“အထည်ချုပ် ကဏ္ဍ အနေနဲ့ အလုပ်အကိုင် တွေကို ဖန်တီးတာ သက်သက် မဟုတ်ဘဲ အလုပ်သမားတွေအတွက်ရေရှည် အကျိုးရှိမယ့် မျှတတဲ့ အခကြေးငွေ ရရှိတဲ့ အလုပ်မျိုး ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်…..”

“အထည်ချုပ် ကဏ္ဍ အနေနဲ့ အလုပ်အကိုင် တွေကို ဖန်တီးတာ သက်သက် မဟုတ်ဘဲ အလုပ်သမားတွေအတွက်ရေရှည် အကျိုးရှိမယ့် မျှတတဲ့ အခကြေးငွေ ရရှိတဲ့ အလုပ်မျိုး ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်…..”
June 8, 2017 Asian Fame

5:27 pm
“အထည်ချုပ် ကဏ္ဍ အနေနဲ့ အလုပ်အကိုင် တွေကို ဖန်တီးတာ သက်သက် မဟုတ်ဘဲ အလုပ်သမားတွေအတွက်ရေရှည် အကျိုးရှိမယ့် မျှတတဲ့ အခကြေးငွေ ရရှိတဲ့ အလုပ်မျိုး ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်…..”

Somo“မြန်မာ့အကျပ် အတည်း” ခေါင်းစဉ်နဲ့ ရေးသားပြုစုထားတဲ့ စစ်တမ်း တစ်စောင် (အစီရင်ခံစာတစ်စောင်) ဟာ ဆိုရင် မကြာခင် မှာ ထွက်ရှိ လာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အထည်ချုပ် လုပ်ငန်းခွင်တွေထဲမှာ အလုပ် လုပ်ကိုင်နေတဲ့ အထည်ချုပ် လုပ်သားတွေရဲ့ လက်တွေ့ကြုံတွေ့နေ ရတဲ့ အခြေအနေတွေကို ဒီအစီရင်ခံစာ မှာအဓိက ဖော်ပြထားသလို ဘယ်လို ဆောင်ရွက်သင့်တယ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံ ရမှုတွေ အတွက် ဘယ်လို ကိုင်တွယ်သင့်တယ် ဆိုတာတွေကိုလည်း အကြံပြုထားပါတယ်။

ပြီးတော့ “မြန်မာနိုင်ငံ အလုပ်သမားတွေ အတွက် အထည်ချုပ် လုပ်ငန်းက ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ပေးနိုင်မှာလား…” ဆို တဲ့မေးခွန်း တစ်ခုကိုလည်း ဒီအစီရင်ခံစာထဲမှာ ထည့်သွင်းမေးမြန်းထားပါတယ်။

ဒီအစီရင်ခံစာကို နယ်သာလန်နိုင်ငံ အခြေစိုက် “နိုင်ငံတကာ စီးပွားရေးလုပ်ငန်း များအပေါ် သုတေသနပြုမှု စင်တာ-ဆိုမို SOMO”၊  မြန်မာပြည်အခြေစိုက် “အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူများအဖွဲ့ ALR” နဲ့ “အလုပ်သမား အခွင့်အရေး ကာကွယ်မြင့်တင် သူများအဖွဲ့ LRDP ” စတဲ့ အဖွဲ့သုံးဖွဲ့က ပူးပေါင်း စစ်တမ်း ကောက်ယူ ရေးသားထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ အထည်ချုပ်စက်ရုံ ၁၂ ရုံက အလုပ်သမား ၄၀၀ ကျော်ကို မေးမြန်းပြုစုရေးသား အကြံပြု တင်ပြထားတဲ့ ဒီအစီရင် ခံစာ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍ ထဲက လုပ်သားတွေ ၊ အနည်းဆုံးအခကြေးငွေ ကိစ္စတွေ အပေါ် SOMO အနေနဲ့ ဘယ်လို တိုက်တွန်း အကြံပြုတာတွေရှိမလဲ….။

ဒါတွေကိုသိရဖို့ SOMO အဖွဲ့ရဲ့ Senior Researcher ဖြစ်သူ PAULINE OVEREEN ကို Popular News က တွေ့ဆုံမေးမြန်း ထားပါတယ်…။

(မေး) အထည်ချုပ် လုပ်ငန်းကဏ္ဍဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးလုပ်ငန်း လို့သိရပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး SOMO နဲ့ အလုပ်သမား အခွင့်အရေးအဖွဲ့ ၂ ဖွဲ့ပေါင်းပြီး အစီရင်ခံစာ တစ်ခု ထုတ်ပြန် ထားတာတွေ့ ရပါတယ်။ ဒီစစ်တမ်းက အစိုးရ တာဝန်ရှိသူတွေ လက်ထဲရောက်လား။ ဘယ်လို အကြောင်းထူးပါသလဲ။

(ဖြေ)=လာလောဆယ်တော့ ဒီအစီရင်ခံစာက အင်္ဂလိပ်လိုထုတ်ပြီးသွားပြီ။ မြန်မာလိုဘာသာပြန်နေတုန်းပဲရှိပါသေးတယ်။ အားလုံးပြီး သွားရင်တော့ သုံးဖွဲ့ညှိပြီး အလုပ်သမားဝန်ကြီးဌာနကိုပေးပို့သွားမှာဖြစ်ပါတယ်။ ပြီးရင် နောက်ထပ်ဘယ်သူ့ဆီကိုပို့ရမယ်ဆိုတာ တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ။

(မေး)=အစိုးရနဲ့ ပတ်သတ်ပြီး တစ်ခုမေးချင်ပါတယ်။ SOMO ရဲ့ အစီရင်ခံစာထဲမှာ လက်ရှိအလုပ်သမားဝန်ကြီးဟာ ယခင် အစိုးရ လက်ထက်က လူဟောင်း၊ ဒါ့အပြင် အောက်ခြေက ညွှန်ချုပ် စတဲ့ ၀န်ထမ်းတွေကလည် ဟူဟောင်းတွေဖြစ် တယ်လို့ ဖော်ပြ ထားတာတွေ့ရပါတယ်။ ဒီအချက်ကိုဘယ်လိုအကြောင်းကြောင့်ထည့်သွင်းထားတာလဲခင်ဗျ။

(ဖြေ)=မြန်မာနိုင်ငံဟာ ဆိုရင် အခု အကူးအပြောင်းကာလပေါ့နော်။ အစိုးရသစ်လက်ထက်မှာ စီးပွားရေးတွေ ပိုပြီးပွင့်လန်း လာတယ် လို့လဲ သိရတယ်။ အဲ့ဒီမှာ လူဟောင်းတွေ ရှိနေတာက အရင်အဟောင်း နဲ့အသစ်နဲ့ တစ်အားကြီး အဆက်မပြတ် သွား ဘူးပေါ့နော်။ အရင်က လုပ်ခဲ့တဲ့ အုပ်ချုပ်ရေးယန္ဒရားကို ဆက်လက် သယ်ဆောင်သွားလို့ရတယ်။ ဒါပေမဲံ့ တစ်ဖက်မှာဖြစ်နေတဲ့ စိန်ခေါ်မှု တစ်ခုက အခု အစိုးရသစ်က အလုပ်သမား ဥပဒေ အသစ်တွေနဲ့ လည်းကြုံတွေ့နေရတယ်။ CSO တွေကလည်း ပုံစံအသစ် နဲ့ဖြစ်နေပြီ။ တစ်ဖက်မှာလည်း ကုမ္ပဏီ အသစ်တွေ ၀င်လာပြီ။ အဲ့ဒီတော့ တစ်ဖက်မှာ ရှိနေတဲ့ အုပ်ချုပ်ရေး ယန္ဒရားမှာတော့ အရင်က အဟောင်း ပဲဖြစ်နေသေးတယ် ပေါ့နော်။ ဒီတော့ အားသာချက်တွေ ရှိသလို တစ်ဖက်မှာလည်း စိန်ခေါ်မှုတွေရှိနေတယ်။ အလုပ်သမား စစ်ဆေးရေး တာဝန်ရှိသူတွေ ဆိုရင်လည်း အရင်အစိုးရ လက်ထက်ကတည်းက လူတွေပေါ့နော်။ သူတို့ အနေနဲ့လည်း အခုဖြစ်ပေါ်လာတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးနိင်ဖို့ ဥပဒေ အသစ်တွေကို နားလည်နိုင်ဖို့ ပိုမိုဝိုင်းပြီးလေ့လာရမယ့် ကာလ လည်းဖြစ်ပါတယ်။ ဒါကိုထောက်ပြချင်တဲ့ အတွက် ဒီအချက်ကို ထည့်သွင်းထား တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်မတို့ တစ်ခြား အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံဆွေးနွေးတဲ့ အခါမှာလည်း အားလုံးက ဒီအချက်ကို ထောက်ခံကြပါတယ်။

(မေး)=အလုပ်သမား အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ဆောင်ရွက်နေတာ တစ်ခုကိုတွေ့ရပါတယ်။အဲ့ဒါက အလုပ် သမား အခွင့်အရေး ချိုးဖောက်တဲ့ စက်ရုံတွေ ၊ ကုမ္ပဏီတွေကို ဖောက်သည်တွေက ကုန်ပစ္စည်း ဆက်လက်မမှာတဲ့ ပုံစံနဲ့ အရေး ယူ တဲ့ပုံစံဖြစ်ပါတယ်။ အဲ့နည်း စနစ်ကရော လက်ရှိ ဘယ်လောက် အသက်ဝင်နေပြီလို့ သုံးသပ်ပါသလဲ။ ဒီပုံစံက တစ်ကယ်ရော အလုပ်ဖြ စ်ရဲ့လား။ အကျိုး ရလာဒ်ဘယ်လောက်ရှိနေပြီလို့သုံးသပ်ပါသလဲ။

(ဖြေ)=မြန်မာနိုင်ငံကိုအထည်ချုပ်ပေးတဲ့ ကိုရိးယားစက်ရုံတို့ ဂျပန်စက်ရုံတို့ ထိုင်ဝမ် အထည်ချုပ်စက်ရုံတော့ ၀င်လာခဲ့မယ်ပေါ့ … ပြီးတော့ Brand တွေ အနေနဲ့ ဒီစက်ရုံတွေကနေ အထည်မှာမယ် အထည် ထုတ်လုပ်ခိုင်းမယ် ဆိုလို့ရှိရင် ဒီBrand တွေ အနေနဲ့ အခွင့်အရေး လိုက်နာမှုရှိ/မရှိ Right တွေ လိုက်နာမှုရှိ/မရှိ ဆိုတာကို ပထမဦးဆုံးအနေနဲ့ လေ့လာ သင့်တယ်။ဥပမာ ဒီကစက်ရုံတွေမှာ အထည်လာ ထုတ်လုပ်နေတဲ့ Brand တွေရှိတယ်။ ဆိုကြပါစို့.. သူတို့ကို အထည်ထုတ်လုပ်ပေးနေတဲ့ စက်ရုံတွေမှာ အလုပ် သမား အငြင်းပွားမှုတွေ ဖြစ်လာခဲ့မယ်ဆိုပါစို့။ စက်ရုံတွေမှာ ဖောက်သည်တွေ ရှိတယ်။ ဒီဖောက်သည်တွေက ဒါတွေကို ဖြေရှင်း မပေးဘဲနဲ့ အထည် ၀ယ်တာကို ရပ်လိုက်တာပဲရှိတယ်။ ဒီနည်းလမ်းကို SOMO ကတော့ လုံးဝ အားမပေးဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက်
အထည် ထုတ်လုပ်ပေးနေတဲ့ဒီစက်ရုံမှာ ပြဿနာဖြစ်လာရင် Brand မှာအဓိက တာဝန်ရှိတယ်။ ကျွန်မတို့ သုတေသန လုပ်ခဲ့ဖူးတဲ့ နိုင်ငံတွေ မှာလည်း ဒီလိုအခြေအနေတွေ တွေ့ခဲ့ရဖူးတယ်။ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ ပြီးတော့ Brand တွေ အနေနဲ့ အထည်တွေ ကို ဈေးနှုန်း သက်သက်သာသာ နဲ့ ဇွတ်အတင်း တောင်းဆိုတာတွေ မလုပ်ရဘူး။ သင့်တော်တဲ့ ဈေးနှုန်းပေးရမယ်။ ပြီးတော့ စက်ရုံ အလုပ်သမားတွေ ကိုလည်း လုပ်နိုင်တဲ့ အတိုင်းအတာ အထိပဲ လုပ်ခိုင်းဖို့ ။ အလွန်အကျွံကြီးချမှတ်မထားဖို့ဆိုတာကိုလည်း အထည်မှာတဲ့ အချိန် စက်ရုံနဲ့ Brand နဲ့ စာချုပ်ချုပ်ကတည်းက ချမှတ်ထားရမယ်။ အလုပ်သမားတွေရဲ့ ခံစားခွင့် အလုပ်ချိန် ဒါတွေကို လည်း သင့်တင့်မျှတအောင် ရှိဖို့ Brand အနေနဲ့ စက်ရုံနဲ့ ဆောင်ရွက်ထားရမယ်။

(မေး)=ထုတ်ပြန်ဖူးတဲ့ အစီရင်စီမှာ အနောက်နိုင်ငံသားအ၀ယ်ကုမ္ပဏီတွေကမြန်မာနိုင်ငံကနေ အော်ဒါမှာယူမှုတွေ တစ်ဟုန် ထိုး များပြား လာနေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းရှင်တွေ ကတော့ မြန်မာနိုင်ငံရဲ့ အခွန် အကောက်တွေကြောင့် အော်ဒါ နည်းတယ်ပြောတယ်။ အဲ့နှစ်ခုကဘယ်လိုဖြစ်လို့ ကွာ ဟနေတာပါလဲ။

(ဖြေ)=ကျွန်မတို့ သုတေသန လုပ်ခဲ့ဖူးသလောက် ပြီးခဲ့တဲ့ နှစ်အနည်းငယ် ကနေ အခုအချိန်ထိ အထည်ချုပ်ကဏ္ဍမှာ ကိန်းဂဏန်းတွေ ပိုပိုပြီးတော့ တိုးလာတယ် ဆိုတာကိုပဲတွေ့ရတယ်။ နိုင်ငံခြားbrand တွေကနေ မှာယူမှုတွေ တစ်နှစ်ထက် တစ်နှစ်ပိုများလာတယ်။ ဒီတော့ ထုတ်လုပ်မှုကလည်းပိုပိုပြီးတော့များလာတယ်။ Export ဆိုတာလည်း ပိုပိုပြီးတော့ များလာတာကိုတွေ့ရတယ်။ တစ်ခါတစ်လေ ထုတ်လုပ်မှုက တက်သွားတာ ရှိမယ်။ မသိမသာလေးကျသွားတာရှိမယ်။ ခြုံပြီးပြောရရင်တော့ အထည်ချုပ် ကဏ္ဍ တစ်ခုလုံးမှာ အော်ဒါ မှာယူမှု ထုတ်လုပ်မှု တို့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတာ ကိုတွေ့ရတယ်။ ၂၀၁၄-၁၅ ဆို အထည်ချုပ် လုပ်ငန်းရှင်များ အသင်းကနေ အချက်အလက်တွေ ရထားတယ်။ ၂၀၂၄မှာ အထည်ချုပ်ကဏ္ဍကနေ အလုပ်အကိုင် အရေအတွက် ၁.၅ သန်းထိ တိုးတက်လာ လိမ့်မယ်လို့ သူတို့ခန့်မှန်းထားတယ်။

(မေး)=လက်ရှိတစ်ရက်လုပ်ခ ၃၆၀၀ ကနည်းတယ်လို့ ပြောပါတယ်။ အခု ခေတ်ကာလအခြေအနေနဲ့ အထည်ချုပ် လုပ်သားတွေ အတွက် တစ်ရက်လုပ်ခ ဘယ်လောက်ဖြစ်သင့်တယ်လို့ SOMO အနေနဲ့ ထင်ပါတယ်။

(ဖြေ)=ဒီသုတေသနကို လုပ်ဖို့အတွက် အလုပ်သမား ၄၀၃ ဦး ကိုအင်တာဗျူး လုပ်ခဲ့တယ်။ ဒီထဲမှာအများစုပြောကြားချက်ကတော့ ဒီလက်ရှိ ၃၆၀၀ ဟာ သူတို့အနေနဲ့ မလုံလောက်ဘူး။ လုံးဝအဆင်မပြေဘူး လို့ပြောကြတယ်။ သူတို့အနေနဲ့ ဒီလို လစာနဲ့ မလုံလောက်တဲ့ အတွက် အချိန်ပိုတွေ အများကြီးလုပ်ရတယ်။ အကြွေးတွေရှိတယ်။ ၀င်ငွေမလုံလောက်တဲ့ အတွက် အသုံး စရိတ်တွေ ကိုလျော့ချ ရတယ်လို့ ပြောတယ်။ သမဂ္ဂတွေ နဲ့ဆွေးနွေးကြည့်တဲ့ အခါမှာလည်း လုံးဝ မလုံလောက်ဘူး ဆိုတာတွေ့ရတယ်။ SOMO အနေနဲ့ကတော့ ဒီ ၃၆၀၀ ထက် တိုးသင့်တယ် ဆိုတာကို လိုက်လိုက်လှဲလှဲ ထောက်ခံတယ်။ ဘယ်လောက်ရှိသင့်တယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ Brand တွေ အ၀ယ်ကုမ္ပဏီတွေရဲ့လွှမ်းမိုးမှု ကလည်း စက်ရုံတွေအပေါ်မှာ အတော်လေးများတယ်။ ဘာလို့လဲ ဆိုတော့ အထည်တစ်ထည်ရဲ့ဈေးနှုန်း ကိုဆုံးဖြတ်တာ Brand ကပဲံဆုံးဖြတ်တာ။ ဒါကြောင့် ဒီအနည်းဆုံး အခကြေးငွေကို စဉ်းစားဆုံးဖြတ်တဲ့ အခါမှာ ဒီ Brand တွေရဲ့လွှမ်းမိုးမှုအားကို လည်းထည့်သွင်းစဉ်းစားသင့်တယ်။

(မေး)=အလုပ်ရှင် တစ်ယောက်ပြိုလဲရင် လုပ်သားပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်လိမ့်မယ်ဆိုပြီး အစိုးရအနေ နဲ့စိုးရိမ် ပါတယ်။ ဒါကြောင့် လည်းတစ်ခုခု ဆိုရင် ညှာတာ ဆုံးဖြတ်ခဲ့တာကိုတွေ့ရပါတယ်။ ဒီအပေါ်မှာ SOMO အနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

(ဖြေ)=အလုပ်အကိုင်ကို ဖန်တီးပေးရမှာမှန်တယ်။ ဒါပေမဲ့ အလုပ်သမားတွေ အတွက် အကျိုးရှိစေဖို့ ကောင်းမွန်သင့်လျော်တဲ့ လုပ်ခလစာ ရတဲ့အလုပ်အကိုင်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ SOMO အနေနဲ့တော့ ဘယ်ကုမ္ပဏီကိုမှ ဒေ၀ါလီခံသွားရတာမျိုး စီးပွားရေး ဆုံးရှုံးသွားတာ မျိုးမလိုချင်ဘူး။ သူတို့ဘက်ကိုလည်း အဆင်ပြေစေချင်တယ်။ ဒီဘက်ကိုလည်း အဆင်ပြေစေချင်ပါတယ်။ ကျွန်မ အနေနဲ့တော့ စီးပွားရေး ကျွမ်းကျင်သူမဟုတ်ဘူး။ ဒါပေမဲံ့အကြံပြုရမယ် ဆိုရင်တော့ Brand နဲ့ စက်ရုံအနေ နဲ့ သေသေချာချာဆွေးနွေးမှု ရှိသင့်တယ်။ အထည်တွေရဲ့ဈေးနှုန်းကို Brandကဆုံးဖြတ်တာ။ ဒီတော့ အထည်ဈေးနှုန်းကို ဘယ်လောက်၊ ပြီးတော့ အထည် ထုတ်လုပ်ချိန် ကနေ တင်ပို့တဲ့အချိန်အထိ အချိန်ဘယ်လောက်ပေးမလဲ။ အချိန်လုံလုံလောက်လောက်ရရင် အလုပ်သမားတွေအပေါ်မှာ ဖိအားမပိဘူး။ အချိန်လုံလုံလောက်လောက် မရဘဲနဲ့ အချိန် တစ်ပတ်နှစ်ပတ်အတွင်းမှာ အထည်ပေါင်းသောင်းပေါင်းထောင်ပေါင်း များစွာ ကိုချုပ် ခိုင်းရင် အလုပ်သမားတွေမှာ ဖိအားလာပိတယ်။ ဒါတွေကို သေသေချာချာဆွေးနွေးထားရမယ်။ ထိုက်သင့်တဲ့လုပ်ခလစာ အလုပ်သမားအခွင့်အရေးတွေ ခိုင်မာပေးသင့်တယ်ဆိုတာကို brand က စက်ရုံကို ခိုင်ခိုင်မာမာရှင်းပြထားရမယ်။

(မေး)=အလုပ်သမား ဥပဒေတွေ နဲ့ပတ်သတ်ပြီး မေးပါရစေ။ လွှတ်တော် ကနေ အလုပ်သမား ဥပဒေတွေအားလုံးကို Review လုပ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး NLD အစိုးရရဲ့ အလုပ်သမား ဥပဒေတွေပြင် ဆင်ဆောင် ရွက်နေမှုတွေ အပေါ် ဘာများဝေဖန်လိုပါသလဲ။ ကောင်းမွန်လား။ မကောင်းမွန်ဘူးလား။ လိုအပ်ချက်တွေရော ရှိတယ်လို့ ထင်ပါသလား။ မထင်ဘူးလား။

(ဖြေ)=ဥပဒေတွေ ပြန်လည် သုံးသပ်တာတွေ ပြင်ဆင်တာတွေအပေါ် ထောက်ခံကြိုဆိုပါတယ်။ နိုင်ငံထဲမှာဆိုရင် ပြန်လည်ပြင်ဆင်ဖို့ သုံးသပ်ဖို့ လိုနေတဲ့ ဥပဒေတွေ အများကြီးရှိတယ်။ တစ်ခု သတိထားရမှာက တစ်ချို့သော အလုပ်သမား ဥပဒေတွေက ခိုင်မာကောင်းမွန် သင့်သလောက် ခိုင်မာတာ မရှိသေးဘူး။ အဲ့အချက်ကို လည်း ပွင့်ပွင့် လင်းလင်းဝေ ဖန်ထောက်ပြ မှုတွေပြုလုပ် သင့်တယ်။ နိုင်ငံတကာ နဲ့ချိန်ထိုးပြီးတော့ ပြည်တွင်းက အလုပ်သမားဥပဒေတွေ ကို ကောင်းမွန်လာအောင် ပြင် ဆင်ဆောင်ရွက် သင့်တယ်။

(မေး)=မြန်မာနိုင်ငံဟာဖွံ့ဖြိုး တိုးတက်မှု နည်းပါးတဲ့နိုင်ငံလို့ ဆိုကြတယ်။ အလားတူပဲ ။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတယ်။ ဒီတော့ အထည်ချုပ် လုပ်သားကဏ္ဍနဲ့ပတ်သတ်ပြီး အပြောင်းအလဲဖြစ်အောင် လက်ရှိ နိုင်ငံ့ အနေအထားနဲ့ ဘယ်လောက် အတိုင်း အတာ ထိ ဆောင်ရွက်နိုင်မလဲ။ ဘယ်လို ဆောင်ရွက်နိုင်မလဲ။ အကြံပြုပေးပါဦး။

(ဖြေ)=SOMO အနေနဲ့ သုတေသန လုပ်တယ် ဆိုတာ အလုပ်သမား အခွင့်အရေးနဲ့ လူ့အခွင့်အရေး ရှူထောင့်ကနေ ထောက်ပြတာပါ။ အစီရင်ခံစာ ထဲမှာလည်းပါပါတယ်။ ဖောက်သည်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ အထည်တွေ လာမထုတ်လုပ်ခင် မမှာခင် မြန်မာနိုင်ငံ မှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတို့ ၊ မြေပဋိပက္ခတို့ အားလုံးကို ဒါတွေကို ကြိုတင်လေ့လာ ဆန်းစစ်သင့်တယ်.။ ပြီးတော့ သူတို့ source လုပ်မယ့် စက်ရုံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေရှိ/ မရှိ လေ့လာ ဆန်းစစ်ဖို့ SOMO အနေနဲ့ တိုက်တွန်းတာဖြစ်ပါတယ်။ brand တွေ ဖောက်သည်တွေ အနေနဲ့လည်း ပိုပြီးတာဝန်ယူမှု တာဝန်ခံမှု ရှိလာမယ် လို့ မျှော်လင့်ပါတယ်။ ဖြစ်ချင်ရာဖြစ် ပြန်သွားမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။

(မေး)=SOMO ဟာ ဥရောပမှာရှိတဲ့ အမှတ်တံဆိပ်တွေ ၊ အထည်ကုမ္ပဏီတွေ ၊ လက်လီရောင်းချသူတွေ ကို မြန်မာနိုင်ငံ မှာဖြစ်ပွားနေ တဲ့ လုပ်သား အခွင့်အရေး ချိုးဖောက်ခံရမှု အပါအ၀င် ပြဿနာတွေကို တာဝန်ယူ ဖြေရှင်း ပေး ဖို့ တောင်း ဆိုနေပြီလို့ သိရပါတယ်။ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အခြေအနေ ပြောပြပေးပါဦး ၊ ရလာဒ် တစ်ခုခုရရှိနေပြီလား။

(ဖြေ)= ဒီ report အကြမ်းထွက်လာတုန်းက ဒါကို ဖောက်သည် ကုမ္ပဏီတွေကို ပို့ခဲ့တယ်။ ဒီအပေါ်မှာ တုန့်ပြန်မှု ဘယ်လိုလာလဲ ဆိုတာစောင့်ခဲ့တယ်။ ဒီ စစ်တမ်းကောက်ခဲ့တဲ့ စက်ရုံ ၁၂ ရုံလုံးကို လည်း ပြန်ပို့ပေးခဲ့တယ်။ ဒါပေမဲ့ စက်ရုံ ၁၂ ရုံထဲမှာ တစ်ရုံ ကပဲ ပြန်ပြီး တုန့်ပြန်မှုလာတယ်။ ကျန်တဲ့ ၁၁ ရုံကတော့ အခုထိတစ်စုံ တစ်ရာ ပြန်ပြီး မတုန့်ပြန်သေးဘူး။ ပြန်လာတဲ့ တုန့်ပြန်မှု ထဲမှာ ဥပမာ H&M ဆွီဒင်က ဖက်ရှင်Brand ပေါ့နော်။မြန်မာပြည်မှာရုံးရှိတာကြာပြီ။ နောက်တစ်ခုကကြတော့ C&A ပါ။ C&A ကတော့ဥရောပ Brand ပဲ ။ SOMO ရဲ့ report ထဲမှာမြန်မာနိုင်ငံမှာ အထည်ထုတ်လုပ်နေတဲ့ brand တွေ အနေနဲ့ ရုံးဖွင့်ပြီးတော့ မြန်မာနိုင်ငံ မှာဖြစ်နေတဲ့ အခြေ အနေတွေ ကိုသေချာလေ့လာသုံးသပ်သင့်တယ်လို့ အကြံပြုထားတယ်။ C&A ကအဲ့ဒါကို လက်ခံပြီးတော့ အခုမြန်မာနိုင်ငံ မှာရုံးဖွင့် ထားပါတယ်။ ဒါကတော့ ဒီသုံးဖွဲ့ကနေ ထွက်လာတဲ့ Report ရဲ့ တုန့်ပြန်မှု တစ်ခုပေါ့နော်။ Brand တွေ အနေနဲ့ မြန်မာနိုင်ငံကိုလာရင် သူတို့ ရဲ့အထည် အရည်အသွေးကိုပဲ ကြည့်ကြတာ များတယ်။ အလုပ်သမားတွေ ကြုံနေရတဲ့ အခြေအနေတွေကို ကြည့်တာနည်းတယ်။ ဒါကြောင့် သူတို့အနေနဲ့မြန်မာနိုင်ငံ CSR Person တစ်ယောက်ထားဖို့ SOMO က report ထဲမှာအကြံပြု ထားတယ်။

(မေး)=မြန်မာနိုင်ငံရဲ့အထည်ချုပ် လုပ်သားတွေနဲ့ပတ်သတ်ပြီး ရှေ့ဆက်လုပ်သွားမယ့် ကိစ္စတွေရှိသေးရင်ပြောပြပေးပါဦး။

(ဖြေ)=အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေစဲပဲ ပြောင်းလဲမှုတွေ သိပ်မတွေ့ရသေးဘူး ဆိုတာကိုလက်ခံပါတယ်။ အခု ဥပဒေတွေကို ပြန်လည်ပြင်ဆင်နေတာတွေ ရှိပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့လည်းတွေ့ဆုံဆွေးနွေးရပါမယ်။ အလုပ်သမား သမဂ္ဂတွေ ဆက်လက် တည်ရှိနေဖို့ အားကောင်းနေဖို့ လိုပါတယ်။ ဆက်လုပ်စရာတွေ ရှိပါတယ် ။ ALR ၊LRDP နဲ့ ၂၀၁၈ အကုန် အထိ ပေါင်းပြီးတော့ ဆက်လုပ်သွားမှာတွေရှိတယ်။ အထည်ချုပ် အလုပ်သမားတွေကို ထောက်ပံ့တာပဲဖြစ်ဖြစ်၊ ဆက်လုပ် သွားဖို့ရှိ ပါတယ်။ အခု အစီရင်ခံစာကို အင်္ဂလိပ်လို ထုတ်ပြီး သွားပြီပေါ့နော်။ မြန်မာ လိုဘာသာပြန် တာလဲ ပြီးတော့မယ် ပြီးသွား လို့ရှိ ရင်တော့ ပြင်ဆင် စရာလေးတွေ ပြင်ဆင်ပြီးလို့ ရှိရင် မြန်မာလိုကိုလည်း ထုတ်မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်ထဲကိုပို့မယ်။ အဓိက ရည်ရွယ်ချက်ကတော့ Brand တွေ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ အထည် လာထုတ်လုပ်မယ် အထည်တွေယူမယ် ဆိုလို့ရှိရင် တာဝန်ယူမှု တာဝန်ခံမှုရှိအောင်လှုံ့ဆော်သွားမယ် ။

(မေး)= ဖြည့်စွက်ပြောချင်တာများရှိပါသလား။

(ဖြေ)=မြန်မာနိုင်ငံက တစ်ခြားနိုင်ငံတွေထက် အခကြေးငွေမှာ အနည်းဆုံဖြစ်နေမယ် ဆိုရင်တော့ သေချာတယ် စီးပွားရေး လုပ်ငန်းတွေ ကတော့ ၀င်လာမှာပဲ။ ဘာလို့လဲဆိုတော့ လုပ်ခလစာက အချိုသာဆုံးအနည်းဆုံးဖြစ်နေတဲ့အတွက် စီးပွားရေး လုပ်ငန်း တွေက ၀င်လာမစဲ တသဲသဲဖြစ်နေမှာပဲ။ ဒါပေမဲ့ သူတို့ကပဲ အကျိုးအမြတ်ရရှိသွားမယ်။ အလုပ်မရဘူးလားဆိုရင်တော့ရမယ်။ ဒါပေမဲ့ မစို့မပို့ အခကြေးငွေနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။။ ဒါကြောင့်မြန်မာ အထည်ချုပ် ကဏ္ဍအနေနဲ့ အလုပ်အကိုင်တွေ ကိုဖန်တီးတာ သက်သက် မဟုတ်ဘဲ အလုပ်သမားတွေ အတွက်ရေရှည် အကျိုးရှိမယ့် မျှတတဲ့ အခကြေးငွေ ရရှိတဲ့ အလုပ် မျိုးဖြစ်အောင်ဆောင်ရွက်သင့်တယ်။

ရဲလွင် တွေ့ဆုံမေးမြန်းသည်…။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*