ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်အရ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ထက် ၁ ပေခန့် ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့အပြင် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားသည်။
အလားတူ နန့်ကောင်းချောင်းရေမှာလည်း စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်မှုကို ကြိုတင်သတိပြုကြပြီး လိုအပ်ပါက ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် သက်ဆိုင်ရာဌာနများက နှိုးဆော်သတိပေးထားကြောင်း သိရသည်။