ဝေဟင်ထက်က မိန်းမသား

ဝေဟင်ထက်က မိန်းမသား
March 8, 2017 Asian Fame

2:16 pm
ဝေဟင်ထက်က မိန်းမသား

DawHninOoWaiကြည်လင်လှသည့် ကောင်းကင် ပြာပြာကြီးအောက် တိမ်တောင် တွေက လှချင်တိုင်း လှနေသလို တိမ်လိပ်လေးတွေ ကလည်း ဟို တစ်လိပ် ဒီတစ်လိပ်။ တိမ်လွှာတုံး များကြားထဲတွင် တိမ်မျှင်လေးတွေ လည်းကျိုးတိုးကျဲတဲ။ ဂွမ်းဖြူစ ကဲ့သို့ ဖြူဖွေးလှသည့် တိမ်အဆုပ် လိုက်သည်လည်း နတ်ဘုံအလား။

နေရောင်ခြည် တောက်ပသည့် နေ့များဆိုပါက နေမင်း၏လှပ လွန်းသည့် အလင်းရောင်သည် တိမ်များကို ဖောက်ထွင်း၍ ကမ္ဘာ မြေကို သက်ဆင်းလာသည်။ ထို အခါဖြစ်ပေါ် လာသော ရွှေငွေတန်း လေးများကိုကြည့်ရင်း အိမ်ကို သူမ ပိုလွမ်းရသည်။

နေဝင်ချိန် နီးလာသည်နှင့် မြေ ပြင်ထက်မှ သူမ၏နားခိုရာ တီတီ တာတာ စကားသံများ ရှိရာသို့ ပြေး သွားလိုစိတ်က ပိုပြင်းထန် လာ သော် လည်း ဝေဟင်ထဲပျံသန်းရ သည့် သူမ၏ တာဝန်ကိုသာ ပထမ ဦးစားပေး လုပ်ဆောင်ရသည်။

နေမင်းကြီးက တောင်ကိုမေး တင်၍အနားယူရန် ကမ္ဘာမြေကို နှုတ်ဆက်သလို ငှက်လေးတွေ လည်း အိပ်တန်း တက်ကုန်ကြပြီ။ သို့သော် သူမအတွက် ကတော့ မပြီးသေးသည့် တာဝန်ကိုထမ်း ဆောင်ရင်း ဝေဟင်ထက်မှာ သတိ ကြီးစွာ ပျံသန်းလို့နေသည်။

မတူညီသည့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ ခရီးသွားတို့ ၏ လိုရာ ခ ရီး ကို အန္တရာ ယ် ကင်း ကင်း ဖြင့် ရောက်ရှိရန်၊ မတူညီသည့် နေ့ရက် များ၏ ရာသီဥတုကို သတိဝီရိယ ထားကာ သူမ၏တာဝန်ကို ရာနှုန်း ပြည့် ဂရုစိုက်နေရသည်။ လေ ကြောင်းလိုင်း တစ်ခုအတွက် နံပါတ်တစ် အရေးအကြီးဆုံးမှာ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချ ရခြင်းပင် မဟုတ်ပါလား။

သို့ဖြစ်ရာ လေယဉ်မောင်းနှင် သူ ပိုင်းလော့များက အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသည်။ အထူးသဖြင့် အမျိုးသားများသာ အများဆုံး လုပ်လေ့ရှိကြသည့် လေယာဉ်ပိုင်းလော့ အလုပ်ကို တာဝန်ယူထားသည့် မနှင်းဦးဝေတို့ လို အမျိုးသမီး လေယာဉ်ပိုင်းလော့ များအတွက် အရာရာသည် စိန်ခေါ် မှုများဖြင့် ပြည့်နှက်နေသည်။

”ပိုင်းလော့အဖြစ် အလုပ်ဝင် တော့ တချို့ကတော့ ကူညီပေးကြ တယ်။ ဒါပေမယ့် တချို့ကျတော့  မိန်းမဆိုတဲ့ အမြင်နဲ့မြင်ပြီး အထင် မြင်သေးတာလည်း ခံခဲ့ရဖူးတယ်” ဟု င်္FMI လေကြောင်းလိုင်းတွင် တာဝန် ထမ်းဆောင်နေသည့် ပိုင်းလော့ တစ်ဦးဖြစ်သူ မနှင်းဦးဝေ က ပြောသည်။

အမျိုးသမီး လေယာဉ်မှူး ဘဝ ဖြစ်တည်ရာ

မနှင်းဦးဝေကို ၁၉၈၁ ခုနှစ်တွင် ဦးသိန်းဝင်းနှင့် ဒေါ်မြတ်စိုး တို့မှ မွေးဖွား ခဲ့ပြီး မွေးချင်းနှစ်ယောက် အနက် အကြီးဖြစ်သည် ။ မိဘများသည် သဇင်စား သောက်ကုန်လုပ်ငန်း လုပ် ကိုင်ပြီး  ၄င်း၏ညီမဖြစ်သူ မြတ်သဇင်သည် အင်ဂျင်နီယာ တစ်ဦးဖြစ်ကာ လတ် တလောတွင် စင်ကာပူနိုင်ငံ၌ နေထိုင်လျက် ရှိသည်။

မနှင်းဦးဝေသည် အထက် တန်းအောင်ပြီး နောက်နိုင်ငံတကာ ဆက်ဆံရေး ဘာသာကို တက် ရောက်ခဲ့ပြီး သံတမန် တစ်ဦးဖြစ် ရန် ရည်ရွယ်ချက်ရှိခဲ့သည်။

”ဝါသနာ ပါတာကတော့ အင်ဂျင်နီယာပါ။ ဆယ်တန်းမှာ အမှတ်မမီခဲ့လို့ မတက်ဖြစ်ခဲ့ဘူး။ အခုတော့ ဝေဟင်ထဲမှာ ပျံသန်း နေရ တယ်လေ” ဟု သူမကပြုံး၍ ပြောပြခဲ့သည်။

သူမသည်၂ဝဝ၄ ခုနှစ်မှစ၍ လေယာဉ်မယ် တစ်ဦးအဖြစ် ရပ် တည်ခဲ့ပြီးမှ ၂ဝဝ၇ ခုနှစ်တွင် Air Bagan    ပညာသင်ဆု ရရှိပြီး ပိုင်း လော့ပညာ နှင့်ပတ်သက်၍ မလေး ရှားနိုင်ငံတွင် သွားရောက် သင်ယူခဲ့သည်။

”Air Bagan က ညီမရဲ့ ပထမဆုံး ဘဝသစ်ကို မွေးဖွား ပေးတာပါ။ တစ်ခါမှ လေယာဉ် မစီးဖူးဘဲနဲ့ လေယာဉ်မယ် ဝတ်စုံဝတ်ပြီး အပေါ်ရောက် တဲ့အချိန် ဒူးတုန်တာရော၊ ကြောက်တာရော၊ ပျော်တာ ရော စုံအောင် ခံစားနေရတယ်။ လေယာဉ် ထွက်ပြီးနောက် မူးလို့ အန်တာကတော့ အမှတ်တရ ပါပဲ”   ဟု မနှင်းဦးဝေကပြောသည်။

မလေးရှားနိုင်ငံတွင် ပညာ သင်ကြားစဉ် ပထမဆုံး ပျံသန်းရေး သင်ကြားမှုနေ့တွင် သင်ဆရာ တစ်ဦးနှင့် အတူ လေယာဉ် အသေး အီးဂဲဘရာဘို ၁၅ဝ ကို အတူမောင်းနှင်ခဲ့ပြီး ဆိုလို တစ်ယောက်တည်း မောင်းနှင်ချိန် တွင် ပုံမှန် ပျံသန်းနိုင်ပါ့မလားဟု မိမိကိုယ် ကိုယ် မေးခွန်းများစွာ ထုတ်ခဲ့မိသည်ဟု သူက ပညာသင် နေ့ရက်များ အကြောင်း ပြန်ပြောပြ သည်။

”ဆရာ မပါတော့ကြောက်တာ ပေါ့။ ဝေဟင်ကို တစ်ယောက်တည်း တက်တော့ အဲဒီ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ လေ ယာဉ်ကွင်းကို တစ်ပတ်မောင်းပြီး မြေပေါ်ကိုပြန်ဆင်းနိုင်တဲ့အချိန်မှ ကျွန်မ သက်ပြင်းချနိုင်ခဲ့တယ်”ဟု မနှင်းဦးဝေက စိတ်လှုပ်ရှား ဟန် ဖြင့် ပြောပြ ခဲ့သည်။

hလုပ်ငန်းခွင်ပြင်ပ မိခင်တစ်ဦး၏ဘဝ

မနှင်းဦးဝေသည် ၂ဝ၁၂ခုနှစ် တွင် ကိုသူရဝင်း နှင့် အကြောင်းပါခဲ့ ပြီး သား ဥာဏ်ဘုန်းသူရကို မွေး ဖွားခဲ့သည်။

First Officer တစ်ယောက်  အဖြစ် ခရီးသည် များကို လိုရာခရီး သို့ ပို့ဆောင်ရသည့် တာဝန်သည် အလွန် အရေး ပါသလို မိခင် အိမ် ထောင်ရှင်မ တစ်ယောက် တာဝန် ကို ထမ်းဆောင် ရသည် မှာလည်း သူမ အတွက် အလွန် အရေးပါ ခဲ့သည်။

တာဝန်များ ဆက်နေ၍ ဝေဟင်ထက် ပျံသန်းနေရ သည့် အခါ လေယာဉ်ပျံမြင်တိုင်း မေမေ ကျန်းမာ ပါစေ၊ အန္တရာယ်ကင်းပါ စေဟု မေတ္တာပို့ပေးလေ့ရှိသော သားကို သိပ်လွမ်းမိသည်ဟု သူမ က တွေးတွေးဆဆ ပြောသည်။ ”အလုပ်နဲ့ အိမ်ထောင်ရေး မမျှတရင်လည်း တစ်ဖက်ဖက်ကို ပိုလုပ်ရင် ကျန်တစ်ဖက်က ထိခိုက် နိုင်တယ်။ အဲဒါကြောင့် ဘယ် လောက်ပဲ အ လုပ်တွေ ပင်ပန်းပါစေ။ မိသားစုကို အချိန်ပေးနိုင်အောင် လုပ်ရသလို တာဝန်ကို ကျေအောင် လည်းလုပ်ရတယ်။ ဒါက မိန်းမ တစ်ယောက် ရဲ့ဖြစ်တည်မှုပါ” ဟု သူမကဆိုသည်။

အမျိုးသမီး လေယာဉ်မှူးတွေရဲ့ ကြံ့ကြံ့ခံစိတ်ဓာတ်  

မနှင်းဦးဝေသည် ပြည့်စုံသော မိဘများမှ မွေးဖွားလာသော်လည်း မိမိဘဝရှေ့ရေး အတွက် သူမ ရွေး ချယ်လိုက်သည့် အလုပ်တွင် ရင် ဆိုင် ကြုံတွေ့ရသော အတိုက်အခံ များ၊ အခက်အခဲများကို မိဘများ နှင့် မိသားစုဝင်များ၏ အားပေးမှု ဖြင့် ရပ်တည်နိုင် ခဲ့ခြင်းဖြစ် သည် ဟု ပြောသည်။

လုပ်ငန်း သဘောအရ လေယာဉ်မောင်းနှင်သူ နှစ်ဦးရှိသည်။ မိမိကျသည့် အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရာတွင် ပူးပေါင်း ဆောင် ရွက် မှုသည် အဓိက အရေးပါသည့် အလုပ်တစ်ခုဖြစ်သည်။

”လေယာဉ် မောင်းတာဖြစ်တဲ့ အတွက် ပိုပြီး တာဝန်ကြီးတာမှန်တယ်။ မိန်းမမို့လို့ မလုပ်နိုင်ဘူး ဆိုတဲ့ ကောက်ချက် ချတာကိုတော့ လုံးဝ ကိုမကြိုက်ဘူး။ အခု FMI မှာ အမျိုး သမီး ပိုင်းလော့ သုံးယောက်ရှိတယ်” ဟု မနှင်းဦးဝေက လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ပိုင်းလော့ အမျိုးသမီး များကို လှမ်းကြည့်ရင်း ပြောသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၅၁သန်း ကျော်ထဲတွင် ၂၆ သန်းကျော်သည် အမျိုးသမီး များဖြစ်သည်။ ယနေ့ ခေတ်အချိန်အခါ တွင် အမျိုးသမီး များသည် အမျိုးသားများနှင့် တန်းတူ ရင်ပေါင်တန်းကာ သက် မွေးဝမ်းကျောင်း ပညာရပ်များတွင် ဝင်ရောက် လုပ်ကိုင်လာကြပြီဖြစ် သည်။

”လူကို လူလိုပဲမြင်ပါ။ မိန်းမ၊ ယောက်ျားဆိုပြီး မခွဲခြားပါနဲ့။ လုပ်နိုင်တဲ့သူက လုပ်နိုင်မှာပဲ။ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် သူတို့မှာ ကိုယ်ပိုင် အရည်အချင်း ရှိတယ်။ ခွဲခြားပြီး မိန်းမတွေ အိမ်မှာနေဆိုတဲ့ ခေတ်က ကုန်သွား ပြီ။ အမျိုးသမီး တစ်ယောက်အနေ နဲ့နည်း လည်း ကိုယ်လုပ်တဲ့အလုပ် တစ်ခုကို ယုံကြည်မှု ရှိရှိလုပ်ပါ” ဟု မနှင်းဦးဝေက ပြောသည်။

ညောင်ဦးသို့ ဦးတည် ပျံသန်း ရတော့မည့် လေယာဉ်ဆီသို့ လှမ်း လျှောက်ရင်း ဖုန်းမျက်နှာပြင်ရှိ သားဖြစ်သူ၏ ပုံကို ငုံ့ကြည့်လိုက် ချိန်တွင်တော့ သူမသည် တကယ့် မိခင်တစ်ဦးပင်။ တိုးတက်နေသော ခေတ်ကြီးတွင် ယောက်ျား၊ မိန်းမ ခွဲခြားနေသည့် ရှေးရိုးစွဲ အယူအဆ များကိုလည်း သူမကလက်မခံ။

”မိန်းမတွေက ယောက်ျားတွေ ထက် အလုပ်ပိုလုပ်နိုင်တယ်။ သား သမီးကိစ္စ၊ အိမ်ထောင်ရေး ကိစ္စ၊ အိမ်မှုကိစ္စ၊ မိမိအလုပ်ကိစ္စ တစ် ယောက်တည်းကို လေးငါးမျိုးလုပ် နိုင်တယ်။ ကျွန်မကလက်တွေ့လုပ်နေ တဲ့သူပါ”ဟု မနှင်းဦးဝေကပြောသည်။

လူငယ်တွေ လေယာဉ်မှူး ဖြစ်ချင်ရင်

လေယာဉ်မှူး ဖြစ်ချင်သည့် လူငယ်များ အတွက် ကြိုးစားမှုနှင့် ယုံကြည်မှုသည် အရေးကြီးဆုံး အရာဖြစ်သည် ဟု မနှင်းဦးဝေက အကြံပေး ပြောဆိုခဲ့သည်။

လေယာဉ်ထွက်ခွာရန် အချိန် နီးကပ် လာပြီဖြစ်ရာ  လေယာဉ်၏ ဦးခေါင်းပိုင်းသို့ လှမ်းသည့် သူမ၏ ခြေလှမ်းများက တက်ကြွနေသည်။

”လူငယ် အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ဝါသနာပါရင် ကြိုးစားပါ။ လုပ်ငန်းခွင်မှာ မိန်းမ ယောက်ျား ခွဲခြား ဆက်ဆံတဲ့ အမြင်တွေ ကို မေ့ပစ်ပြီး ငါရအောင် လုပ်မယ် ဆိုတဲ့ ယုံကြည်မှုနဲ့ စတင် ပါ။ တစ်ခါကျရှုံးလို့ စိတ်ဓာတ် မကျ နဲ့။ ယုံကြည်မှုအပြည့်နဲ့ ဆက်ကြိုး စားပါ။ အဲဒါက အရေးကြီးဆုံးသော အနာဂတ် အလင်းရောင်ပါ” ဟု မနှင်းဦးဝေ က ပြောသည်။

FMI လေယာဉ်ပေါ်ရှိ လေ ယာဉ်မှူး အခန်းတွင်းရှိ ထိုင်ခုံ ပေါ်တွင် သူမထိုင်လိုက်ပြီးနောက် လူငယ်များ စိတ်ဓာတ် ခွန်အား ဖြစ်စေ သည့် စကားတစ်ခွန်း ကို ပြုံး ၍ ပြောပြခဲ့သည်။

”ကိုယ် မလုပ်နိုင်တော့ဘူးလို့ ဘေးက ဝိုင်းပြောနေတဲ့ အခိုက်ကြုံ လာခဲ့ရင် လက်နှစ်ဖက် မပါသော် လည်း အံ့သြဖွယ်ရာ စွမ်းဆောင် နိုင်ခဲ့ တဲ့ လေယဉ်မောင်း အမျိုး သမီးလေး ဂျက်စီကာကို ပြေးပြီး သတိ ရစေချင်ပါတယ်”ဟုအားပေး စကားပြော ရင်း ဝေဟင်ထက်ဆီ ပျံသန်းရန် သူမ အသင့်ဖြစ်ခဲ့ပြီ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*