လက်နက်ကိုင်အဖွဲ့တွေကို ထပ်မံအကြောင်းကြားပြန်ပြီ…..ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားကိစ္စ……

လက်နက်ကိုင်အဖွဲ့တွေကို ထပ်မံအကြောင်းကြားပြန်ပြီ…..ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားကိစ္စ……
June 9, 2017 Asian Fame

5:06 pm
လက်နက်ကိုင်အဖွဲ့တွေကို ထပ်မံအကြောင်းကြားပြန်ပြီ…..ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားကိစ္စ……

c1

ကရင် ၊ ဇွန် ၉

လိုင်စင်မဲ့ကားကိစ္စနဲ့ မကြာခန ပြဿနာတက်နေတဲ့ ကရင်ပြည်နယ်အတွင်းမှာ လိုင်စင်မဲ့ကားတွေမြို့ပေါ်မှာ အသုံးမပြုဖို့ ပြောထားတဲ့ အသိပေးအကြောင်းကြားစာကို ပြည်နယ်အစိုးရအဖွဲ့ကနေ ပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထံကို ထပ်မံ ပေးပို့ထားပါတယ်။

ဆက်ဆံရေးတာဝန်ခံ(KNUဗဟိုနှင့်တပ်မဟာများဆက်ဆံရေးရုံး၊ ဘားအံမြို့) ၊ ဆက်ဆံရေးတာဝန်ခံ(KNU/KNLA ငြိမ်းချမ်းရေးကောင်စီဆက်ဆံရေးရုံး၊ ဘားအံမြို့) ၊ ဆက်ဆံရေးတာဝန်ခံ(DKBAကလိုထူးဘောတပ်ဖွဲ့၊ ဘားအံမြို့) ဆိုပြီး ဇွန်လ ၅ ရက်နေ့ရက်စွဲနဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ကို လိပ်မူပေးပို့ထားတဲ့ ဒီအကြောင်းကြားစာထဲမှာ ကရင်ပြည်နယ်အတွင်းမြို့နယ်အသီးသီးမှာ တရားမ၀င်လိုင်စင်မဲ့ ယာဉ်မျိုးစုံကို ဈေးပေါပေါနဲ့ ၀ယ်ယူပြီး လူတန်းစားအလွှာအသီးသီးမှာ သုံးစွဲနေတာ ဟာ လူထုအတွက် ကောင်းကျိုးဖြစ်ထွန်းမှုတွေရှိသလို တစ်ဖက်မှာလည်း ဒီလိုင်စင်မဲ့ယာဉ်တွေကိုအသုံးပြုပြီး ကျူးလွန်တဲ့ ဥပဒေချိုးဖောက်မှုဖြစ်စဉ်တွေ မကြာခနဖြစ်ပွားနေကြောင်း ၊ ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဘားအံမြို့ပေါ်မှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စနစ်တကျရှိစေဖို့ ရည်ရွယ်ပြီး ပညာပေးကာလသတ်မှတ်ဆောင်ရွက်ခြင်း ၊ ပညာပေးကာလလွန်မြောက်ပြီးချိန်မှာတော့ လိုင်စင်မဲ့ယာဉ်တွေ ၊ စည်းကမ်းချိုးဖောက်သူတွေကို စစ်ဆေးအရေးယူတာတွေ ဆောင်ရွက်နေကြောင်း ထည့်သွင်းရေးသားထားပါတယ်။

c2

တရားမ၀င်လိုင်စင်မဲ့ယာဉ်တွေနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သာသနာရေးဆိုင်ရာဘုန်းတော်ကြီးတွေ ၊ သာသနာရေးအသင်းအဖွဲ့ခေါင်းစဉ်နဲ့ အကြောင်းအမျိုးမျိုးပြပြီး အသနားခံတင်ပြမှု ၊ ပြန်လည်တောင်းခံမှုတွေကိုနေ့စဉ်ကြုံတွေ့နေရတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့က ဆိုထားပါတယ်။

ဒါကြောင့် ဒီလိုင်စင်မဲ့ယာဉ်တွေအနေနဲ့ ကျေးလက်တောရွာတွေမှာပဲ အသုံးပြုဖို့ ၊ အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ယာဉ်တွေအနေနဲ့လည်း ဘားအံမြို့ပေါ်မှာ လုံးဝဖြတ်သန်းသွားလားမောင်းနှင်ခြင်းမပြုဖို့ ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားမလည်ဘဲ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်လို့ ဖမ်းဆီးရမိခဲ့ရင် ဘယ်လိုအကြောင်းအရာခေါင်းစဉ်မျိုးတပ်ပြီးပြန်တောင်းတောင်း လိုင်စင်မဲ့ယာဉ်တွေကို လုံးဝပြန်ပေးမှာမဟုတ်ဘူးလို့ ပြည်နယ်အစိုးရက အတိအလင်းဆိုထားပါတယ်။

ကရင်ပြည်နယ်တွင်းမှာ လိုင်စင်မဲ့ကားကိစ္စနဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့တာ အခုမှမဟုတ်ပါဘူး
ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း လိုင်စင်မဲ့ယာဉ်တွေကို အစိုးရက အသုံးမပြုဖို့ တားမြစ်ထားခဲ့ဖူးပါတယ်။ ဒီအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်တွေကို တရားဝင်လိုင်စင်ထုတ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက “ဒီပြဿနာက အခုမှမဟုတ်ဘူး။ အခု နောက်တစ်ကြိမ်ထပ်ပြီး သတိပေးရတာပါ။ ဒီကားတွေက သောင်ရင်းမြစ်ကိုဖြတ်ပြီးရောက်လာတာ။ အဓိကကတော့ ဒီအ၀င်လမ်းကြောင်းပေါ့နော် သောင်းရင်းမြစ်ကိုဖြတ်ပြီး ဖောင်တွေနဲ့ တင်သွင်းကြတာကို မထိန်းချုပ်နိုင်လို့ ဖြစ်ရတာ။ အဲ့နေရာကိုလည်း အကောက်ခွန်တို့ အဖွဲ့တွေက သွားပြီးတိတိကျကျနေရာမယူနိုင်သေးဘူး။ ဖောင်တွေနဲ့သယ်ပြီးကူးတဲ့နေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နေရာထဲမှာပါနေတယ်” လို့ မှတ်ချက်ပြုပါတယ်။ဒီတရားမ၀င်ကားတွေကို လိုင်စင်ထုတ်ပေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြည်နယ်အစိုးရထံကို တောင်းဆိုပေမယ့် ဒါဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာထဲမှာ မပါတဲံကိစ္စဖြစ်တဲ့အတွက် လုပ်ပေးလို့မရဘူးလို့လည်း ၀န်ကြီးက ဆိုပါတယ်။

“ပြည်ပက ၀င်လာတဲ့ကားတွေကို လိုင်စင်ထုတ်ပေးတာ အခွန်ကောက်တာက ပြည်နယ်အစိုးရလုပ်ခွင့်မဟုတ်ဘူးလေ။ ကျွန်တော်တို့ကလုပ်ပေးလို့မရဘူး။ သူတို့ကားတွေ ၀င်ဖို့ နေရာသတ်မှတ်ထားပြီးသား ။ ဒီအပေါက်က ၀င်ပါ။ အခွန်ဒီမှာဆောင်ပါဆိုတာ။ တစ်ကယ်လို့ လိုင်စင်မဲ့ကားတွေကို ပြည်နယ်အစိုးရက လိုင်စင်ထုတ်ပေးလိုက်ရင်လည်း အစိုးရရဲ့ ဒီစနစ်က ကမောက်ကမတွေဖြစ်ကုန်မယ်” လို့ သူက ထပ်လောင်းဆိုပါတယ်။

ကရင်ပြည်နယ်အတွင်းမှာဆိုရင် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA စတဲ့အဖွဲ့တွေ ရှိပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ BGF တွေလည်း ဒီဒေသမှာရှိနေပါတယ်။မြန်မာ-ထိုင်းနယ်စပ်ဂိတ်ပေါက်ရှိတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်၊ ထိုင်းနိုင်ငံ မဲဆောက်နဲ့ သောင်းရင်းမြစ်တစ်ခုသာခြားတဲ့ ဒေသလည်းဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားတွေ အ၀င်ကတော့ ဒီပြည်နယ်ထဲမှာ အတော်လေးကိုများပါတယ်။လိုင်စင်မဲ့ကားတွေ တင်သွင်းရတာလွယ်ကူတာနဲ့ အညီ ဒေသခံတွေနဲ့ အလွှာအသီးသီး ၊ အဖွဲ့အစည်းအသီးသီးက လူတွေရဲ့ လိုင်စင်မဲ့ကားအသုံးပြုမှုလည်း ဒီဒေသမှာ အတော်လေးကိုများပြားပါတယ်။ဒါကြောင့် လိုင်စင်မဲ့ကားပြဿနာဟာဆိုရင် ကရင်ပြည်နယ်အစိုးရအတွက် ခေါင်းခဲစေတဲ့ပြဿနာတစ်ရပ်အဖြစ် ဒီကနေ့အထိ တည်ရှိနေစဲဖြစ်ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*