ရုရှားက ဆန့်ကျင်သော်လည်း ယူနက်စကိုက ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်ဆာအား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြု

0
313

ပင်လယ်နက်၏ ပုလဲဟု ခေါ်လေ့ရှိသော ယူကရိန်းနိုင်ငံရှိ အိုဒက်ဆာ ဆိပ်ကမ်းမြို့ကို ယူနက်စကိုက ၎င်း၏ ကမ္ဘာ့အမွေအနှစ်စာရင်းထဲသို့ ဇန်နဝါရီ ၂၅ ရက် ဗုဒ္ဓဟူးနေ့တွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။

ရုရှားက ဆန့်ကျင်နေသော်လည်း ယူနက်စက်ိုက အိုဒက်ဆာမြို့သည် ရုပ်ရှင်၊ စာပေနှင့် အနုပညာတို့အပေါ် လွှမ်းမိုးမှုရှိနေသည်ကို အသိအမှတ်ပြုသောအားဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် ကော်မတီ(ယူနက်စကို)ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက မဲခွဲခဲ့ရာ ထောက်ခံမဲ ခြောက်မဲ၊ ကန့်ကွက် တစ်မဲနှင့် ကြားနေမဲ ၁၄ မဲဖြင့် အိုဒက်ဆာကို ကမ္ဘာ့သမိုင်းဝင် နေရာအဖြစ် သတ်မှတ်နိုင်ခဲ့သည်။

ထို့ပြင် ပျက်စီးနိုင်ချေရှိသော ကမ္ဘာ့အမွေအနှစ်စာရင်းထဲပါ ထည့်သွင်းခံထားရသဖြင့် အိုဒက်ဆာသည် မိမိကိုယ်ကို မိမိ ကာကွယ်ရန်နှင့် လိုအပ်ပါက ပြန်လည်ထူထောင်ရေးအတွက်ပါ ယူနက်စကိုက ပေးသော နည်းပညာနှင့် ငွေကြေးဆိုင်ရာ နိုင်ငံတကာအကူအညီများကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

“ဒီနေ့ အိုဒက်ဆာဟာ ယူနက်စကိုရဲ့ အကာအကွယ်ကို ရရှိခဲ့ပါပြီ၊ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကနေ ကျွန်တော်တို့ရဲ့ ပုလဲကို ကာကွယ်ပေးတဲ့ မိတ်ဖက်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု သမ္မတ ဇလန်းစကီးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here