ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလမှာ လွှတ်တော်ပြန်လည်စတင်တဲ့အချိန် ခေါင်းဆောင်သစ်တစ်ယောက် ရောက်လာတော့မှာဖြစ်လို့၊ ဒါဟာ ၁၀ နှစ်အတွင်း ဗြိတိန်နိုင်ငံအတွက် ၇ ယောက်မြောက် နိုင်ငံ့ခေါင်းဆောင်ကို ရရှိတော့မယ့်သဘောပါပဲ။
ဗြိတိန်နိုင်ငံရေးက ရှုပ်ထွေးမှုတွေကို အဆုံးသတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ ၂ နှစ်တောင် မပြည့်သေးပေမယ့်၊ ပါတီဝင်တွေက သူ့ကို ဆင်းပေးစေချင်နေတာ သေချာသွားပြီလို့ စတားမားက ပြောပါတယ်။
သူ့နေရာမှာ အစားထိုးမယ့်သူတွေအတွက် ဇူလိုင် ၉ ရက်နေ့မှာ အမည်စာရင်း စတင်လက်ခံသွားမယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အန်ဒီဘန်ဟမ် (Andy Burnham) ကတော့ နောက်ခေါင်းဆောင်ဖြစ်လာဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
“လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါတီကို ဦးဆောင်ဖို့ ကျွန်တော်က အသင့်တော်ဆုံးလူ ဟုတ်၊ မဟုတ် ဆိုတာကို ပါတီက မေးခွန်းထုတ်လာကြပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ပါတီတွင်းက လွှတ်တော်အမတ်တွေရဲ့ အဖြေကို ကျွန်တော် ကြားသိရပြီးဖြစ်သလို၊ အဲဒီအဖြေကိုလည်း ကျေကျေနပ်နပ်ပဲ လက်ခံပါတယ်” လို့ သူက ပြောသွားပါတယ်။
အမှတ် (၁၀) ဒေါင်းနင်းလမ်း (ဝန်ကြီးချုပ်အိမ်တော်) ရှေ့မှာ မိန့်ခွန်းပြောကြားရာမှာတော့ အာဏာလွှဲပြောင်းတဲ့လုပ်ငန်းစဉ်တွေ စနစ်တကျနဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ သူလုပ်နိုင်တာမှန်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးသွားမယ်လို့ စတားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
