တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်မှာ အားလုံးသဘောတူလက်ခံနိုင်မှ ပြည်ထောင်စုသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ UNFC တိုက်တွန်း

တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်မှာ အားလုံးသဘောတူလက်ခံနိုင်မှ ပြည်ထောင်စုသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ UNFC တိုက်တွန်း
June 30, 2017 Asian Fame

11:15 am
တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်မှာ အားလုံးသဘောတူလက်ခံနိုင်မှ ပြည်ထောင်စုသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့ UNFC တိုက်တွန်း

ချင်းမိုင် ၊ ဇွန် ၂၉

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်မှာ အကျေအလည်ဆွေးနွေးရေးတို့ကို အားလုံးသဘောတူလက်ခံနိုင်တဲ့အခြေအနေရောက်မှ ပြည်ထောင်စုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ NCA လက်မှတ်မထိုးတိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ပါတဲ့ UNFC က အစိုးရကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်။

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ်မြောက်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီညီလာခံမှာ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်KIA ၊ ၀အမျိုးသားအစည်းအရုံး WNO တို့ကိစ္စကိုလည်းဆွေးနွေးခဲ့ပြီး သူတို့ကို နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ပြန်လည်သုံးသပ်ရာမှာ နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့ NCA စာချုပ်ပါအချက်တွေ ၊ သဘောထားများနဲ့ ကတိက၀တ်များအပေါ်လိုက်နာမှုအားနည်းနေတာ /ပျက်ကွက်နေတာတွေကို တွေ့ရှိရတယ်လို့ UNFC က ဝေဖန်ထားပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုတွေကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်တာ၊ ကဏ္ဍအလိုက်ဆွေးနွေးပွဲတွေမှာ အချိန်လုံလောက်စွာမရရှိတာကြောင့် မူဝါဒဆိုင်ရာကိစ္စရပ်တွေကို ကျေကျေလည်လည်မဆွေးနွေးနိုင်တာ ၊ ၂၁ ပင်လုံဒုတိယအစည်းအဝေးကျင်းပမှုမှာအားနည်းချက်တွေရှိနေတာ တွေကို ကိုလည်း ဝေဖန်ထားပါတယ်။

ဒါ့အပြင်ရရှိလာခဲ့ ညီလာခံရလာဒ်တွေဟာ အားလုံးကိုယ်စားပြုလွှမ်းခြုံတာမရှိကြောင်း ၊ ဆွေးနွေးပွဲအဆင့်ဆင့်မှာလည်း အစုအဖွဲ့တွေကြား ဆွေးနွေးရာမှာ တန်းတူညီမျှမှုမရှိကြောင်း ၊ ညီလာခံကျင်းပပုံနဲ့ ဆုံးဖြတ်ချက်ချပုံနည်းလမ်းများရှင်းလင်းမှုမရှိကြောင်း ကိုလည်း UNFC ကဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးKNUရဲ့ အစည်းအဝေး ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကလည်း အလားတူ သုံးသပ်ချက်တွေ ထုတ်ပြန်ထားဖူးပါတယ်။UNFC မှာဆိုရင် လက်ရှိ မွန်ပြည်သစ်ပါတီ က နိုင်ဟံသာက ဥက္ကဌ အဖြစ် တာဝန်ယူလိုက်ပြီး ဒုတိယဥက္ကဌ အဖြစ် ရခိုင်အမျိုးသားကောင်စီANC က ဒေါက်တာခင်မောင်က တာဝန်ယူလိုက်ပါတယ်။KIA ၊ WNO တို့နှုတ်ထွက်သွားတဲ့အတွက် အခု UNFC မှာဆိုရင် NMSP ၊ KNPP ၊ LDU ၊ SSPP ၊ ANC တို့ရှိနေပါတယ်။

UNFC ဟာဆိုရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ဒါပေမဲ့ NCA စာချုပ်ကို လက်မှတ်ထိုးရေး /မထိုးရေးကတော့ UNFC က သူ့ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားခြင်းမရှိပါဘူး။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*