ပြင်လည်ပြင်ဆင်နေတဲ့ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ မှာ ထောင်ဒဏ် ၁ လ ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

ပြင်လည်ပြင်ဆင်နေတဲ့ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ မှာ ထောင်ဒဏ် ၁ လ ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
November 27, 2018 Asian Fame

5:08 pm
ပြင်လည်ပြင်ဆင်နေတဲ့ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ မှာ ထောင်ဒဏ် ၁ လ ထည့်သွင်းဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

001နေပြည်တော်၊ နိုဝင်ဘာ ၂၇

အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်ကို ဖောက်ဖျက်ရင် ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဒီကနေ့လွှတ်တော်မှာ တိုက်တွန်းဆွေးနွေးသွားပါတယ်။

ပြည်သူ့လွှတ်တော်က နေ ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ ကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်း နဲ့ပတ်သက်ပြီး ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးရာ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး က အထက်ပါအတိုင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ပြင်ဆင်တဲ့ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဘက်ကပေးပို့လာတဲ့ အတည်ပြုချက်များအပေါ် ဆွေးနွေးရာမှာ ပုဒ်မ ၄၆ နဲ့ပတ်သက်ပြီးဒေါ်ခင်မကြီးက ” ပုဒ်မ ၄၆ မှာဆိုလို့ရှိရင် ဖြစ်ပွားခဲ့တဲ့ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုတော်တော်များများမှာတွေ့ရှိရတာကတော့ အလုပ်ရှင်များက အလုပ်ပြန်လည်ခန့်ထားဖို့ရာဆုံးဖြတ်ချက်အပေါ်မှာ မလိုက်နာတဲ့အတွက် တရားစွဲဆိုရာမှာ ငွေဒဏ် ၁၀ သိန်းပဲချမှတ်ထားတဲ့အတွက် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှောက်မှာချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်ကို ဖောက်ဖျက်တက်ကြပါတယ်။ အထူးသဖြင့် အလုပ်ထုတ်ထားတဲ့ အလုပ်သမားများကို ပြန်လည်ခန့်ထားတဲ့ကိစ္စမှာ တွေ့ရများပါတယ်။ ဥပဒေရဲ့အားနည်းချက်ကိုဆုပ်ကိုင်ပြီးတော့ ဒဏ်ငွေ ၁၀ သိန်းကိုပဲဆောင်မယ်ဆိုပြီးတော့ ဒဏ်ငွေ ၁၀ သိန်းဆောင်ဖို့ကိုပဲအားထုတ်တက်ကြပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့အတည်ပြုချက်မှာပါတဲ့ ပုဒ်မ ၄၆ (က)(ခ)(ဂ)(ဃ)(င) ပါ ဒဏ်ငွေဟာလည်း အများဆုံး သိန်း ၃၀ ပဲဖြစ်နေတဲ့အတွက် ဒီဒဏ်ငွေကိုလည်းဆောင်ကြဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပြစ်မှုအနည်းအများအလိုက်ပြစ်ဒဏ်ကို တစ်လ အထိထောင်ဒဏ် နဲ့ ၃ သိန်းမှ ၁၀ သိန်းအထိငွေဒဏ်ကို ထည့်သွင်းပြဌာန်းလိုပါတယ် ။ ဒါမှထိရောက်သောပြစ်ဒဏ်ဖြစ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ပုဒ်မ ၄၆ နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဘက်က ပေးပို့လာတဲ့အတည်ပြုချက်ကိုကြည့်ရင် စာချုပ်ဖောက်ဖျက်သူ အလုပ်ရှင်/အလုပ်သမား မည်သူကိုမဆို အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ် တစ်ဆယ်သိန်း အထိငွေဒဏ်ချမှတ်ရမယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ဒီိအပေါ်မှာ တစ်လအထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်အနည်းဆုံးကျပ် ၃ သိန်းမှ အများဆုံး ၁၀ သိန်း ကျပ်အထိ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ချမှတ်ရယ်လို့ ဒေါ်ခင်မကြီးက ပြင်ဆင်ချင်တာလည်းဖြစ်ပါတယ်။

ဒေါ်ခင်မကြီးက ” ထောင်ဒဏ်၊ငွေဒဏ် ချမှတ်မယ်ဆိုတာ အလုပ်ရှင်/အလုပ်သမား ၂ ဦး ၂ဘက်စလုံးနဲ့ သက်ဆိုင်ပါတယ်။ အလုပ်ရှင်အတွက်လည်း တရားမျှတတဲ့ဥပဒေရဲ့ အကာအကွယ်ကိုရရှိမှာဖြစ်ပါတယ်။ အခုလိုထိရောက်တဲ့ပြစ်ဒဏ်များရှိမှသာ လက်ရှိအချိန်မှာအဖြစ်များပြီး ဖြေရှင်းရခက်ခဲနေတဲ့ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ ဆန္ဒပြမှုများကို တားဆီးကာကွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက အလုပ်သမားများအပေါ်မှာ လုပ်ခလစာသက်သာရုံသာမက မျှတတဲ့အလုပ်သမားအခွင့်အရေး များမပေးလိုတဲ့ ၀ိသမလောဘသားလုပ်ငန်းရှင်များရဲ့ ဘေးရန်က ကာကွယ်နိုင်ရန် ပြစ်မှုပြစ်ဒဏ်များမှာ ထောင်ဒဏ်ကိုထည့်သွင်းရေးဆွဲ သင့်ပါတယ်” လို့ ထပ်လောင်းဆိုသွားပါတယ်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတည်ပြုပေးပို့လာတဲ့ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်လို့ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အကြား သဘောထားကွဲလွဲတဲ့အချက်တွေရှိနေပါတယ်။

အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းသတ်မှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်ကိုယ်စားလှယ်တွေ အလုပ်ရှင်တွေတစ်ဘက် အလုပ်သမားကိုယ်စားလှယ်တွေ အလုပ်သမားတွေ တစ်ဘက် အငြင်းပွားလာကြတာ အဆိုပါ ဥပဒေကို စတင်ပြဌာန်းစဉ် ၂၀၁၂ အစောပိုင်းကာလကတည်းကနေ ဒီကနေ့အထိပဲဖြစ်ပါတယ်။

အလုပ်ရှင်တွေဘက်က ထောင်ဒဏ်ထည့်သွင်းရေးကို မလိုလားသလို ၊ အလုပ်သမားတွေဘက်ကလည်း ထောင်ဒဏ်ထည့်သွင်းသတ်မှတ်ရေးကို လိုလားခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အလုပ်ရှင်တစ်ဦးပြိုလဲရင် အလုပ်သမားများစွာ အလုပ်လက်မဲ့ဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းရေးကိစ္စဟာ မဖြစ်မြောက်ခဲ့ပါဘူး။ ငွေ ဒဏ် ဆိုတဲ့ပြစ်ဒဏ်ပဲ ဥပဒေမှာပါဝင်ခဲ့ရပါတယ်။ စတင်ပြဌာန်းစဉ်က ကျပ်တစ်သိန်း အနည်းဆုံးလို့ သတ်မှတ်ခဲ့ပြီး ပထမအကြိမ်ပြန်လည်ပြင်ဆင်ချိန်မှာ အနည်းဆုံးကျပ် ၁၀ သိန်း လို့ ပြင်ဆင်ခဲ့ကြပါတယ်။

ဒီနောက်ဆက်တွဲအနေနဲ့ စာချုပ်ဖောက်ဖျက်မှုတွေ၊ သက်ဆိုင်ရာ ကောင်စီ၊ ဖျန်ဖြေရးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာမှုတွေ များစွာဖြစ်ပွားခဲ့သလို ငွေဒဏ် ၁၀ သိန်းပေးဆောင်မှုတွေလည်းများစွာရှိခဲ့ပါတယ်။ ဒီအတွက် အလုပ်သမားတွေဘက်က မကျေနပ်မှုတွေပေါက်ဖွားလို့ အလုပ်သမား/အလုပ်ရှင်အငြင်းပွားမှုတွေ ဆန္ဒပြသပိတ်မှောက်မှုတွေ များစွာဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပထမအကြိမ်ပြင်ဆင်တုန်းကလည်း အဆိုပါ ထောင်ဒဏ်/ငွေဒဏ်ကိစ္စနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ရပါသေးတယ်။

ဒီကနေ့အမျိုးသားလွှတ်တော်မှာ အဆိုပါ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးမှာ ၂ ဦးဆွေးနွေးသွားခဲ့ပြီဖြစ်ပါတယ်။ ကျန်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မနက်ဖြန် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*