ယမုန်ဖတ်ဖို့စာ(၄)

0
303

စိတ်လေစိတ်လွင့်တွေ
အတောင်ပေါက်လာတဲ့ခေတ်ကြီးထဲမှာ
စိတ်ကြွဆေးတွေက ထထပြီး ဓားရေးပြတော့
စိတ်ကျနေတဲ့ အမေ့ခံ ရင်ဘတ်ထဲက
ဒဏ်ရာတွေက ပိုပြီးတော့
နင့်နင့်နာနာဖြစ်လာတယ် ယမုန်။

တောလည်း တောမို့လို့
မြို့လည်း မြို့မို့လို့
မစို့မပို့လေး လုချင် ယက်ချင်
လူသတ်ချင် ဗလက္ကာရ လုပ်ချင် ဆေးချချင်
လုပ်တာလောက်လေးနဲ့တော့
ပုဒ်ထီး ပုဒ်မတွေ စတေ့တပ်ရတာ
လက်ဝင်ပါတယ် ”ယမုန်”
ဟို တိုင် ဒီတိုင် နဲ့ အချိန်ကုန်ခံပြီး
တိုင်တာ တောတာ တွေ
လုပ်မနေပါနဲ့တော့။

တရားဘာဝနာအလုပ်တွေပဲ
”လုပ်မဟဲ့”လို့
စိတ်စွဲခဲ့တဲ့ ဘဝမှာ
တုတ်ပွဲ ဓားပွဲ အနိဠာရုံမြင်ကွင်းတွေကိုပဲ
နေ့စဉ်ထိတွေ့နေရတဲ့ ရပ်ကွက်ထဲက
အမြန်သာ ခွာမှ ဖြစ်တော့မယ် ”ယမုန်” ။

မြေ ပြင် လေပြင် ရေပြင် ရဲ့
သယံဇာတအရင်းအမြစ်
အခြေအနေတွေလည်း
တနေ့တခြားပျောက်ဆုံး သတင်းအမှောင်ဖုံးလို့
တိုင်းပြည်လည်း ခွေးလုံးလုံးဖြစ်
မွဲတေညစ်ခဲ့တာ ကြာလှပေါ့ ။

ဟိုဟင်းချက်လည်း ဂျင်း လာထည့်
ဒီဟင်းချက်လည်း ဂျင်း လာထည့်
ရသာပျက်အောင် ဖျက်နေတဲ့
ဂျင်းထည့်သူတွေလက်ချက်နဲ့
ဘယ်လောက်ကောင်းအောင် ချက်ချက်
ဒီဟင်း တစ်ခွက်က ပျက်နေပြီ ”ယမုန်”။

ဟိုရွှေ့ ဒီရွှေ့ နဲ့
ကွေ့ကွေ့ကောက်ကောက်
အရွေ့တွေရဲ့ မနက်ဖြန်မှာ
ရေ မီး မင်း ခိုးသူတို့နှင့်အတူ
မချစ်ခင် မနှစ်သက်ခြင်းများ
ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်းနှင့်
အကြင်နာတရားကင်းမဲ့မှုများ
အခန်းမကျယ်တဲ့ နှလုံးသား
လက်ကိုင်ထားသူများနှင့်
ခပ်ဝေးဝေးသာ နေနိုင်ဖို့ ကြိုးစားပါတော့ ”ယမုန်”။ ။

မင်းဟန်ထွန်း (တေးသီငှက်)


LEAVE A REPLY

Please enter your comment!
Please enter your name here