လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူ(၁၁၀) ဦးရှိနေဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းထုတ်ပြန်

0
288

လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူ(၁၁၀) ဦးရှိနေဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းထုတ်ပြန်

အောက်တိုဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် လွှတ်ပေးခဲ့သည့် နိုင်ငံရေးဆိုင်ရာအကျဉ်းသားများအား နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့် လွှတ်ပေးခဲ့ခြင်းက စစ်မှန်သောလွတ်မြောက်ခြင်း မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ယနေ့တွင် ဝေဖန်သည်။

အချို့မှာ လွတ်မြောက်စာရင်းတွင်ပါဝင်ခဲ့၍ လွှတ်ပေးရာတွင်ပါဝင်ခဲ့သော်လည်း ထောင်ဗူးဝ၊ ထွက် ပေါက်ရောက်မှ နောက်တိုးမှုဖြင့် ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရသူများရှိသကဲ့သို့ အချို့မှာလည်း နေအိမ်သို့ ပြန်ရောက်ပြီးမှ ထပ်မံ၍ လာရောက်ဖမ်းဆီးခြင်းခံခဲ့ကြရသည်။

ထိုကဲ့သို့ လွတ်မြောက်ပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း သို့မဟုတ် မိသားစုနှင့်နာရီပိုင်းမျှ နေ၍ ထပ်မံဖမ်းဆီးခံရခြင်းသည် ကာယကံရှင် နိုင်ငံရေးဆိုင်ရာ အကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရစေကာ တနည်းအားဖြင့် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပင် ဖြစ်သည်ဟုလည်း အေအေပီပီက ထောက်ပြဝေဖန်သည်။

ယနေ့အချိန်အထိ အေအေပီပီ က ကောက်ခံရရှိသော စာရင်းမှတ်တမ်းအရ လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူနိုင်ငံရေးအကျဉ်းသား အရေအတွက်မှာ (၁၁၀) ဦး ဖြစ်ကာ ပြန်လည်ဖမ်းဆီး၍ တိမ်းရှောင်နေရသူများလည်းရှိနေပြီး အမှန်တကယ် ပြန်လည်အဖမ်းခံရသော အရေအတွက်မှာ ထိုထက်ပိုများမည်ဟုလည်း အေအေပီပီက ခန့်မှန်းသည်။

“ဖမ်းဆီးခံထားရသူတယောက်၏ မျှော်လင့်ချက်သည် လွတ်မြောက်ခြင်းဖြစ်သည်။ ထိုသူများအား လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခြင်းသည် ထိုသူတို့၏ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်”ဟု အေအေပီပီကပြောသည်။

လွတ်မြောက်လာပြီးမှ ပြန်အဖမ်းခံရသည့်ထဲ အဆိုတော်အီတိုးအပါအဝင်မိတ္ထီလာခရိုင်NLDအတွင်းရေးမှူး ကိုသက်မောင်မောင်နှင့်အချို့လည်းပါဝင်သည်။

ပြန်ဖမ်းခံရခြင်းများရှိနေခြင်းက ရဲစခန်းများတွင် အမှုထပ်ဖွင့်ထားသော ပုဒ်မများရှိနေသေး၍ဖြစ်သည်ဟု ရဲအသိုင်းအဝိုင်းကမှတ်ချက်ပြုခဲ့ပြီး ယခင့်ယခင်လွတ်ငြိမ်းများတွင်လည်း အလားတူဖြစ်စဉ်မျိုးများရှိခဲ့ပါသည်ဟု ပြောပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here