန်စွာဖျားနာပြီး သေ ဆုံးသွားခဲ့သည်ဟု သိရသည်။ ပြန်မသွားချင်တော့သည့်အတိတ်ကို ခေတ္တပြန်ရောက်သွားသလို ဖြစ်သည့် သူမ၏ မျက်နှာက မှုန်မှုန်မှိုင်းမှိုင်း။

နောင်တဟူသည်

ထိုအလုပ်ကို ကျောခိုင်းခဲ့ချိန်တွင် နှစ်ပေါင်းများစွာ မှားခဲ့သည့် သူ့အမှားတွေအတွက် ပြန်လည်ပေးဆပ်ရန် စဉ်းစားခဲ့သည်။ ပြည့်တန်ဆာ လုပ်ရင်း စုဆောင်းသည့်ငွေများဖြင့်အိမ်ဝယ်၊ မြေဝယ်ရင်းနှီးလုပ်ကိုင်ရင်း သူ့တွင် ငွေအမြောက်အမြားရှိလာခဲ့သည်။ ထို့ကြောင့် ဆယ့်လေးနှစ်ကျော် ရှာဖွေစုဆောင်းခဲ့သည်များကို ထုခွဲရောင်းချကာ မိဘမဲ့ကျောင်းများ၊ ဘုရားများ၊ ဘုန်းကြီးကျောင်းများ၊ ဆင်းရဲနွမ်းပါးသူများကို သူ လှူဒါန်းခဲ့ သည်။ လက်ရှိအချိန်တွင် သူလှူဒါန်းခဲ့သည့် ငွေကြေးပမာဏက ကျပ်သိန်း ၈ဝဝ ကျော်ရှိခဲ့ပြီဟု သူက ပြောသည်။

”၁၄ နှစ်လောက် လုပ်လာခဲ့တယ်။ မြေတွေ၊ အိမ်တွေ၊ ကားတွေ ပိုင်ဆိုင်လာတယ်။ အဲဒီပိုင်ဆိုင်မှုတွေအထဲမှာ မိန်းမဘယ်နှယောက်ရဲ့ မျက်ရည်တွေပါနေမလဲ၊ မိသားစုဘယ်နှစုပြိုကွဲနေမလဲ၊ ကလေးတွေ မိကွဲဖကွဲ ဘယ်လောက်ဖြစ်သွားသလဲ အခုပြန်တွေးရင် ကျွန်မကိုယ် ကျွန်မ မုန်းတီးရွံရှာတယ်”ဟု မနွယ်က ရင်ဘတ်ကို ဖိကာပြောသည်။ အင်တာဗျူးနေချိန်တွင် သူမ မိခင်၏ရှိုက်သံ၊ သူမ၏ ရှိုက်သံမှတစ်ပါး တစ်အိမ်လုံး တိတ်ဆိတ်လျက်ရှိ သည်။ မိသားစုများအားလုံး ခေါင်းငုံ့ကာ တစ်စုံတစ်ခုပြောရန် အားယူသော်လည်း အသံက တိတ်ဆိတ်လို့နေသည်။

ယခု မနွယ်၏ အသက် ၃၉ နှစ် ရှိပြီ။ ယခင်နှစ်က အိမ်အလုပ်များ ဝိုင်းကူလုပ်နိုင်သေးသော်လည်း ယခုနှစ်တွင် အင်အားများ သိသိသာ သာကျဆင်းလာသောကြောင့် ယခင်ကလို မကူညီနိုင်သည့်အပြင် အပြင်သို့ သွားပါက အဖော်တစ်ယောက်ယောက်ပါမှသာ သူမ သွားနိုင်တော့ သည်။လိင်အလုပ်ဖြင့် ရှာဖွေ၍ရသော ဥစ္စာများကို အကုန်လုံး လှူဒါန်းရန် ဘုရားတွင်တိုင်တည်သည့် ကတိအတိုင်း သူမလှူဒါန်းပြီး ဖြစ်သလို ကျန် တချို့ကိုလည်း သူမ မသေဆုံးခင် အားလုံးလှူဒါန်းသွားမည်ဟု ဆိုလာ သည်။ လက်ရှိ မိသားစုနေထိုင်သည့်အိမ်သည် လိင်အလုပ်မှရရှိသော အကျိုး တစ်ပြားတစ်ချပ်မှမပါဘဲ မိဘပိုင်လယ်မြေများအားလုံးကို ရောင်း ချပြီး ဝယ်ထားသောအိမ်ဖြစ်သည်။

တစ်ချိန်က ပန်းကလေးတစ်ပွင့်လို လှခဲ့သောသူသည် လက်ရှိ တွင်တော့ ဘာသာတရား၏ အဆုံးအမအောက်တွင် အေးချမ်းစွာ၊ ငြိမ် သက်စွာနေထိုင်ရင်း ဘဝ၏ နေ့ရက်များကို တည်ငြိမ်စွာ ဖြတ်သန်း နေပြီဖြစ်သည်။ သေမင်းက ခြိမ်းခြောက်ထားသည့် ရောဂါရနေသော် လည်း သူတုန်လှုပ်ခြင်းအလျဉ်းမရှိ။ တစ်ချိန်က အမှားများအတွက် တတ် နိုင်သလောက် ပြန်လည်ပေးဆပ်ရင်း နေ့ရက်တစ်ရက်ချင်းစီတိုင်းကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနေသောသူ့တွင် နောက်ဆုံးဆန္ဒဆိုသည်လည်း မရှိတော့။

”အစ်မက မကြာခင်သေရမယ့်လူပါ။ ဆေးဘယ်လောက် ကောင်း ကောင်း ဒီရောဂါက သေမယ့်ရောဂါပါ။ မသေခင်လေး အဖြစ်ချင်ဆုံး ဆန္ဒဆိုတာ မရှိတော့ပါဘူး။ သေချာတာတစ်ခုက အစ်မနဲ့ တစ်စိတ် တစ်ပိုင်း ပတ်သက်ပြီး အစ်မကြောင့် ကွဲကွာခဲ့ရတဲ့ မိသားစုတွေ အားလုံး ကို လက်အုပ်ချီပြီး တောင်းပန်ခဲ့ပါ တယ်။ အစ်မပြုတဲ့ကောင်းမှုတွေ အားလုံးအစ်မကြောင့် ကွဲကွာခဲ့ရတဲ့မိသားစုတွေ အားလုံး ကုသိုလ်ရပါ စေ” ဟု သူကဘုရားစင်ဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်ရင်း ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*